အခန်း ၇ (​ဒုတိယပိုင်း)

45 1 0
                                    

ညသန်း​​ခေါင်အချိန်တွင်အစီအရီမရှိမြှုပ်နှံထားသော​တောင်ပို့များအထက်၌ကွေး​နေ​သောလဆုတ်မှာအ​ရှေ့ဘက်တွင်အေးစက်စွာရယ်​နေ၏။​အုတ်ဂူများ​လဲနေရာတိုင်းရှိ​နေသည်။ပျက်ဆီး​နေ​သောမီးတိုင်များနှင့်ကွဲ​ကြေ​နေ​သောကမ္ပည်းတိုင်များကြားတွင်ဟိုတစ်စဒီတစ်စဖြင့်အပင်တစ်ချို့​ရော​ထွေး​ကာပေါက်​ရောက်​နေသည်။​ဗလာသက်သက်သာရှိ​သောသစ်ကိုင်းများမှာသေးလဲ​သေးသလိုပုလဲပု၍အရိပ်ကျရာ၌တစ္ဆေလက်သည်းနှင့်ပင်ထူးမခြားနားတူ​နေ၏။

​ထောင့်စွန်းရှိအုတ်ဂူနှစ်ဂူကြား​မြေကွက်လပ်တွင်ရွာသားပုံစံလူတစ်​ယောက်လဲ​လျောင်း​နေ၏။အသိစိတ်မရှိ​တာကြာပြီလို့ထင်ရပြီး​ဘေးဘက်အနီးအနားတွင်​ဝေဝါးကာပါးလွှာ​၍​ဖောက်ထွင်းမြင်ရသောမြူခိုးလိုအရိပ်ကသူ့ကိုယ်ပေါ်သို့ကျ​ရောက်​နေသည်။ဒဏ္ဍာရီထဲမှ​သွေးစုပ်ဖုတ်​ကောင်ကဲ့သို့အသက်ဓါတ်များမှာနှာ​ခေါင်းမှအဆက်မပြတ်ထွက်လာပြီးအရိပ်၏စုပ်ယူခြင်းကိုခံ​နေရသည်။

အရိပ်ကကြာ​လေ​လေအစစ်အမှန်ကဲ့သို့​ပြောင်း​လာလေဖြစ်ပြီးဟိုလူက​တော့ပို၍ပင်အသက်မဲ့ပုံ​ပေါက်လာသည်။

"လတ်စသတ်​တော့ပြဿနာရှာ​နေတဲ့သူကမင်းပဲ၊ ​
လေမိစ္ဆာ?"

အရိပ်လဲထိတ်လန့်တကြားကိုယ်ကိုလှည့်လိုက်သည်။လာ​သောသူက​ကောင်းကင်ထက်တွင်တိတ်ဆိတ်စွာတည်ရှိ​နေ၏။အ​နောက်တွင်​အေးစက်​သောလမင်းကြီးအားခပ်မြင့်မြင့်ချိတ်ဆွဲထားသည်။မြင်ရသည်မှာလထဲမှလာသလို။ဝတ်ရုံဖြူကလေထဲ၌ဖုန်မှုန့်များကင်းကွာလျှက်နိမ့်ချည်မြင့်ချည်လွင့်ပျံ​နေသည်။​ခြေ​ထောက်​အောက်ရှိတလက်လက်​တောက်​ပြောင်​နေ​သောဓါးရှည်မှာရေလှိုင်းလုံးများကဲ့သို့လှုပ်ခတ်​နေသည်ကလဲကြော့ရှင်းလှသည်။သာမန်စကားလုံးများနှင့်နှိုင်းယှဥ်ဖို့ရာခက်ခဲ​ပေသည်။

"လူ​တွေရဲ့အသက်ဓါတ်ကိုထုတ်ယူပြီးအသက်အန္တရာယ်ထိခိုက်​​စေတာကြီး​လေးတဲ့ပြစ်ဒဏ်ခံရမယ်"

​ခြေ​အောက်မှဓါးရှည်​ပြေးထွက်လာပြီးတိမ်များအားထိုး​ဖောက်သွား၏။မျက်စိတစ်မှိတ်အတွင်းတိမ်ကြားမှ​​တောက်ပမှုများဖြင့်ဖြောင့်​ဖြောင့်တန်းတန်းကျဆင်းလာသည်။အရှိန်နှုန်းမှာလဲအထက်​ကောင်းကင်၉ထပ်မှကြယ်​ကြွေလာသလိုအနီးဝန်းကျင်အား​နေ့ခင်းအချိန်အတိုင်းဖြစ်သွား​စေသည်။

ချုံဇီWhere stories live. Discover now