အပိုင်း ၆၀၇ - ၆၀၈

439 41 0
                                    

စာစဥ် ၃၂ : အပိုင်း ၁၇

အပိုင်း ၆၀၇ : မြေပြင်ကျယ်မှသည် မြို့တော်ကြီးဆီသို့

လင်းဖုန်းသည် မြေပြင်ပေါ်တွင် အခြေခံ အုတ်မြစ်များကို ချပြီးသွားသောအခါ ခရမ်းရောင် တိမ်တိုက်များသည် ပျောက်ကွယ်သွားခဲ့ကာ ယုကျင်းတောင်ပေါ်မှ တောက်ပလှသော အလင်းတန်းများ တစ်ခုပြီးတစ်ခု ကျဆင်းလာခဲ့သည်။

ကျယ်ပြန့်လှသော ကောင်းကင်နှင့် သိပ်သည်းလှသော မြေကြီး၊ အလင်းနှင့် အမှောင်၊ သန့်စင်သောယန်နှင့် သန့်စင်သောယင်၊ ထာဝရနှင့် တစ်ခဏ၊ သေခြင်းနှင့် ရှင်ခြင်း၊ အတုအယောင်နှင့် အစစ်အမှန်။

ကွဲပြားခြားနားသော စွမ်းအား သဘောတရားများ ပါဝင်နေသည့် အလင်းတန်းပေါင်း ၁၂တန်းတို့သည် တောင်များအကြားသို့ ကျဆင်းလာခဲ့သည်။

မရေမတွက်နိုင်သော အဆောင်လက်ဖွဲ့များ၊ မှော်ဝင်္ကပါများတို့သည် လေဟာနယ် အကြားတွင် ပေါ်ပေါက်လာခဲ့၏။ အလင်းတန်း ၁၂တန်းတို့က ဆုံဆည်းသွားခဲ့ကာ အဆုံးမဲ့ ဝင်္ကပါကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူသည် လင်းယွင်တောင်ထိပ်နှင့် ရေကန်တို့ အပါအဝင် တောင်တန်းဒေသ တစ်ခုလုံးအား ဖုံးလွှမ်းသွားခဲ့သည်။

လီယွမ်ဖန်းသည် ထိုဝင်္ကပါအား အသေအချာ ကြည့်ရှုလိုက်သည်။ "ဒါက ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါ ဖြစ်တယ်။ နောက်ထပ် ပြောင်းလဲမှု အနည်းငယ် ပါနေသေးတယ်"

ဝင်္ကပါသည် တည်ငြိမ်သွားခဲ့ကာ အစပြုလိုက်သည်။ ဂျူနီယာ တပည့်များသည် မခံစားနိုင်ခဲ့သော်လည်း ရှောင်ယန်နှင့် ကျန်သောသူများသည် ပတ်ဝန်းကျင် မိုင်ထောင်ပေါင်းများစွာမှ စိတ်ဝိညာဥ် စွမ်းအင်များသည် လင်းယွင်တောင်ထိပ်နှင့် ရေကန်ထံသို့ စုဝေးရောက်ရှိလာသည်ကို ခံစားလိုက်ရသည်။

တောင်ထိပ်နှင့် ရေကန်တို့၏ အကြားတွင် တစ်ခုက မာကျောကာ တစ်ခုက ပျော့ပျောင်းသည်။ တစ်ခုက ယင်ဖြစ်ကာ တစ်ခုက ယန်ဖြစ်သည်။ တစ်ခုက တည်ငြိမ်နေကာ တစ်ခုက လှုပ်ရှားနေသည်။ တောင်ထိပ်၏ ပုံရိပ်သည် ရေပြင်ပေါ်သို့ ကျရောက်နေကာ ရေပြင်၏ အလင်းတန်းများက တောင်ပေါ်သို့ အလင်းပြန်နေကြသည်။ သူတို့သည် တစ်ခုအပေါ် တစ်ခု မှီခိုနေကြကာ ပြီးပြည့်စုံသော မျှခြေတွင် ရှိနေကြ၏။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now