🌷5🌷

32.4K 2.2K 134
                                    

"ဟေး ဉာဏ "

"ပြော ကိုဝင်းအောင် "

"မင်းနဲ့ မင်းဇနီးလေး အခြေအနေ "

ကိုကျော်မျိုးက မြေကြီးတွင်းထဲ ဆင်းကာ ဝင်ထိုးနေတုန်း ဉာဏနဲ့ ကိုဝင်းအောင်က အပေါ်ကနေ ကိုကျော်မျိုးထိုးပေးသမျှ မြေကြီးတွေကို အိတ်ထဲ သွတ်နေကြတာ ဖြစ်သည်။ သုံးယောက်စုလုပ်ကြတာမို့ တစ်ယောက်တစ်လှည့်စီ မြေကြီးဆင်းထိုးတာ အိတ်ထဲမြေကြီး သွတ်တာ ချောင်းထဲသို့ မြေကြီးအိတ်တွေကို သယ်ချတာတွေကို တစ်လှည့်စီ လုပ်ကြပြီး ကိုယ်ကျင်တဲ့ခွက်က ပါတဲ့ရွှေကိုတော့ ကိုယ့်ဘာသာယူကြတာ ဖြစ်သည်။ ဒီအခြေအနေမှာ ကိုဝင်းအောင်က ဉာဏထင်ကို လှမ်းမေးလာတာ။ ယောက်ျားလေးချင်းဆိုတော့ အတွင်းသိအစင်းသိ ကိစ္စတွေပါ စပ်စုချင်နေပုံရသည်။

"ဘာကိုလဲ ကိုဝင်းအောင်ရ! "

"ဟာ မင်းကလည်း ပိန်းချင်ယောင်ဆောင်နေပြန်ပြီ ဒဲ့ဘဲမေးတော့မယ်ကွာ မင်းတို့ မင်္ဂလာမဦးကြဘူးလား "

"သြော် အဲ့ဒါက ဘာဖြစ်လို့လဲ "

"သိချင်လို့လေ"

"သြော် ကိုဝင်းအောင် ခင်ဗျားကတော့! ချစ်လွန်းပိုပိုနဲ့ ကျုပ် ညားတာ ခင်ဗျားကြောင့် အများကြီးပါတယ် သိလား ခင်ဗျား "

"ငါက ဘာလုပ်လို့လဲ "

"ဘာလုပ်ရမှာလဲ အရက်တိုက်လိုက်တယ်လေ မသောက်ဘူးဆိုတာကို အတင်းတိုက်လိုက်တာ မိုးလင်းတော့ မိန်းမတစ်ယောက် အဖတ်တင်သွားရော "

"အဲ့တော့ မင်းက သဘောမကျဘူးလား "

"ခင်ဗျား အပူလား "

"ဖြေစမ်းပါ "

"ဘယ်လိုမှ မနေဘူး! "

"ဟေ့ကောင်ရ ပြောစမ်းပါ မလျှိုထားစမ်းပါနဲ့ "

"ပြောမတတ်ဘူး! "

"ဟင် မင်းဟာကလည်း "

"လိုက်မစပ်စုနေနဲ့ ရိုက်ပြီးမေးရင်တောင် မပြောပြဘူး "

"အေးပါ အေးပါ နောက်ကျမှ ကိုဝင်းအောင်ရေ ဆိုရင်တော့ ဟင်း ဟင်း"

ဉာဏထင် ခေါင်းဘဲ ခါပြလိုက်တော့သည်။ တစ်ဆက်တည်း အိမ်မှာ ကျန်နေခဲ့တဲ့တစ်ယောက် ဘာလုပ်နေမလဲ တွေးမိတော့ မျက်ခုံးတွေ တွန့်ချိုးလိုက်မိသည်။ အလကားနေ သတိရနေတာက မဟုတ်သေးပါဘူး။ အလုပ်ကိုဘဲ အာရုံစိုက်ကာ လုပ်ရင်း မြေကြီးအိတ်တွေကို ချောင်းစပ်နား ထမ်းချဖို့ လုပ်ရသည်။ ကိုကျော်မျိုးကိုလည်း အပေါ်ဆွဲတင်ပြီးပြီမို့ ခဏနားခိုင်းကာ ကိုဝင်းအောင်နဲ့ နှစ်ယောက် မြေကြီးအိတ်တွေကို ချောင်းစပ်ဆီ ထမ်းချဖို့ လုပ်ရသည်။ ရွှေတွင်းတူးထားတဲ့ နေရာနဲ့ ချောင်းစပ်က မိုင်ဝက်ခန့် ဝေးသေးသည်။ နိုင်သလောက် ပုခုံးပေါ် တင်ရင်း ချောင်းစပ်ဆီ လာရသည်။ ချောင်းစပ်မှာလည်း သူလိုကိုယ်လို ရွှေကျင်နေကြတဲ့သူတွေ အများအပြား ရှိနေကြသည်။ နေပူစပ်ခါးကြီးထဲ အမျိုးသမီးတွေကတော့ သနပ်ခါးအထူကြီးတွေလိမ်းပြီး အပေါ်ထပ်အင်္ကျီကို ထပ်ဝတ်ကာ ထဘီတိုတိုဝတ်၍ ချောင်းစပ်မှာ ရွှေကျင်နေကြသည်။ ဉာဏထင်တို့လို ယောက်ျားသားတွေကတော့ အင်္ကျီခပ်စုတ်စုတ်ကို ဘောင်းဘီတိုနဲ့ ပုဆိုးကို ကွင်းသိုင်းထားပြီး အိုးထုပ်အစုတ်တစ်လုံးကို ဆောင်းကာ ရွှေကျင်နေကြသည်။

// ရင်ခွင်ညှာရယ် ချစ်လွန်းပို၏ //Where stories live. Discover now