" ရေး ထိသွားပြီကွ "
ပင်တိုင်တို့ တစ်ခြံကျော်၌ ကလေးတွေနှင့် သားရေကွင်းပြစ်တမ်း ကစားနေကြခြင်းဖြစ်သည်။ သားရေကွင်းပြစ်တမ်းသည် အလည်၌ ကော်ဖီမစ်အိတ်အခွံလေးတွေကို သုံးနားညီတြိဂံလိုခေါက်ကာ ချထားပြီး ၎င်းတို့ကို ထိအောင်ပြစ်ရခြင်းဖြစ်သည်။ ဆယ်ခုရှိသည့် ကော်ဖီမစ်ခွံများကို ပွဲပြီးပါက အများဆုံးရထားသူကို ဆရာခေါ်ကြေးကစားရခြင်းဖြစ်သည်။ ပွဲစဉ်လေးပွဲ၌ ယခုမှဘိတ်ဆုံးကိုထိခြင်းကို ပင်တိုင်ပျော်မဆုံးနိုင်ဖြစ်နေသည်။
" ငါနိုင်ပြီမလား။ ငါ့ကိုအကုန်ပေးရမှာလေ။ ငါထိပ်ဆုံးကို ထိသွားတာကို "
" မဟုတ်ဘူးလေ။ ကိုကြီးဇွဲထိတာက ဘိတ်ဆုံးလေ။ အဲ့တာကြောင့် တစ်ခုပဲရမယ်လေ "
" ဂွတို မင်းမညစ်နဲ့ကွာ။ ပထမပွဲတုန်းက မင်းထိပ်ဆုံးကိုထိတာကျ အကုန်သိမ်းသွားပြီး မင်းနိုင်တယ် လုပ်တာလေ "
" အဲ့တာက ခေါင်ကိုထိတာကိုဗျာ "
" ဒီမှာကြည့် ငါထိတာလည်း ခေါင်ပဲ။ မင်းဘက်ကကြည့်ရင် ငါ့ဟာလည်းခေါင်ပဲလေကွာ "
" သားက စည်းအပြင်မှာလေ။ စည်းထဲကကြည့်ရင် ကိုကြီးဇွဲဟာက ဘိတ်ဆုံးလေဗျာ "
တကယ်လည်း ပင်တိုင်စည်းထဲမှာပဲရှိသေးသည်။ ကစားပွဲအစဉ်အလာကို ပင်တိုင်မလည်ဝယ်၍ ငြင်းနေခြင်းမဟုတ်ဘဲ ဒီလက်တောက်လောက် ဆယ့်လေး၊ငါးနှစ်လေးတွေကို ပင်တိုင် ဆရာခေါ်ရပေါင်းများနေ၍ ညစ်နေခြင်းဖြစ်သည်။
ပင်တိုင်ညစ်နေတာကို သက်နိုင်ကသိသော်လည်း ဘာမှမပြောဘဲ ဘေးနားမှာ ထိုင်ကြည့်နေပြီး လျှမ်းကတော့ တခွီးခွီးရယ်နေသည်။ ပထမပွဲစဉ်ထဲက လက်မတည့်တာကို အကြောင်းပြကာ မဆော့တော့သည် လျှမ်းသည် ဆရာတစ်ခါပဲခေါ်လိုက်ရချေသည်။ ဆရာကြီးဇွဲပင်တိုင်သည်တော့ နာမည်နှင့် လိုက်စွာ ဇွဲရှိလွန်းကာ ပွဲတိုင်းရှုံးနေလေသည်။
ကစားပွဲတစ်ခုမှာ ငြင်းသံ၊ညစ်သံတွေမပါခဲ့ရင် အဲ့ကစားပွဲက ပျင်းစရာကောင်းပေလိမ့်မည်။ ဒါကြောင့်လည်း ငယ်ငယ်ထဲက ရွာလှည့်ကာ သားရေပင်းပတ်ပြစ်သည့် သက်နိုင်ထိုင်ကြည့်နေခြင်းဖြစ်သည်။
" မသိဘူးကွာ မင်းညစ်တယ် "
စီးလာသည့် ကွင်းထိုးဖိနပ်ကိုချွတ်ကာ ကာတွန်းဘောင်းဘီကို မ ပြီး ပွဲအလည်၌ ပင်တိုင် ထိုင်ချလိုက်တော့သည်။
" အဲ့တာ ကိုကြီးဇွဲညစ်တာလေ။ ဒီလိုလုပ်မလား ဟိုးက ကွမ်းသီအခိုင်ကို လေးခွနဲ့ထိအောင်ပြစ်ကြေး ထိတဲ့လူက အနိုင်ပဲ "
" ကြာသလားလို့ စိန်လိုက်လေ "
မတ်တတ်ရပ်ပြီး မျက်နှာကို မော့ချီနေလေသည်။
" ဘယ်သူအရင်ပြစ်မှာလဲ "
" ငါအရင်ပြစ်မယ်။ သေချာကြည့်ထားနော် ဆရာခေါ်ဖို့သာပြင်ထား ဂွတို ဟွန့်.! "
ပင်တိုင် ဂွတို၏ လက်ထဲက လေးခွကိုကိုင်ပြီး လောက်စလုံးတစ်နည်းဖြင့် မြေကြီးလုံးကိုမထည့်မှီ လေးခွသားရေကြိုးကိုဆွဲကြည့်လိုက်သည်။
အားပါးပါး..လက်တောင်အံသေချင်တယ်။ တင်းနေတာပဲကို ဒင်းတို့ဘယ်လိုများပြစ်သလဲ။
ဒုတ်.! ခွမ်း.!
ပင်တိုင်လောက်စလုံး(မြေကြီးခဲ)ကိုထည့်ပြီး ကွမ်းသီးခိုင်ကို ချိန်ထားလျက် မျက်စိပါမှိတ်ချပြီး ပြစ်လိုက်သည်။ သို့သော် ထိသွားသည်က ကွမ်းသီးခိုင်မဟုတ်ဘဲ ခြံထောင့်မှာချထားသည့် ရေအပြည့်ပါတဲ့ စဉ့်အိုးကြီးဖြစ်လေသည်။
" ဂွတိုရေ ဘာသံတွေလဲ။ ငါ့စဉ့်အိုးကြီးမှ ဟုတ်လေစ "
" ဟုတ်တယ် အမရေ။ ဒီမှာ ဆရာ့အိမ်ကရန်ကုန်သားကိုကြီးလုပ်လိုက်တာ အမရဲ့ စဉ့်အိုးကြီးကွဲသွားပြီ "
" အမလေး အဲ့တာ ငါ့မိဘအမွေဟဲ့ "
ဟုတ်သည်။ ဒီခြံက ဂွတိုတို့ခြံဖြစ်ပြီး အိမ်ပေါ်က ဂွတို၏အမ(အမေ)က ကွဲသံကြားလို့လှမ်းမေးနေခြင်းဖြစ်သည်။ ဂွတိုအမေအိမ်ထဲကထွက်မလာမှီ ပင်တိုင်၏မသိစိတ်က လှုံ့ဆော်မှုကြောင့် ပင်တိုင် အိမ်ရောက်အောင်ပြေးပါတော့သည်။
" ဟာ ဟေ့ အကိုပင်တိုင် "
" ဟေ့ရောင် ပင်တိုင် "
သက်နိုင်နှင့် လျှမ်းလည်း ပင်တိုင့်အနောက်ကို လိုက်ကာ ပြေးကြတော့သည်။ ပင်တိုင် အိပ်ခန်းထဲရောက်မှ သက်ပြင်းချမိသည်။ ပင်တိုင်တို့နှင့်အတူဆော့သည့် ကလေးတွေပြောသံကြားဖူးတာကတော့ ဂွတို၏အမေသည် လက်ဆပြင်းသည်တဲ့။ သူ့သားတင်မက ခြံထဲလာဆော့ပြီး အမှိုက်ဖွခဲ့သည့် ကလေးတွေကို ဝါးခြမ်းပြားနဲ့ အရှိုးရာထပ်အောင် ရိုက်တတ်သည်တဲ့။ တစ်သက်နဲ့တစ်ကိုယ် မိဘတွေဆီက လက်နဲ့တောင်အရိုက်မခံဖူး၍ ဒီအရွယ်ကြီးကျမှ သူစိမ်းတစ်ယောက် ဝါးခြမ်းပြားနှင့်ရိုက်မည်ကို ပင်တိုင်လက်မခံနိုင်ချေ။
ပြောပါတယ်။ ပင်တိုင်က ပြဿနာတွေကိုရှာတာမဟုတ်ဘဲ ပြဿနာတွေက ပင်တိုင့်ကိုလာရှာနေချေသည်။
" အကိုပင်တိုင် ဘာလို့ပြေးလာတာတုန်း "
" ဟေ့ရောင်ပင်တိုင် ဘာလို့ပြေးလာတာလဲ။ တံခါးဖွင့်ပေးအုံး "
ပင်တိုင် တံခါးဖွင့်လိုက်သည်နှင့် ချွေးသံလုံးလုံးနှင့် ဟိုနှစ်ကောင်ကိုတွေ့လိုက်ရသည်။
" လာပါအုံးဖေ့သား။ ဘယ်တုန်းက သရဲဘောကြောင် သွားရတာတုန်း "
" ဟ.! အိုးကွဲတာဖိုး ပြန်လျော်ဆို ငါပြန်လျော်ပေးလို့ရတယ်ကွ "
" အေးလေ။ လျော်ပေးလိုက်ရင်ပြီးပြီကို မင်းကဘာလို့အသည်းအသန်ပြေးတုန်း "
" မင်းမကြားဘူးလား။ အဲ့တာသူ့မိဘတွေရဲ့အမွေတဲ့။ အဲ့တာကြောင့် ဒေါသထွက်ပြီး င့ါရိုက်ရင်ဘယ်လိုလုပ်မလဲ "
" ခွီ.! အဲ့တာမှန်းသိ ငါမလိုက်လာပါဘူးကွာ။ ဘယ့်နယ့် ရိုက်မှာကြောက်လို့ပြေးလာရတယ်လို့ "
" လုံးပုတို့ပြောတာ မင်းမကြားဘူးလား။ အရှိုးရာထပ်နေအောင် ရိုက်တာပါဆို။ ငါ့မိဘတောင် ငါ့ကိုမရိုက်ဖူးတာ အရိုက်တော့မခံနိုင်ဘူးကွ "
" ဟုတ်ပါပြီ။ ကိုရွှေချောရယ်။ ဒါနဲ့ ဘာလို့အခုထိလိုက်မလာသေးတာလဲ မသိဘူး"
" ဆရာလာမှ လာတိုင်လိမ့်မယ်။ အခုချိန် ဆရာအိမ်မှာမရှိတာ သူတို့သိတယ်။ အဲ့ဆို ထမင်းစားဖို့ ကျွန်တော် ကျွန်တော့်အမအိမ်မှာသွားယူလိုက်အုံးမယ် ဘာပြဿနာမှမရှာထားပဲ စောင့်နေကြနော် "
" ငါလည်းလိုက်မယ် ငမဲလုံးလေး။ မင်းအစ်မ ကွမ်းတောင်ကိုင်ကို ကြည့်ရအောင် "
" နွားစာအဖြစ်ချင်ရင် ခင်ဗျားနေခဲ့ "
သက်နိုင် သူ၏အိမ်ကို ထမင်းဟင်းတွေသွားယူလိုက်သည်။
လျှမ်းသည်တော့ သက်နိုင်စကားကြောင့် မျက်နှာကြီးရှုံ့မဲ့ကာ ကျန်ခဲ့သည်။
____________________
" သက်နိုင် လိုင်းမိတာ ဘယ်မှာ "
" ရွာဦးကျောင်းမှာဗျ "
" အဲ့ကို ဘယ်လိုသွားရလဲ။ လိုက်ပို့ပါလား "
" အခုတော့ နေစောင်းနေပြီ ရွာ့အပြင်ဘက်မှာမို့ အပြန်မိုးချုပ်လိမ့်မယ်။ မနက်မှ ဆရာနဲ့လိုက်သွားချီ "
" ဟုတ်သား ငါစပ်စုဖို့မေ့နေတာ။ ဒီမီးတွေက ဘယ်ကရတာတုန်း "
နေစောင်းပြီမို့ လင်းလာသည့် မီးသီးတွေငိုမြင်မှ ပင်တိုင်မေးဖို့သတိရချေသည်။ ပင်တိုင်နှင့်သက်နိုင် ကွပ်ပျစ်မှာထိုင်နေပြီး ငပျင်းလျှမ်းကတော့ လက်ကိုခေါင်းအုန်းကာ လှဲနေသည်။
" ဟိုဘက်မှာ မီးစက်တွေတွေ့တယ်မလား။ အဲ့ကရတာပေါ့ "
" အဲ့မီးစက်တွေက ရွာပိုင်လား။ မထင်ရဘူးပဲ "
" ဘယ်ကသာ။ အဲ့မီးစက်တွေက ဆရာပိုင်တာ။ ဆရာက တစ်ရွာလုံးကို တစ်အိမ်ကို မီးတစ်ပွင့်ပေးထားတာ။ ရွာဦးကျောင်းကိုတော့ ထိန်ထိန်လင်းလင်းကို ပေးထားတာ။ ဒီရွာထဲက ချမ်းသာတဲ့ အိမ်အနည်းစုကပဲ ဆိုလာဝယ်ပြီးသုံးကြတာ။ ကျန်တဲ့လူတွေက ဒီမီးပဲသုံးကြတာ ဆီဖိုးလည်း ဆရာပဲခံတာလေ "
" အဲ့လောက်တောင်ပဲလား "
" ဟုတ်တယ်။ ဆရာက ဒီရွာအပေါ်မှာ ကျေးဇူးတွေတစ်ပုံကြီးရှိတယ်။ ရေကြီးလဲ ဆရာကကူညီတယ်။ ရေခမ်းလည်း ရေတွင်းတွေတူးပြီး ဆရာလှူတယ်။ ဒီရွာရဲ့ ဒုက္ခမှန်သမျှက ဆရာ့ကျေးဇူးကြောင့်ပဲ ကင်းသွားတာ "
" ဪ "
ပင်တိုင် အဲ့လောက်ထိမထင်ထားတာတကယ်ပဲ။
ခင်ဗျားက လူတိုင်းအပေါ် မေတ္တာတွေထားပြီး ကယ်တင်နေတာပဲ ဦးအိမ်။ တချို့သော မေတ္တာတွေက ခင်ဗျားအပေါ် ရောင်ပြန်ရော ဟပ်ရဲ့လား..?
______________
" ဝေ့အိမ်ရှင်တို့၊ ဝေ့အိမ်ကြီးရှင်တို့ "
ပင်တိုင်တို့ ညနေစာစားနေတုန်း ခြံရှေ့မှ လူခေါ်သံကြားရ၍ စားပြီးနေပြီဖြစ်သည့် ဦးအိမ်က အရင်ထွက်သွားခဲ့သည်။ ပင်တိုင်၊လျှမ်းနှင့် သက်နိုင်တို့ သုံးယောက်သား တစ်ယောက်နှင့် တစ်ယောက် အကြည့်ချင်းစုံကြလေသည်။ ပြီးနောက် ပုခုံးတွေကိုတွန့်ကာ ထမင်းငုံ့စားနေသည်။ နောင်ခါလာနောင်ခါဆေးမှတ်ကာ စားကောင်းနေသည့် ညနေစာကိုတော့ အပီအပြင်လွေးပြန်သည်။
" ဘယ်သူများလဲလို့ မငွေခင်ပါလား။ ဘာကိစ္စလဲဗျ "
" ဒီလို လူပျိုကြီးရဲ့..ကျုပ်အမအမွေပေးခဲ့တဲ့ ကျုပ်အိမ်ကစဉ့်အိုးကြီးလေ သိလား။ အဲ့တာကို တော့်အိမ်က ဧည့်သည်က လောက်လေးနဲ့ပြစ်ခွဲသွားလို့ တော်ရေ "
အိမ်ရှေ့ကွပ်ပျစ်မှာ အာပေါင်အာရင်းသန်သန်နှင့် တိုင်တောနေသည့် မငွေခင်ကြောင့် မာန်ဟုမ် ဆံပင်ငုတ်စိလေးပေါက်နေသည့် ခေါင်းကြမ်းရှရှကို ပွတ်ကာ နားထောင်နေရလေသည်။ တစ်ဆက်ထဲ အိမ်မှာပဲရှိရမည့်လူတွေက မငွေခင်တို့ဝိုင်းဘာသွားလုပ်ရသလဲပါ တွေးမိနေသည်။
" အဲ့တာဆို ရွာဦးကျောင်းအတွက် အခြောက်အခြမ်းသွားဝယ်တဲ့အခါ အလျော်ဝယ်လာပေးပါ့မယ်ဗျာ။ ဖြစ်တဲ့ကိစ္စအတွက်လည်း တောင်းပန်ပါတယ်ဗျာ "
" မလိုပါဘူး လူပျိုကြီးရယ်။ ကျုပ်တို့က ဝိုင်းနီးချင်းတွေပဲ။ ဒါနဲ့လေ ဧည့်သည်လေးတွေကိုတော့ ကျုပ်မြင်ချင်ပါရဲ့။ ဖြူဖြူချောချောလေးတွေလို့ ဂွတိုတို့ကပြောလို့ တော်ရေ "
" အာ ခဏနော် "
မာန်ဟုမ် အိမ်ပေါ်ကို ပြန်တက်လာပြီး နောက်ဖေးကို ဒါတိုက်ဝင်လာခဲ့သည်။ ထမင်းစားဝိုင်းက ပြောင်ရှင်းနေပြီး အုတ်ကန်နားမှာ အသံတွေကြားရ၍ မညန်ဟုမ် အုတ်ကန်ဘက်ကိုလှမ်းကြည့်လိုက်သည်။
အုတ်ကန်နားမှာ သုံးယောက်သား စကားတပြောပြောဖြင့် ပန်းကန်ဆေးနေပုံက ငယ်ပေါင်းကြီးဖော်တွေလိုပင်။
" ပြီးရင် ပန်းကန်တွေကိုယ်ဆေးမှာပေါ့ ထားခဲ့တာမဟုတ်ဘူး။ အခုတော့ပြီးပြီမလား။ အိမ်ရှေ့လိုက်ခဲ့ကြအုံး "
ပင်တိုင်တို့ သုံးယောက် ပန်းကန်တွေကိုင်ကာ မာန်ဟုမ်နောက်က လိုက်လာခဲ့သည်။
ပင်တိုင်နှင့် လျှမ်းက အချင်းချင်းကိုင်ကာ နှစ်ယောက်သား ဟိုတိုး ဒီတိုးနှင့်။ သက်နိုင်သည်တော့ မျက်စိမျက်နှာပျက်နေလေသည်။ တကယ် မငွေခင်ဆိုသည့် အမျိုးသမီးသည် ငွေခင်သည်။ ငွေတိုးချေးစားပြီး ဆင်းရဲသားတွေကို ကူညီသင့်သလောက်တော့ကူညီသည်။ တစ်ခုပဲ သက်နိုင်နှင့် ဘယ်တော့မှမတည့်ချေ။ 'ငွေ'ဆိုတဲ့အသံကြားသည်နှင့် တဟီးဟီးမို့ သက်နိုင်နှင့်မတည့်ခြင်းဖြစ်လေသည်။
" ဟယ်တော် ကိုလီးယားမင်းသားလေးတွေလား"
" အမ်.."
" ဟင်.."
" အဟွတ်..အဟွတ် "
အာမေဋိတ်သံများပေါင်းစုံနေသည်။ ဘယ့်နယ့် မှားမယ့်မှားတော့ ဘယ်လိုတောင်တုန်း။
" ကြီးတော်ငွေခင်ရယ် ကိုလီးယားမဟုတ်ပါဘူး ကိုရီးယားပါဗျ "
" အေး..အေး သက်နိုင်ပြောသလို ကိုရီးယားမင်းသားလေးတွေနဲ့တူတယ်လို့ "
" အာဟုတ် "
ပြုံးပြုံးရွှင်ရွှင်ဖြစ်နေကာ သွားသုံးဆယ့်နှစ်ချောင်းဖြဲနေသည့် ဒေါ်ငွေခင်ဆိုသည့် မိန်းမကြီးကိုကြည့်ကာ ဂွတိုတို့ဂျင်းထည့်လိုက်ပြီဟု ထင်နေမိသည်။
" အိုးခွဲသွားတဲ့ ကာတွန်းဘောင်းဘီနဲ့ ကောင်လေးက မင်းမလား။ ကျုပ်အိမ်ပေါ်ကဆင်းဆင်းချင်း ခြေထောက်နဲ့ချီးယိုပေါက် တစ်သားထဲကျအောင် ပြေးသွားတာ မင်းမလား "
" ခွီ..! "
သက်နိုင်နှင့်လျှမ်းက ပါးစပ်ကိုလက်အုပ်ကာ တခွီခွီနှင့် ရယ်နေကြလေသည်။ ပင်တိုင်သည်တော့ မျက်နှာကြီးရဲကာ မာန်ဟုမ်ကိုတစ်လှည့် ဒေါ်ငွေခင်ကိုတစ်လှည့် ဟိုကြည့် ဒီကြည့် ကြည့်မိနေသည်။ ပင်တိုင် တကယ်ကိုရှက်ပါသည်။ ဖင်လို့ပြောတော်ရောပေါ့ ဘယ့်နယ့် ချီးယိုပေါက်တုန်း။ ပင်တိုင် ပြန်စွာချင်စိတ်က ပါးစပ်ကို ယားနေလေပြီ။
" အဒေါ်ရယ် ကိုယ်မြင်ရင် ကိုယ့်စိတ်ထဲမှာထားပေါ့ "
" အယ်..ရှက်နေတာလား ကောင်လေးရဲ့။ ကျုပ်မြှင့် ဒီလိုပဲပြောတတ်တာရယ် "
" အော "
" ကျွန်တော့်အိမ်ရကလေး အပြောမတတ်တာကြောင့် မငွေခင်ကို ကျွန်တော်ကပဲ တောင်းပန်ပါတယ် "
" ရတယ်။ ရတယ်။ ဒီလိုဆို ကျုပ်စဉ့်အိုးကြီးလည်းပြန်ရမှာ ဆိုတော့ သွားလိုက်ပါအုံးမယ်။ မနက်ကျ ဘဘုန်းကျောင်းမှာတွေ့မယ် လူပျိုကြီးရေ "
မငွေခင်က တံတောင်ဆစ်အထိရှိသည့် ရွှေလက်ကောက်တွေကို ရမ်းကာ ရမ်းကာဖြင့် ခြံထဲကထွက်သွားလေသည်။ အမှန်ဆို မငွေခင်တို့အိမ်က စဉ့်အိုးကြီးသည် အဖာတရာဖြစ်နေချေသည်။ အသစ်ရမှာကို မငွေခင်တို့ကပျော်တာပေါ့။
မငွေခင်ပြန်သွားထဲက ပင်တိုင်တို့ မျက်နှာပူစရာထိုအကြောင်းအရာကို ထက်မပြောဖြစ်။ ကွပ်ပျစ်ပေါ်မှာ လေအေးခံရင်း လှဲနေကြသည်။ ဦးအိမ်ကတော့ အိမ်ပေါ်ကဆင်းမလာချေ။
လိုင်းမရသည့်အရပ်မို့ ညဘက်တွေအတော့်ကိုပျင်းလှသည်။ ပင်တိုင် အိမ်ပေါ်ကိုပြန်တက်ကာ ဦးအိမ်ဘာလုပ်နေလည်း သွားချောင်းလိုက်သည်။ အိမ်ရှေ့ခန်းမှာရော ဦးအိမ်ရဲ့အခန်းမှာပါ ဦးအိမ်မရှိချေ။ ဒါဆို ဘယ်သွားပါလိမ့်။
တွေ့ပါပြီ။ နောက်ဖေးမှာ အငွေ့တလူလူ ထနေသည့် မြေပေါင်အိုးကြီးရှေ့မှာထိုင်ကာ စာအုပ်တစ်အုပ်ကို ဖတ်နေခြင်းဖြစ်သည်။ ဦးအိမ်ဖတ်သည့်စာအုပ်တိုင်းသည်တော့ ဗုဒ္ဓစာပေတွေသာဖြစ်လိမ့်မည်။
" ဦးအိမ် ညဘက်ကြီး ဘာတွေလုပ်နေတာလဲ "
" မနက်ကျ ဘဘုန်းကိုကပ်ဖို့ ရွှေထမင်းလုပ်မလို့ "
" ရွှေထမင်းက ဘာကြီးတုန်း ဦးအိမ် "
" ခဏနေ ကိုယ်လုပ်တော့မှာလေ လုပ်ပြီးမှကြည့်တော့ "
မြေပေါင်းအိုးအဖုံးကိုဖွင့်ချလိုက်တော့ ကောက်ညှင်းရနံ့က သင်းပျံ့ပျံ့။
ဪ..ကောက်ညှင်းပေါင်းနေတာပဲ။
" ဦးအိမ် ကောက်ညှင်းပေါင်းတာကြီးကို ထမင်းလည်း ဟုတ်ပဲနဲ့ "
" ရော တိုင်ရယ်။ ဒီမုန့်ကိုက ကောက်ညှင်းနဲ့လုပ်ပြီး ရွှေထမင်းလို့ခေါ်တာပါဆိုကွာ "
မာန်ဟုမ် ကျက်ပြိဖြစ်သည့် ကောက်ညှင်းတွေကို ဒန်အိုးထဲထည့်ကာ အသင့်ကြိုထားသည့် မုန့်လုပ်ထန်းလျက်တွေကို အပေါ်မှလောင်းပြီး သစ်သားယောင်းမနှစ်ချောင်းဖြင့် နှံ့အောင်မွှေလိုက်သည်။ ယခုမှ ကောက်ညှင်းရနံ့သင်းပျံ့ပျံ့ရယ် ထန်းလျက်ရနံ့ချိုမြမြရယ်က စိတ်ကျေနပ်ဖွယ်အတိ ထွက်ပေါ်လာသည်။
သမအောင်နယ်ပြီးနောက် ထိုဒန်အိုးကိုမီးဖိုပေါ်တင်ပြီး စေးသည်အထိ ပြန်မွှေနှောက်လိုက်သည်။ ကောက်ညှင်းစေးစေးက ယောင်းမမှာပင် ကပ်ငြိတွယ်နေသည်။ ပြီးသည်နှင့် မီးဖိုပေါ်က ချကာ မီးသတ်လိုက်သည်။ ကောက်ညှင်းအိုးကိုတော့ နည်းနည်းအအေးခံထားပြီး လက်အိတ်ကိုပဲဆီသုတ်ကာ ဝတ်လိုက်သည်။ ပြီးသည်နှင့် ဒန်အိုးထဲက ကောက်ညှင်းတွေကိုယူကာ ဒန်လင်ဗန်းပေါ်၌ လင်ဗန်းနှင့်တစ်ပြေးထဲ ဖိကာဖိကာဖြင့် ပုံသွင်းလိုက်သည်။ တစ်ပေခွဲကျော်ကျော်အချင်းရှိသည့် ဒန်လင်ဗန်းနှစ်ခြပ်ဖြင့် ရွှေထမင်းများ ပြုလုပ်ပြီးစီးသွားသည့်နောက် အုန်းသီးတွေဘက်ကိုလှည့်သွားသည်။
" ဦးအိမ် အုန်းသီးတွေက ဘာလုပ်မလို့လဲ။ အုန်းရေက ကျွန်တော်သောက်လို့ရလား"
" သောက်မလို့လား။ အပူကန်နေပါ့မယ် တိုင်ရယ် မသောက်ပါနဲ့တော့ "
" အဲ့ဆိုလည်းပြီးရော။ ကျွန်တော် မနက်ကျ ဦးအိမ်နဲ့ ဘုန်းကြီးကျောင်းလိုက်မှာမို့ ကျွန်တော့် လာနှိုးနော်။ ကျွန်တော် အိပ်ပြီ"
" အစောကြီးဖြစ်ပါ့မလား တိုင်ရယ် "
" ဖြစ်ပါတယ်ဆို။ အဲ့တာကြောင့် ကျွန်တော် အခုအိပ်မှာလေ "
မာန်ဟုမ် ခေါင်းသာညိမ့်ပြလိုက်ပြီး အုန်းသီးတွေဆက်ခွဲနေလိုက်သည်။
ကိုယ်မှသူ့မနိုင်ဘဲ လိုက်လျောရတာပေါ့။
___________________________________________________
#20.5.22
ရွှေထမင်းက ဒီထဲမှာကျွန်တော် လုပ်နည်း ကွက်တိထည့်ပေးထားတာပါနော်။
တစ်ဆိတ်လောက် မာန်ဟုမ့်အိမ်ကျမှ ဇွဲပင်တိုင်က ပိုဆိုးလာသလားလို့😌
ကိုလီးယားကိစ္စကလေ အိမ်ကအဖွားက ကျွန်တော်တို့ကို စတဲ့ အသံထွက်မို့လို့ ထိခိုက်လိုသည့် ဆန္ဒစိုးစဉ်းမျှမရှိပါပဲ ထည့်ရေးခဲ့ခြင်းဖြစ်ပါတယ်။
ဒီမုန့်လေးလေသိလား။ ပုံ crdပေးပါတယ်