အပိုင်း ၃၃

2.4K 352 37
                                    

 ယနေ့ညတွင်မှ လေတိုက်နှုန်း ပြင်းထန်နေသည်။ ထင်းရှူးတောအုပ်များကို ဖြတ်သန်းလာသော လေကြမ်းသည် တောတန်းကျောက်ဆောင်များကြားတိုးဝင်ရသည့်တိုင် အရှိန်မလျော့။ ရေချိုးဆောင်ရှေ့တွင် ရပ်စောင့်နေသည့် ဘီလူး၏ ဝတ်ရုံအနားစသည် တဖျတ်ဖျတ်လွင့်၍နေသည်။ ညနေခင်းတစ်ခုလုံး ရေချိုးဆောင်ထဲ အချိန်ကုန်နေသည့် သူငယ်ချင်းဖြစ်သူကို နားမလည်နိုင်။

ရေမိုးချိုးကာ သန့်ပြန့်သော အဝတ်အစားများနှင့် ထွက်လာသူ၏ မျက်နှာသည် ကြည်လင်နေသည်။ ပေါ့ပါးသော သာမန်ဝတ်စုံသည် ဖြူသန့်နေသည့်အပြင် ပါးလျပ်လျပ်ဖြစ်ကာ နေလောင်ထားသော အသားရောင်သည် ထင်းနေသည်။ ရေစိုနေသေးသည့် ဆံစအချို့ လေပြင်းကြောင့် မညီမညာ ရုန်းကြွသည်။

"ဟား.. လန်းသွားတာပဲကွာ"

"မင်း ကြာနေလို့ ငါ စိတ်ပူနေတာ.."

"ကြာသွားလို့လား.."

"မင်း အခုရက်ပိုင်း ဘာဖြစ်နေလဲ"

ဘီလူး သည်းမခံနိုင်တော့သလို မေးသည်။ မည်မျှပင် အလုပ်ရှုပ်ပါစေ။ ညအချိန်ရောက်သည်နှင့် အခန်းပြန်ရန် ဘယ်တော့မှ မပျက်ကွက်ခဲ့သူသည် အခုရက်ပိုင်းတွင်း ပြောင်းလဲသွားသည်။ ညနေစာကို အခြားသူများနှင့် အတူစားလျှင်စားသည်။ သူတို့အိမ်သို့ ရောက်လာပြီး သူ့အမျိုးသမီးလက်ရာကို အားရပါးရ စားလျှင်စားသည်။ ထို့နောက်မှာတော့ အိပ်ခန်းပြန်ဖို့ စကားမဟဘဲ ညည့်နက်သန်းခေါင်ထိ နေလျှင်နေသည်။ သူငယ်ချင်းဖြစ်သူသည် ဘီလူးမေးသည်ကို မဖြေဘဲ သူ သိလိုရာကိုသာ ပြန်မေးသည်။

"ရှားထက် ကိစ္စ ဘာကြားသေးလဲ"

"ဟင့်အင်း..."

"အခုလောက်ဆို သူ့ဆီက သတင်းရသင့်ပြီ"

"သူ အဆင်ပြေတာနဲ့ အကြောင်းကြားမှာပါကွာ"

"ဒီမှာရော.. ငါ ပြောတဲ့အတိုင်း မင်းလုပ်ရဲ့လား"

"အေး.."

"ဘာသံကြားလဲ"

"အေးဆေးပဲ.."

မင်းရိပ် ကျေနပ်သွားသလို ခေါင်းညိတ်သည်။

~  မှိုင်းမြူရစ်နွယ် ~Where stories live. Discover now