အပိုင်း ၇

3K 388 14
                                    

ရဲတိုက်နန်းတော်ပြင်ပတွင် နှင်းစက်များ သိပ်သည်းစွာဖြင့် ဖွေးဖွေးကျနေသည်။ ခပ်ပြင်းပြင်းတိုက်ခတ်နေသော လေပြင်းက ရောင်စုံမှန်ကာ ပြတင်းပေါက်များကို ခပ်ကြမ်းကြမ်းတိုးဝင်သည်။ မည်းမည်းမှောင်နေသော စာကြည့်ခန်းထဲတွင် ရပ်တန့်နေသော အမျိုးသမီးတစ်ဦး၏ အရိပ်တစ်ခု။ အဖြူရောင်ဝတ်ရုံပါးခြုံထားကာ လှုပ်ရှားမှုကင်းမဲ့သော သရဲတစ္ဆေတစ်ကောင်လို။

ပြင်ပမှ လေးလံသော ခြေသံအချို့ထွက်ပေါ်လာပြီး တံခါးခေါက်သံသဲ့သဲ့။ အမျိုးသမီးသည် လှည့်မကြည့်။ သူမနောက်မှ စာကြည့်တိုက်ခန်းမကြီးတံခါးသည် ခပ်ဖြည်းဖြည်းတွန်းရွှေ့ပွင့်သည်။ လှမ်းဝင်လာသော ရှိန်းမာန်ရာသည် တစ်ပတ်လုံးလုံး အနားယူခဲ့ပြီးဖြစ်သည့်တိုင် ဖြူဖျော့နေသေးသည်။ တောက်ပမှုမရှိသော ဝတ်စုံ၊ စေးထိုင်းလျက်ရှိသော ဆံစများကြောင့် သူ့နဂိုခန့်ညားမှုမျိုး ရှိမနေ။ အခန်းတံခါးကို သတိထားကာ ပြန်ပိတ်သည်။ ရပ်နေသူထံ နှေးကွေးဟန်ချက်မညီသော ခြေလှမ်းများဖြင့် လျှောက်လာသည်။

ရှဲ ခနဲမြည်သော မီးခြစ်သံနှင့်အတူ ဆီမီးအိမ်လေး လင်းထိန်သွားသည်။ မှိန်ဝါးသော မီးရောင်အောက်မှ ချောမောခန့်ညားသော မိဖုရား၏ အကြည့်များသည် မာထန်မှုအပြည့်။ အကြည့်ချင်းမဆုံရဲစွာ ခေါင်းငုံ့ထားသော သားဖြစ်သူကို အလိုမရစွာ နှုတ်ခမ်းများကို ဖိကိုက်သည်။

"ရှိန်းမာန်ရာ.. နင် ဘယ်သူလဲ"

စကားလုံးများက အေးစက်သော သံမဏိဓါးသွားများလို ပြင်းထန်စွာ ရိုက်ခတ်သည်။ ဒီမေးခွန်းသည် သူ့အတွက် အထူးအဆန်းမဟုတ်။ အပြစ်တစ်ခုခု လုပ်မိတိုင်း၊ မိခင်အလိုကျ မနေမိချိန်တိုင်းမှာ ဒီမေးခွန်းနှင့် သူ့ဘဝမှန်ကို ပြန်သတိပေးတတ်မြဲ။

"ငါ့ မျက်နှာကိုကြည့်စမ်း၊ ငါ မေးနေတယ်၊ နင် ဘယ်သူလဲ"

"ကျွန်... ကျွန်တော်.. တောင်းပန်ပါတယ်"

တောင်းပန်စကားက မိခင်ဒေါသကို ပို၍ နှိုးဆွလိုက်သလိုပင်။ လက်ကောက်ဝတ်ကိုဆွဲကာ ဆောင့်ခေါ်သည်။ နံရံဆေးရေးပန်းချီများနှင့် ပြည့်နှက်နေသော အနားထိရောက်အောင် ဆွဲခေါ်သည်။ ယိမ်းယိုင်သော ခြေလှမ်းများကြားမှ ရှိန်းမာန်ရာ မရုန်းရဲ။ အခန်းတစ်ခုလုံး ချာချည်လည်နေသလိုမူးနောက်နေဆဲ။ လျှာဖျားပေါ်မှ ခါးသက်သက်အရသာကိုပါ ဆိုးဝါးစွာ ခံစားရသည်။ တဆစ်ဆစ်နာကျင်ကိုက်ခဲနေပြီး နေရာတွင်ပင် ထိုးအန်လိုက်ချင်စိတ်ကို အတင်း အောင့်ထားရသည်။

~  မှိုင်းမြူရစ်နွယ် ~Where stories live. Discover now