အပိုင်း ၂၃

2.3K 327 34
                                    

ရှားထက်နိုင်ထွက်ခွာသွားချိန် စာကြည့်ခန်းမကြီးသည် တိတ်ဆိတ်ကျန်ရစ်ခဲ့သည်။ ထင်းရှူးသားနံ့နှင့် စာအုပ်ရနံ့များ သင်းသင်းပျံ့သော ခန်းမကြီးထဲရှိ နံရံဆေးရေးပန်းချီကားကြီးကို ရှိန်းမာန်ရာ ဆက်မမြင်ချင်တော့။ လိုက်ကာနီကို ဖယ်ကာ ပြင်ပသို့လှမ်း၍ကြည့်သည်။

နှင်းပွင့်များ သိပ်သည်းစွာ ကျဆင်းနေဆဲဖြစ်သည်။ နှင်းပွင့် နှင်းစက်များသည် ထင်းရှူးကိုင်းများ ကိုင်းညွှတ်စေသည်အထိ အထပ်ထပ် ဖုံးကာ လေးလံနေခဲ့ပြီ။ မြင်ကွင်းများ မရှင်းသော်လည်း ဖြစ်ရပ်များစွာ၏ ပုံရိပ်များကို မြင်ယောင်သည်။ တစ်သက်တာလုံး အချိန်ပေါင်းကြာမြင့်စွာ သူ အပြင်ကို ငေးကြည့်ခဲ့ဖူးသည်။ ထွက်ပေါက်မရှိသလို ပိတ်လှောင်ခံစားရမှုများနှင့် ယှဥ်တွဲကြီးပြင်းခဲ့သူ။ အကြိမ်ပေါင်းများစွာ လွတ်မြောက်ချင်သော်လည်း လှောင်အိမ်အထပ်ထပ်ကို တည်ဆောက်နေခဲ့သူမှာ မိမိကိုယ်တိုင်သာ။

နောက်နားဆီမှ တံခါးတွန်းဖွင့်သံကို ကြားရသော်လည်း လှည့်မကြည့်ဖြစ်။

"ဒီတစ်ခါတော့ အရိုအသေမပေးလည်း ရတယ်နော် ရှိန်း.."

ကြားနေကြဖြစ်သော ရယ်သံရောသည့် စကားသံ။ ရေချိုးပြီးကာစ ဖြစ်ပါလိမ့်မည်။ မိမိနားလျှောက်လာပြီး နံရံကို ကျောပေးမှီရပ်သူထံမှ ရင်းနှီးနေကြ ဆပ်ပြာရနံ့ကို ရလိုက်သည်။ ထိုသင်းရနံ့နှင့်အတူ သတိရမိသည့် ဖြစ်ရပ်အချို့။ ရင်ခွင်ထဲမှာ ခံရခက်သည်အထိ နာကျင်စေသည်။ အမြင်မဝါးရအောင် မျက်တောင်ပုတ်ခတ်ရင်း ခေါင်းကြည်သွားဖို့ ကြိုးစားသည်။ မျက်နှာချင်းမဆိုင်၍ မရသည့်အခြေအနေမှာ တည်ငြိမ်စွာ လှမ်းကြည့်ဖြစ်သည်။ 

"ရှိန်း.. အရေးကြီးကိစ္စမဟုတ်ရင် မနက်မှ ပြောမလား.. ငါ ဒီည သိပ်အဆင်မပြေဘူး.."

မှုန်မှိုင်းနေသော မျက်လုံးများတွင် မြင်နေကြ အားမာန်တို့ ရှိမနေ။ ဖျော့တော့လွန်းသည်။ ရှိန်းမာန်ရာ ပြုံးလိုက်သည်။

"ငါ တစ်သက်လုံး ကြုံခဲ့ရတဲ့ အတွေ့အကြုံမျိုးကို တစ်လလောက်နဲ့ မင်းခံနိုင်ရည် မရှိတော့ဘူးလား.."

~  မှိုင်းမြူရစ်နွယ် ~Where stories live. Discover now