အပိုင်း ၂၈

2.2K 344 35
                                    

တောင်တန်းဒေသဖြစ်၍ နွေရာသီတွင်လည်း အပူချိန်သည် မြင့်မားခြင်းမရှိ။ ခန်းမကြီးထဲတွင် လေပြည်အေးက ဖြည်းသာသာတိုက်ခတ်နေသည်။ သို့သော် စုဝေးရောက်ရှိနေသူများ၏ ဒေါသကြောင့် ပူလောင်မှုက ကြီးစိုးနေသလို။ ယခင်အင်ပါယာရှင် ဆုံးပါးအပြီးလေးနှစ်အကြာတွင် ပြည်နယ်တာဝန်ခံများ၊ ဘုရင်ခံများ၊ အရေးပါသောအမတ်များသည် နောက်တစ်ကြိမ်ပြန်လည်စုဝေးနေကြသည်။ လပိုင်းအတွင်း ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များမှာ များပြားလွန်းသလို မြန်ဆန်လွန်းခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ အဆိုးဝါးဆုံး အခြေအနေများကို အားလုံးအတူ ကာကွယ်နိုင်ခဲ့သည်ဟု ဆိုနိုင်လိမ့်မည်။

ကျူးကျော်လာသူများကို မင်းရိပ်မုန်းကိုယ်တိုင် ဦးဆောင်ပြီး အချိန်မီ တားဆီးနိုင်ခဲ့သည်။ သို့သော် အထိအခိုက်များ ရှိခဲ့သည့်အပြင် သူသည်လည်း တိုက်ပွဲတွင် ဒဏ်ရာရခဲ့သည်။ ပခုံးနေရာကို လေးလံလှသော သံဒိုင်းဖြင့်ခုတ်ချခံခဲ့ရခြင်းဖြစ်၍ ဒဏ်ရာပြင်းထန်ခဲ့သည်။ သမားတော်များ၏ ကျွမ်းကျင်မှုကြောင့် လက်တစ်ဖက် ဆုံးရှုံးရမည့်အရေးမှ​ ကယ်တင်နိုင်ခဲ့သော်လည်း အရင်တိုင်းပြန်ဖြစ်ဖို့ မလွယ်တော့။

တိုက်ပွဲသည် ပြင်းထန်ခဲ့သည်။ တစ်ဖက်တပ်သားများသည် အရေအတွက်အားဖြင့် များပြားလှသည်။ ရုတ်တရက် စုဆောင်းပြင်ဆင်ရသည်ဖြစ်သောကြောင့် စစ်ကူမလာမီ ရှိသမျှအင်အားစုပြီး ခုခံကြရသည်။ မင်းရိပ်မုန်းကံကောင်းခဲ့သည်မှာ မုတ်ဆိတ်ပါးသိုင်းမွှေးများနှင့် လူရိုင်းပုံစံဖြစ်နေသော သူ၏အသွင်အပြင်ကြောင့် တစ်ဖက်ရန်သူများက ဦးဆောင်နေသူမှာ သူမှန်းမသိခဲ့ခြင်းပင်။ မဟုတ်လျှင် စစ်ကူမရောက်လာမီ သူ့ကို အသေရရ အရှင်ရရ လိုချင်နေသူများလက်ထဲတွင် အသက်ရှင်ဖို့ လွယ်မည်မဟုတ်။ 

စစ်ပွဲနိုင်သော်လည်း ပြင်းထန်သောဒဏ်ရာနှင့် ပြန်လာရသူကြောင့် လူတိုင်းမပျော်နိုင်ခဲ့ကြ။ မင်းရိပ်သည် ထိုဒဏ်ရာနှင့် ရက်သတ္တပါတ်ပေါင်းများစွာ အိပ်ရာထဲ လဲနေခဲ့သည်။ ယခုချိန်ထိ နောက်ထပ်အင်ပါယာရှင်အရိုက်အရာကိစ္စကို မည်သူမှ ယတိပြတ် မဆွေးနွေးနိုင်ခဲ့။ အများစုက မင်းရိပ်မုန်းကို ထောက်ခံကြသော်လည်း မကျေနပ်နိုင်သော လူအနည်းစုလည်းရှိသည်။ အားလုံး၏တူညီသော မကျေနပ်ချက်ကတော့ ရှိန်းမာန်ရာတို့အတွက်ပြစ်ဒဏ်ကို ယခုထိ မဆုံးဖြတ်ရသေးခြင်းဖြစ်သည်။ ယခုလည်း ထိုပြဿနာသည် အတူရှိနေကြချိန်မှာ အားလုံးကို လောင်မြှိုက်စေသော ပင်မအကြောင်းအရာ ဖြစ်နေသည်။

~  မှိုင်းမြူရစ်နွယ် ~Where stories live. Discover now