🌷3🌷

34.1K 2.2K 86
                                    

ညခင်း ထမင်းစားပြီးထဲက တဲအပြင်ရှိ ကွပ်ပျစ်မှာ ထွက်ထိုင်နေတဲ့ ဉာဏကို ချစ်လွန်းလှမ်းကြည့်လိုက်မိသည်။ မနက်အစောထပြီး ရေနွေးအိုးတည်ဖို့ မုန့်ပြင်ဖို့ ပန်းကန်တွေ လက်ဖက်ရည်ခွက်တွေကအစ မရှိလို့ ချစ်လွန်းသတိပေးတော့မှာ ဟိုဟိုဒီဒီလိုက်ငှားထားရတာ။ အဲ့ဒါတွေကို ဆေးကြောပြီး ပြင်ဆင်နေတဲ့ ချစ်လွန်းကို တစ်ချက်လေးတောင် မကူဘဲ ကောင်းကင်ကို မော့ကြည့်ပြီး ဘာလုပ်နေလဲ မသိ။ ရေနံဆီမီးအိမ်လေးက ဘုရားစင်ပေါ် တင်လိုက်ပြီး ဘုရားကို ခပ်သွက်သွက်ဘဲ ဦးကုန်းချလိုက်ရသည်။ ဘုရားစင်ရှိ ပန်းအိုးလေးမှာလည်း ချစ်လွန်း ဟိုဟိုဒီဒီ လျှောက်ခူးထားတဲ့ တောပန်းလေးတွေဖြင့် ဝေဝေဆာဆာရှိနေပြီ။ ဘုရားရှိခိုးလို့ ပြီးတဲ့အထိ ဉာဏထင်မှာ ထိုနေရာက မထသေး။

" ဟင်း ~~~~ မသိတတ်လိုက်တာတွေ "

ခပ်တိုးတိုး ညည်းညူလိုက်ရင်း ချစ်လွန်းလည်း ပုဆိုးအစုတ်တစ်ထည်ကိုင်ကာ ဉာဏ ထိုင်နေတဲ့နေရာဆီ ထွက်လာခဲ့လိုက်သည်။လရောင်လေးရှိနေလို့သာ လင်းလင်းရှင်းရှင်း မြင်နေရတာဖြစ်သည်။ ချစ်လွန်းက ကွပ်ပျစ်ဆီ ဝင်ထိုင်လိုက်တော့မှ ဉာဏထင်က ခြေဆုံးခေါင်းဆုံး ကြည့်လာပြီး

"မအိပ်သေးဘူးလား ခင်ဗျား "

"ဘယ်လိုလုပ်အိပ်ရအုံးမှာလဲ အခုမှ ပြီးတာလေ "

ခြင်ကိုက်တာကြောင့် ယူလာတဲ့ အဝတ်စုတ်ကို ဟိုရမ်းဒီရမ်း လုပ်ပြီးမှ ပြန်​ဖြေမိသည်။ သူကတော့ ဘာမှဆက်မပြောဘဲ ကောင်းကင်ကို ပြန်မော့ကြည့်နေတုန်း။

"ခင်ဗျားအသက် ဘယ်လောက်လဲ ချစ်လွန်းပိုပို! "

"နှစ်ဆယ့်ကိုး "

"ဘာ နှစ်ဆယ့်ကိုး စောက်ပြဿနာဘဲ! "

အသံက ဟိန်းကနဲ။ ချစ်လွန်းမှာ ကိုယ့်အသက်ကြီးနေတာက သူ့အတွက် တစ်ခုခုထိခိုက်စေသလား အတွေးနဲ့ အလန့်တကြားမေးလိုက်ရသည်။

"ဘာလဲ ဘာဖြစ်လို့လဲ "

"ကျုပ်က အခုမှ နှစ််ဆယ့်လေးလေ "

နှစ်ဆယ့်လေးတဲ့။ ချစ်လွန်းက ရွယ်တူလောက်ရှိတယ် ထင်နေတာ။ ငယ်စဥ်ကတည်းက အလုပ်ကြမ်းလုပ်လာရတော့ မျက်နှာက ရှိရင်းစွဲ အသက်ထက် အနည်းငယ်ရင့်နေသလို ဖြစ်နေတာ နေမှာ။ ဒါကလည်း ထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ချေ။

// ရင်ခွင်ညှာရယ် ချစ်လွန်းပို၏ //Where stories live. Discover now