အပိုင်း ၁

17K 881 18
                                    

တောင်တန်းမြင့်များသည် ပင်လယ်ပြင်ထက်တွင်ရှိနေသော လှိုင်းလုံးများသဖွယ် မြင်ကွင်းတစ်ဆုံး ဖြစ်တည်ရှိသည်။ နှင်းဖြူများဖုံးအုပ်ထားသော ထိုတောင်တန်းများသည် အနိမ့်အမြင့်မတူညီစွာ ကျောက်တစ်ထပ် သဲတစ်ထပ် တည်ရှိခဲ့သည်မှာ နှစ်ပေါင်းထောင်ချီခဲ့ပြီ။ တောင်ချွန်းတောင်စွယ်များသည် မြင်ကွင်းတစ်ခုလုံး နေရာလွတ်မရှိအောင် ပြာလွင်သော ကောင်းကင်ပြင်အောက် နေရာယူထားကြသည်။

နှင်းဖုံးကျောက်စိုင်တောင်မြင့်ကြီး၏ တောင်စောင်းနံရံကပ်လျက်တွင်မူ ကျောက်တံတိုင်းရှည်ကြီးကာရံထားသည်။ တံတိုင်းကြီး၏ ထောင့်နေရာများတွင်ရှိသော မြင့်မားသောမျှော်စင်များသည် မည်သည့်အရပ်မှ ရန်သူများ ချဥ်းကပ်၍မရအောင် ဟန့်တားထားသလို။ လက်ရာမြောက်စွာ သရုပ်ဖော်ပုံများနှင့် ကြေးတံခါးကြီးသည် တံတိုင်းကြီး၏ တစ်ခုတည်းသော ထွက်ပေါက်ကို ပိတ်ကာထားသည်။

တံတိုင်းကြီးအတွင်းတွင်တော့ အဆောင်ပေါင်းများစွာ၊ အခန်းပေါင်းများစွာနှင့် ဖွဲ့စည်းထားသော ရဲတိုက်နန်းတော်ကြီးတစ်ခု။ အင်ပါယာရှင်နှင့် အနီးစပ်ဆုံးမိသားစုဝင်များသာနေထိုင်ပြီး သာမန်ပြည်သူများ အနားပင်မကပ်နိုင်သည့် သီးသန့်နေရာသည် နန်းတော်ထက် ပိတ်လှောင်ခံ ထောင်နန်းကြီးတစ်ခုပမာ။ ထူထပ်စွာချထားသော အစောင့်စစ်သားများကိုသာ နေရာတိုင်းတွင် မြင်နေရသည်။

စိမ်းစိုသည်ဟု ပြောရခက်သည့် ဥယျာဥ်ကြီးသည် တံတိုင်းခတ်ထားသော ဝန်းကြီး၏ ညာဘက်ထောင့်နေရာတွင် တည်ရှိသည်။ ရေခဲပြင်များ ပျော်ကျရာမှ စီးဆင်းလာသော ရေကြည်ပေါက်များသည် တောင်စောင်းနံရံ ကျောက်ဆောင်များကြားမှ ရေတံခွန်ငယ်တစ်ခုသဖွယ် စီးဆင်းလျက် စမ်းရေအသွင် ဥယျာဥ်ကြီးထဲ ဖြတ်၍စီးသည်။ စီးဆင်းရာ လမ်းတစ်လျှောက် စိမ်းလဲ့ပြာသော ရေကန်ငယ်ကို ဖန်ဆင်းထားခဲ့ပြန်သည်။

ပတ်လည်ဝန်းရံထားသော နှင်းဖုံးတောင်တန်းရိပ်သည် ကန်ရေပြင်တွင် ထင်ဟပ်လျက်ရှိသည်။ ဥယျာဥ်ကြီးထဲတွင် ထင်းရှူးပင်များကို ပုံစံမျိုးစုံဖြင့် ခမ်းနားစွာ ပုံဖော်အလှဆင်ထားသော်လည်း ပတ်ဝန်းကျင်၏ အေးခဲမှုကို ဖုံးကွယ်မရ။ ပန်းပွင့်မဝေ၊ သစ်ရွက်မကြေသောနေရာတစ်ခု။ ကျောက်ကပ်ပင်နွယ်များနှင့် ပန်းပွင့်အချို့မှလွဲလျှင် အရာရာသည် လူသားများ ဖန်တီးထားသည့် ကျောက်သားထုရုပ်ပုံများဖြစ်သည်။ ထွင်းထုထားသည့် တောင်တန်းတိရစ္ဆာန်များနှင့် သူရဲကောင်းရုပ်တုများသည်ပင် နှင်းပွင့်များကြောင့် ဖုံးအုပ်လုနီးနီး။

~  မှိုင်းမြူရစ်နွယ် ~Where stories live. Discover now