အပိုင်း(၂၀)
မီးတဝင်းဝင်းနှင့် ညမှောင်မှောင်မှာ ကြက်ရှာပုံတော်ထွက်ရသည်။ မြို့ပြနှင့်မတူစွာ ကြယ်တွေတောက်ပနေပေမယ့် လမိုက်ရက်မို့ အနည်းအကျဉ်းမှောင်နေသည်။
" ကလေးရေ ကလေးရေ "
ကြက်တစ်ကောင်ကို လူရှာသလို ကလေးရေ ကလေးရေ အော်ကာ ရှာဖွေ၏။ တခြားဝိုင်း(ခြံ)တွေကကြပါလျှင် လူပျိုကြီးမှာတိတ်တိတ်ပြန်းကလေးရှိတယ်ဟူ၍ မှတ်ချက်ပေးကြလိမ့်မည်။
" ဒီဘက်မှာ ကောက်ရိုးပုံရှိတာလား နွားလည်းမရှိဘဲနဲ့ကို "
" အဲ့ကောက်ရိုးပုံတွေက ရွာထဲက ခြံနေရာမလောက်တဲ့လူတွေကို လာထားခိုင်းတာလေ။ ကိုယ့်ခြံကလည်းလွတ်နေတော့ "
" ခင်ဗျားကတော့ စံပဲ ဦးအိမ် "
ပင်တိုင် ခေါင်းသာခါနေမိ၏။ အလှူအတန်းရက်ရောပုံက ဘယ်သူမှလိုက်မှီမယ်မထင်။
" အဲ့တာဆို အဲ့ဘက်သွားရှာရအောင် အဲ့နေရာမှာရှိချင်ရှိနေမှာ။ ဦးအိမ်က အိပ်ရာမလုပ်ပေးတော့ ကျွန်တော့်ကလေးက အိပ်ရာသွားရှာအိပ်ရင်အိပ်နေမှာ "
ဪ။ မာန်ဟုမ်နေရင်းထိုင်ရင်း စွပ်စွဲခံလိုက်ရသည်။ ကိုယ်က အိပ်ရာမခင်းပေးလို့ သူ့ကလေးပျောက်သွားသလို ထိုကောင်ငယ်လေးက လာပြောနေ၏။
" အဲ့ဘက်ကမြွေပါးကင်းပါးနဲ့ "
မာန်ဟုမ် အနောက်ကအမြန်လိုက်ရသည်။ ကောင်ငယ်လေးက လူကသာသေးတာ စိတ်ကမြန်ချက်။
" ကလေးရေ ကလေးရေ ဘယ်ဂျောင်မှာအိပ်နေလဲကွာ "
" တိုင် ကိုယ့်နောက်ကလိုက်ခဲ့ ကိုယ့်ပြောစကားနားထောင်ပါဆိုနေ "
အလိုမကျစွာ ဆူပူမိပြန်တော့ ခပ်မဲ့မဲ့လုပ်ပြသည်။ မာန်ဟုမ်လည်း ခေါင်းခါကာ အရှေ့ကနေသွား၏။
" အောက်ကိုသေချာ…"
" အာ့.."
မာန်ဟုမ်က ဒီဘက်လှည့်အပြော ပင်တိုင် ခလုတ်အတိုက်နှင့် ပက်ပင်းတိုးပါတော့သည်။ ရုတ်တရက် ရုပ်ရှင်ဆန်သော အခြေအနေကြောင့် ခြေမကိုင်မိ လက်မကိုင်မိဖြစ်ကုန်ကြ၏။
ပင်တိုင့် ခန္ဓာကိုယ်သည် မာန်ဟုမ်၏ အပေါ်မှာထပ်ယက်ဖြစ်ကာ မာန်ဟုမ်က ကောက်ရိုးခင်းသောမြေကြီးပေါ်မှာ ပက်လက်လေး။ ပင်တိုင့် နှာခေါင်းလုံးလေးနှင့် မာန်ဟုမ့် နှုတ်ခမ်းဟာ ထိလျက်သား။ ပင်တိုင်ရှူသွင်းရှူထုတ်လုပ်သော လေငွေ့တွေဟာ မာန်ဟုမ့် လည်ပင်းမှာတိုးဝှေ့ကျီစယ်လို့။ မာန်ဟုမ့် နှာခေါင်းကလေငွေ့တွေဟာ ပင်တိုင့်မျက်ခွံ၊မျက်တောင်တွေမှာ ကူးလူးနေသည်။
ဒါဘယ်လိုပါလဲ။ ရင်ဖိုဖို့ကောင်းလိုက်တာ။ ရင်တုန်ဖို့ကောင်းလိုက်တာ။ နှလုံးသားတစ်ခုလုံး အစုံလိုက်ပြုတ်ကျတော့မလိုဘဲ။
နှစ်ယောက်လုံး၏ မျက်ဝန်းတွေဟာ ရုတ်တရက်ဆန်မှုကြောင့် ပြူးကျယ်လို့။
မာန်ဟုမ် ကိုက်ချင်သည်ဟု ကြွေးကြော်ဖူးသော နှာခေါင်းလုံးလေးသည် နှုတ်ခမ်းဝမှာ ခစားနေတော့ စိတ်တို့အစိုးမရတော့။ သို့သော် ဆန္ဒကို သိက္ခာနှင့် ထိန်းရသည်။ မာန်ဟုမ် လက်သီးတင်းတင်းစုတ်ထားမိကာ တောင့်တောင့်ကြီးဖြစ်နေ၏။
ကိုရေခဲက ဖြစ်စဉ်ကိုမလိုက်နိုင်သလောက် ကိုတက်ပက အလိုက်လွန်၍ အခြေအနေကို အသုံးချလိုက်၏။
" မွ..မရုန်းပါနဲ့။ မငြင်းပါနဲ့။ ဘာမှမပြောပါနဲ့အုံး "
ပင်တိုင် မာန်ဟုမ့် နှုတ်ခမ်းကို မွခနဲမြည်အောင် နမ်းလိုက်၏။ ပြီးနောက် မာန်ဟုမ့်ရင်ခွင်ထဲဝင်ကာ ကျစ်ကျစ်ပါအောင်ဖက်ထားပြီး ဆိုစကားတို့ ဆို၏။
" ကျွန်တော်..ကျွန်တော် ခင်ဗျားကိုချစ်တယ် ဦးအိမ် "
" ကိုယ်.."
" ဟင့်အင်း..မငြင်းပါနဲ့အုံး။ ကျွန်တော်ဆုံးအောင်ပြောပါရစေ"
အသည်းငယ်လို့ထင်ပါရဲ့ မျက်ရည်စတို့သည် ဖွင့်ဟသံနှင့်အတူ ထွက်ကျလာ၏။
" ဦးအိမ် ခင်ဗျားလည်း ကျွန်တော်နဲ့ထပ်တူပဲဆိုတာ ခင်ဗျားရင်ခုန်သံတွေကနေမှန်းဆလို့ရတယ်။ ခင်ဗျားကလေ ပတ်ဝန်းကျင်နဲ့ သူများအပေါ်အရမ်းကြည့်တာပဲ။ ခင်ဗျားတစ်ခါလောက် ငါ့ဖို့ ငါ့အတွက်ဆိုပြီး ငါစွဲလေးထားကြည့်ပါလား "
" တစ်ခါတလေကျ အရမ်းစဉ်းစားနိုင်တဲ့ ခင်ဗျားဦးနှောက်ကို ကျွန်တော်ထုတ်ပြစ်လိုက်ချင်တယ်။ ခင်ဗျား ကျွန်တော့်ဆီမှာ ချစ်စကားထွက်ကျမယ်ကြံတိုင်း ခင်ဗျားရဲ့ဦးနှောက်က အစစအရာရာတွေးတောပြီး တားမြစ်နေတာကို ကျွန်တော်မကြိုက်ဘူးဦးအိမ် "
" ကျွန်တော်တို့က ဘာမှမကွာပါဘူး။ အခုကျွန်တော် ချစ်စကားနောက်တစ်ကြိမ်ပြန်ပြောမယ်။ ဒီတစ်ကြိမ်မှာ ခင်ဗျားက ဦးမာန်ဟုမ်မဟုတ်သလို ကျွန်တော်လည်းဇွဲပင်တိုင်မဟုတ်ဘူး။ ကျွန်တော်တို့က ဘုရားရှင်ဖန်ဆင်းပေးတဲ့ လူသားတွေပဲ။ ဘာကွဲပြားမှုမှရှိမနေဘူး။ ဘုရားရှင် ဖန်ဆင်းတဲ့ လှပတဲ့နှလုံးသားတစ်စုံ မေတ္တာထားနိုင်တဲ့နှလုံးသားတစ်စုံစီပါရှိတဲ့လူသားတွေပဲ "
" ကျွန်တော်် ခင်ဗျားကိုချစ်တယ် ဦးအိမ်။ ရင်နင့်အောင်ချစ်ရပါတယ် ဦးအိမ်"
ချစ်စကားတစ်ခွန်သည် မျက်ရည်တစ်စက်နှင့်ညီမျှ၍ မာန်ဟုမ်၏ရင်ဘတ်သည် စိုရွှဲနေ၏။
" ခင်ဗျားရဲ့စိတ်အလုံးစုံ ကျွန်တော့်ထံမှာပုံအပ်ပေးပါ ဦးအိမ်။ ပတ်ဝန်းကျင်က ခင်ဗျားအကြောင်းကို ကျွန်တော့်လောက်မသိနိုင်သလို ကျွန်တော့်အကြောင်းကိုလည်း ခင်ဗျားလောက်မသိနိုင်ဘူး။ မသိတဲ့လူတွေပြောတဲ့စကားတွေကို ကြိုတွေးမယ့်အစား ခင်ဗျားစိတ်တွေကို ကျွန်တော့်ဆီမှာပဲ ပုံအပ်ပေးပါ ဦးအိပ် "
" ခင်ဗျားနှလုံးသားကို ဖွင့်ပေးပြီး ကျွန်တော့်ကိုပဲချစ်ကြည့်ပါ။ ကျွန်တော့်ဆွေမျိုးတွေဘက်ကို ခင်ဗျားစဉ်းစားနေရင် မေ့လိုက်ပါ။ ခင်ဗျားကို ကျွန်တော်က သူတို့ပြောတဲ့အတင်းအဖျင်းတွေထက်ဆယ်ဆပိုချစ်ပေးမယ် "
မျက်ဝန်းနှစ်စုံမှ မျက်ရည်တွေဝေ့သီကာ တာကျိုးကျနေ၏။ ချစ်စကားက ခက်ခဲပြီး မပြတ်သားနေတဲ့အချိန်မှာ မျက်ရည်တွေနှင့် ဆက်ရသည်ကို ထိုအခြေအနေခံစားဖူးသူတိုင်း သိပါရဲ့။
အချစ်က ချိုတစ်လှည့် ခါးတစ်လှည့်နဲ့ သိပ်ဆန်းကြယ်လွန်းတယ်။ အချစ်ရဲ့ဂုဏ်သတ္တိက ပျော်ရွှင်ဖေးမခြင်းဆို အချစ်ရဲ့ဘေးထွက်ဆိုးကျိုးက ဝမ်းနည်းနာကျင်ခြင်းဖြစ်၏။
" အင်း။ မင်းအပြောအတိုင်း ကတိတည်ပါ ကိုယ့်ရဲ့ကောင်လေး။ ကိုယ်လည်းပဲ မင်းကို မြတ်နိုးရပါတယ် ကောင်ငယ်လေး "
" ကျွန်တော် ကတိတည်မှာပါ။ ကျွန်တော့်ကို ဒီ့ထက် ဒီ့ထက် အများကြီး မြတ်နိုးပေးပါအုံး ဦးအိမ်။ ကျွန်တော်တို့အခု နိဗ္ဗာန်သွားလည်း အတူတူ ငရဲသွားလည်းအတူတူပေါ့ "
" အင်း မင်းသွားမယ့်ငရဲ ကိုယ့်ကုသိုလ်တွေပြစ်ပြီး ကိုယ်လိုက်ပေးရမှာပေါ့ "
မျက်ဝန်းညိုနှစ်ခုစုံစည်းမိ၏။ ကတိကဝတ်တွေထပ်တလဲလဲပြုမိ၏။ ရင်ခွင်ထဲကို ခေါင်းတိုးဝေ့မိ၏။ မေးစေ့ဖျားကို ခပ်ဖွဖွနမ်းမိ၏။ ရယ်သံတွေ ဖလှယ်မိ၏။
" သိပ်ချစ်ရပါတယ် ခင်ဗျားရယ် "
" ကိုယ်လည်း ထပ်တူပါပဲ "
ဤသို့ ဤနယ် ကြက်ကလေး၏မွေးစားဖခင်သည် ကြက်ကလေးကိုမေ့ပြီး သူ့အချစ်ကိုရှာဖွေသွားလေသည်။
______________________________________________________________________________________
#26.6.22
ကြိုက်သွားကြပါပြီ👏
အဆင်မပြေရင် အရေးအသားပေါ့သွားရင်တောင်းပန်ပါတယ်။ စာလုံးပေါင်းကတော့ အကုန်လုံးပြီးမှ ပြင်မယ်နော်🧸💭