အပိုင်း(၁၇)

1.8K 131 7
                                    

အပိုင်း(၁၇)

ရောင်နီလင်းကာ နွားခလောက်သံတို့ ညံတော့ မာန်ဟုမ် နိုးလာပါသည်။ ခင်းအိပ်ထားသည့် သင်ပြူးဖျာနှင့်ခေါင်းအုံးကိုပါ ဗီဒိုထဲထည့်ပြီးနောက် ကုတင်ပေါ်က ခြေကားယား လက်ကားယားနှင့် အိပ်နေသည့် ကောင်လေးကို တစ်ချက်ကြည့်ကာ မီးဖိုချောင်းဘက်သို့ ထွက်လာခဲ့သည်။

မီးဖိုချောင်ထဲဝင်လိုက်သည်နှင့် ခပ်စူးစူးအချဉ်အနံ့ကြောင့် ဘာမှမလုပ်ခင် အုတ်ကန်မှ ရေဆွဲပြီး ဆပ်ပြာကြမ်း၊ကာပေါ်လစ်ဆီတွေနှင့် မီးဖိုချောင်ကို အရင်ဆေးကြောရသည်။ ညကမိုးချုပ်ပြီဖြစ်၍ ရေတစ်ခါထပ်မချိုးဘဲ အဝတ်အစားသာလဲထားသည့် မာန်ဟုမ်၏ကိုယ်မှာလဲ ချဉ်စူးစူးအနံ့က လှိုင်လှိုင်ထနေ၍ ရေတစ်ခါထဲချိုးလိုက်၏။

ပြီးနောက် ထမင်း၊ဟင်းချက်ပြုတ်ပြီး ဘုရားဆွမ်းတော်ကပ်ကာ မနက်စာပြင်ဆင်ပေးလိုက်သည်။ လုပ်နေကြအတိုင်း ခြံထဲ၌ သစ်ရွက်ခြောက်တွေကိုပါ လှဲကျင်းလိုက်၏။

____________

" အာ့ ကျွတ် ကျွတ် အမူးမပြေသေးဘူးလားကွာ။ သေးသွားပေါက်အုံးမှပါ "

ပင်တိုင် တစ်ကိုယ်တည်းညည်းညူကာ မည်သူ့အခန်းမှန်းမကြည့်ဘဲ ရေအိမ်(အိမ်သာ)ကို သိုင်းကွက်နင်းကာ ထွက်လာခဲ့သည်။ ခေါင်းက ကိုက်တာမဟုတ်ဘဲ ကမ္ဘာကြီးလည်နေသလိုမျိုး မူးနေတာဖြစ်သည်။ လူမှန်းသူမှန်းမသိအောင် မူးတာမဟုတ်ဘဲ ကားမူးသလိုမျိုး မူးနေတာဖြစ်၏။

" ဟွင်း နံလိုက်တာ "

ကိုယ့်အင်္ကျီ ကိုယ်နမ်းကာ နှာခေါင်းရှုံ့လိုက်မိပါ၏။ ‌အုတ်ကန်မှာ မျက်နှာသစ်ဖို့ တွေးထားပေမယ့် မသစ်ဘဲ အိမ်ရှေ့သို့ အယောင်ယောင် အမှားမှားဖြင့် ထွက်လာမိတော့သည်။

ခေါင်းကလဲ ငှက်သိုက်ထက် အကြောင်းဆိုးကာ မူးနေစဉ်က ငိုလိုက်၊ရယ်လိုက်ပေမယ့် မျက်လုံးနှစ်လုံးက ခပ်အစ်အစ်ဖြစ်နေပြီး အင်္ကျီက ကပို့ကယို့မို့ သူတောင်းစားနှင့် နင်လား၊ငါလားပင်။

အိမ်ရှေ့က ထိုင်ခုံပေါ်မှာ ခေါင်းငိုက်စိုက်ထားပြီး ပြန်အိပ်ပျော်နေပါသည်။ တစ်ချက် တစ်ချက်နိုးလာသော်လည်း အရှင်းတော့ မနိုးချေ။ မျက်လုံးအစ်အစ်တစ်ဖက်ကို ခပ်မြှေးမြှေးဖွင့်ပြီး ခေါင်းကို လေးဆယ့်ငါးဒီဂရီ စောင်း၍ ကြည့်လိုက်သောအခါ အရှေ့၌ စင်နှင့်တင်ထားသည့် မည်းမည်းပြားပြားကြီး။ အောက်တွင် ဂွဒေါက်ပါသည့် မည်းမည်းပြပြားကြီး ကဘာပါလိမ့်။

မေတ္တာကြိုးနှင့်ချည်သော တိုင်(Complete)Where stories live. Discover now