အခန်း ၅၀ (Chapter 50)

4.1K 346 13
                                    

(Unicode Version)

'နေရဲမာန်'၏ ဒိုင်ယာရီ

၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ ၁၇ရက်

အခုတလော မေမေ့ကို သွားစောင့်ကြည့်ပေးနေရပြီး ကုမ္ပဏီကိစ္စလေးတွေကိုလည်း ဝင်လုပ်ပေး‌‌နေရတော့ 'ဇေယျနောင်'ကို သေချာဂရုမစိုက်ပေးမိသလို ဖြစ်နေရပြီ။ သူ့ကို ဆယ်တန်း ပြန်တက်ခိုင်းဖို့လည်း စိတ်ကူးရှိပေမယ့် ငါ မအားတာနဲ့ အကောင်အထည် မဖော်ရသေးဘူး။ သူက ဉာဏ်ကောင်းတဲ့သူဆိုတော့ ကျူရှင်သွားမတက်ချင်ရင်တောင် ငါ စာပြန်သင်ပေးတာနဲ့ နားလည်နိုင်တာပဲ။ သူ့အတွက် ‌ကျောင်းစာအုပ်လေးတွေ သွားဝယ်ပေးထားရင် ကြိုလေ့လာလို့ ရသွားမှာ။ မေမေ့ဆီ သွားဖို့ ပြင်ပြီးသွားမှ ငါ့ခြေလှမ်းတွေက အိမ်ဘက်ကို ပြန်လှည့်လာခဲ့ရတယ်။ ဒါပေမဲ့ သူက အိမ်မှာမရှိဘဲ ဈေးကို ထွက်သွားပြီ ထင်ပါရဲ့။ ငါလည်း သူ ပြန်လာတာကို ခဏစောင့်နေလိုက်မိတယ်။ သူ ပြန်လာတော့ ဘေးမှာ မြင့်မ်ုရ်ဟိန်းဆိုတဲ့ကောင်က ပါလာတယ်လေ။ ဒါဆို သူတို့နှစ်ယောက်က ဈေးကို အတူတူသွားခဲ့ကြတာပေါ့။ ဒေါသထွက်ပြီးတော့ ငါ စကားတွေလည်း လွန်ခဲ့မိတယ်။ ငါ သူ့ကို ဂရုစိုက်တာ‌တွေ၊ သဝန်တိုတာတွေ၊ စိတ်ဆိုးတာတွေ၊ ဒါတွေအားလုံးက ချစ်လွန်းလို့ ဖြစ်သွားရတာတွေချည်းပဲဆိုတာ သူ သိရင် သိ‌ပ်ကောင်းမှာပဲ။ 'ကိုယ် မင်းကို သိပ်ချစ်တာ...ဇေယျနောင်ရဲ့။ မင်းရဲ့အနားမှာ ကိုယ်ကလွဲပြီး ဘယ်သူ့ကိုမှ မရှိစေချင်ဘူး။ ကိုယ့်ကို အတ္တကြီးတဲ့သူလို့ မင်း ပြောရင်လည်း ခံယူရတော့မှာပဲ။ မင်းနဲ့ ပတ်သက်လာရင် ကိုယ့်ခံစားချက်တွေက အဆုံးစွန်ထိ ရောက်သွားတတ်တာ။ ချစ်ရင်လည်း အဆုံးထိ၊ အတ္တကြီးရင်လည်း အဆုံးထိပဲပေါ့။ မပါတာကတော့ အမုန်းပဲ။ မင်း ဘယ်လိုပဲနေနေ၊ ကိုယ့်ကို ဘာတွေပဲ လုပ်လုပ် မင်းကို မုန်းဖို့ဆိုတာက ကိုယ့်အတွေးထဲမှာတောင် မရှိခဲ့ဘူး။'

---------------


၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ ၃၁ရက်

မေမေ့ရဲ့အခြေအနေကို ဆရာဝန်ကြီးတွေဆီက သိခဲ့ရပြီ။ အားလုံးကတော့ လက်လျှော့လိုက်ဖို့ ပြောကြတယ်။ မေမေကိုယ်တိုင်ကလည်း သိနေတဲ့ပုံစံပါပဲ။ သူ့ပုံစံက အားလုံးကို လိုက်နှုတ်ဆက်နေသလိုမျိုး ဖြစ်နေတာ။ သူ စိတ်ချမ်းသာအောင် လိုက်လုပ်ပေးတာက လွဲပြီး ငါတို့ ဘာလုပ်ပေးနိုင်ဦးမှာလဲ!? မေမေက ငါ့ကို ဖွင့်ပြောပြတယ်။ ဆုံးသွားတဲ့ ဖေဖေ့ကို သူ အရမ်းချစ်ခဲ့တယ်တဲ့။ အခုလက်ရှိ သူ့အမျိုးသားနဲ့ လက်ထပ်ခဲ့တုန်းကလည်း ဖေဖေ့ကိုပဲ သတိရနေခဲ့တာတဲ့လေ။ ဒါပေမဲ့ အခုလိုမျိုး နာမကျန်းဖြစ်တဲ့အချိန်မှာ သူ့အမျိုးသားက မေမေ့အနားကနေ စွန့်ခွါမသွားဘဲ စောင့်ရှောက်ပေးနေတာကို တွေ့ရတော့ တစ်သက်လုံး တာဝန်မကျေခဲ့သလို ခံစားလိုက်ရတာပေါ့။ ငါက မေမေ့ရဲ့သားပဲဆိုတာကို သူ့အမျိုးသားကို ဖွင့်ပြောပြတော့ အဲ့ဦးဦးက သူ ရိပ်မိပြီးသားပါတဲ့။ ခဏလေးပဲဖြစ်ဖြစ် ‌သူ့ကို ဂရုစိုက်ပေးပြီး မေတ္တာတွေ မျှဝေပေးချင်တယ်လို့ မေမေက ပြောတယ်။ မေမေ့ဆန္ဒအားလုံးကို ငါ ဖြည့်ဆည်းပေးရမှာပေါ့။ သူတို့နှစ်ယောက် အတူနေဖို့ အချိန်လေးရှိသွားအောင် 'ဇေယျနောင်'ကို ခေါ်ပြီး ငါ ထွက်လာခဲ့ရတယ်။ မနက်ဖြန်မှ ထုတ်ပြဖို့ လုပ်ထားတဲ့ နေရာလေးဆီ 'ဇေယျနောင်' ကို ငါ ခေါ်သွားခဲ့မိတယ်။ သူလည်း ဒီနေရာလေးကို သဘောကျတယ် ထင်ပါရဲ့။ ငါတို့ရဲ့ခြေထောက်ပေါ် ငါတို့ရပ်တည်နိုင်တဲ့ တစ်ချိန်ကျရင် ဒီနေရာလေးမှာ အချစ်အိမ်လေးတစ်ခု တည်ဆောက်ပြီး တစ်သက်လုံး အတူနေသွားကြမယ်။ အရမ်းလှတဲ့ စိတ်ကူးလေးအတွက် သူ့ဆီက အဖြေလေးတစ်ခုတော့ လိုတာပေါ့။ ဒါပေမဲ့ သူက အနမ်းလေးတစ်ပွင့်နဲ့ ငါ့ကို အဖြေပေးခဲ့တယ်လေ။ ဒီအချိန်လေးအတွင်းမှာ ဘဝကြီးက ပြီးပြည့်စုံသွားသလိုပဲ။ ချစ်တဲ့သူအတွက် ငါ ဆက်ပြီး ကြိုးစားရမှာပေါ့။ ငါတို့ရဲ့ပတ်သက်မှုကိုလည်း လူတွေအားလုံး သိအောင်လို့ ဖွင့်ပြောဖို့ ငါ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ သူက အဲ့လိုမျိုးကို သဘောမကျဘူးလေ။ စိတ်မကောင်းဖြစ်မိပေမယ့်လည်း သူ့အတွက် ဘယ်လောက်ပဲကြာကြာ ငါ စောင့်နိုင်ပါတယ်။ နှစ်သစ်ကူးဆုတောင်းသံကို ကြားရတဲ့အချိန်က ဒီလောကကြီးထဲကို ငါ့ချစ်သူလေး ရောက်ရှိလာတဲ့ အချိန်ပဲ။ သူ့ပါးပြင်လေးကို နမ်းပြီး မွေးနေ့ဆုတောင်းပေးလိုက်မိတယ်။ 'ကိုယ့်ဘဝထဲကို ဝင်လာပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်... ကလေးလေးရယ်...'

ကျိန်စာတစ်ခုဖြင့် ရစ်နှောင်ထားသော                             (Bound By A Curse)Where stories live. Discover now