ဖျက်.! ဖျက်.! အောက်အီးအီးအွတ်.!
မနက်(၄)နာရီခွဲ အချိန်မှန်နှိုးတတ်သော နှိုးစက်လိုပင် မနက်ခင်း၏ကြက်တွန်သံသည် (၄)ခွဲအတိမှာထွက်ပေါ်လာသည်။ မာန်ဟုမ်၏ မျက်လုံးတို့သည်လည်း အော်တိုပွင့်သွားပါသည်။ မာန်ဟုမ် မျက်နှာသစ်ကာ ခေါင်းပေါ်မှ ရေလောင်းချိုးလိုက်သည်။ လေစိမ်းတွေကြောင့် အနည်းငယ် အေးနေသော်ငြားလည်း နေသားကျသူအဖို့ မမှု့ပါချေ။
တီ.! တီ.!
အိမ်ရှေ့မှ လာခေါ်ရန်ပြောထားသော သက်န်ုသည် ဆိုင်ကယ်ဟွန်းတီး၍ ရောက်ကြောင်းအသိပေးတော့သည်။ မာန်ဟုမ် သနပ်ခါးရေကျဲကို ပါးပါးပွတ်ကာ သရက်သီးဘူးနှစ်ဘူးကို ထပ်ကိုင်ပြီး ထွက်လာခဲ့သည်။
မာန်ဟုမ် ဝတ်နေကျ မြင်းခေါင်းလက်ပါစွပ်ကျယ်နှင့် ချည်ပုဆိုး အပြာကွက်စိပ်လေးဖြင့်သာ။ သားရေစိမ်းဖိနပ်သည် ရှင်းသန့်သည့် ခပ်ညိုညိုခြေအစုံမှာ ခစားစေသည်။
" ကျောင်းမှာ ဒီနေ့ဘာဆွမ်းတုန်း "
" မုန့်ဟင်းခါးလို့တော့ အမပြောတာပဲဆရာ။ ရွာတောင်ပိုင်းက အရီးဒေါ်ပုတို့လှူတာတဲ့ "
" ဪ စားပွဲတွေရော ခင်းပြီးရဲ့လား "
" အမနဲ့ မနှင်းတော့ထွက်သွားတာကြာပြီ ခင်းပြီးလောက်ရောမယ် "
" အင်း "
သက်နိုင်၏ဆိုင်ကယ်နောက်မှ မာန်ဟုမ်လိုက်လာသည်။ ရွာဦးကျောင်းသည် လယ်ကွင်းစုမှာရှိသည်မို့ လူနေအိမ်တွေနှင့်ဝေးပါသည်။ ခါတိုင်း မာန်ဟုမ်ခြေလျင်သွားတာဖြစ်ပြီး ဒီနေ့မှ သရက်သီးဘူးတွေပါ၍ ဆိုင်ကယ်နှင့်သွားတာဖြစ်သည်။
တောင်ယာလုပ်တဲ့လူတွေမို့ မနက်ခင်းစောစောနိုးကြသည်။ လူငယ်တွေမှအစ ဘုရားတရားသိတတ်ကြသူမို့ ဘုန်းကြီးကျောင်းဝေယာဝိစ္စတွေကို ရွာတောင်ပိုင်းနှင့်မြောက်ပိုင်းအလှည့်ကျ သူ့နေ့နှင့်သူလုပ်ကြသည်။ ဒီနေ့က တောင်ပိုင်း၏နေ့ဖြစ်သည်။ မာန်ဟုမ်က မြောက်ပိုင်းသားဖြစ်ပြီး သက်နိုင်ကတောင်ပိုင်းသားဖြစ်သည်။ တောင်ပိုင်းနှင့် မြောက်ပိုင်းကို အလည်မှာခြားထားသည့် ရိုးပျက်လေးကြောင့် ခွဲခြားသက်မှတ်ထားဟန်။
နက်ပြာရောင်ပျယ်နေသော ကောင်းကင်ကြီးနှင့် အစာရှာသော ငှက်အုပ်စုတို့က မနက်ခင်း၏ အလှဆို ဂလိုင် ဂလောင်မြည်နေသည့် နွားခလောက်သံတွေနှင့် ကြက်ဖတွန်သံတွေသည် ကျေးရွာမှာသာကြားရသော မနက်ခင်း၏တေးသံသာ။
လယ်တောထဲရှိ ဘုန်းကြီးကျောင်း၌ ဝေယာဝိစ္စပြုသူတွေစည်ကားလျက်ရှိသည်။ ဆူဆူညံညံမျိုးမဟုတ်ဘဲ အသံတို့က ခပ်အုပ်အုပ်ဖြစ်သည်။
" အာ လူပျိုကြီးရောက်လာတာလား "
" ဟုတ်တယ် ကိုအောင်ပုရေ။
ကျွန်တော် ဘဘုန်းကို သရက်သီးလာကပ်တာဗျ "
" ဟုတ်ပါပြီဗျာ "
ကိုအောင်ပုဆိုတာ အလှူအိမ်ကမိုးပြဲဒယ်အိုးလိုလူဖြစ်သည်။ အသားမည်းမည်း ဗိုက်ရွှဲရွှဲပေါ့။ ကိုအောင်ပုက ဒီရွာမှာ မာန်ဟုမ်ကို မိန်းမအပေးစားချင်ဆုံးလူဖြစ်ပြီး မာန်ဟုမ်လုပ်သမျှကို အကောင်းမြင်သည့်လူမဟုတ်။ ဥပမာ-သက်နိုင်ကို ကျောင်းထားပေးခြင်းသည် သက်နိုင်၏အစ်မ မနှင်းကိုကြိုက်၍ဟူ၍လည်းကောင်း၊ စိုးညွှန့်ကို စာရင်းငှားခန့်ခြင်းသည် စိုးညွှန့်၏ ညီမကို ပိုးချင်သည် ဟူ၍လည်းကောင်း၊ ကုန်ကုန်ပြောရရင် မာန်ဟုမ်ပတ်သက်မိသမျှ လူတိုင်း၏ နှမတွေနှင့် မာန်ဟုမ်ကို ပေးစားသည့် လူဖြစ်သည်။ မကူညီချင်စိတ်ရှိပြီး မနောကောင်းသည့်လူပင်မယ့် ပေါင်းရသင်းရကြပ်သည့် လူမျိုးဖြစ်သည်။ အခုလည်း သူတို့တောင်ပိုင်းက မိန်းမလှလေးတွေကို ရှိတ်ချင်၍ လာသည့်သဘောမျိုးဖြင့် ပြီတီတီလာကြည့်နေသည်။
မာန်ဟုမ်သည် နားလည်နိုင်စွာ ကျောခိုင်းပြီး ဆရာတော်များ ဆွမ်းဘုန်းနေသည့် အဆောင်ဘက်ကိုသာလျှောက်လာခဲ့သည်။
ဤကျောင်းသည် ရွာအနီးအနားရှိသည့် ရွာများကပါ ကိုးကွယ်သည့် သက်တမ်းအရင့်ဆုံးကျောင်းဖြစ်သည့်အလျှောက် သံဃာတော်များသည်။ သံဃာအိုများ၊သံဃာပျိုများနှင့် ကိုရင်လေးများပေါင်းလျှင် အပါး(၇၀)နီးပါးရှိသည်။ ကျောင်းထိုင်ဆရာတော်သည် သက်တော်(၇၀)ကျော်ပြီဖြစ်ပြီး ဘုန်းတန်ခိုးကြီးသည်။ ကြည်ညိုသူပေါများသည်။
ကျောင်းထိုင်ဆရာတော်သည် သက်တော်အကြီးဆုံး ဝါတော်အကြီးဆုံးဖြစ်သည့်အလျောက် ဆွမ်းစားဆောင်၏ လေသာပေါက်ဘေးရှိ ခုံရှည်စားပွဲနှင့် ခုံရှည်ကုလားထိုင်ပေါ်မှာထိုင်နေကာ ဆွမ်းဘုန်းနေလေသည်။မာန်ဟုမ်ရောက်သွားတော့ ဘဘုန်းက ဆွမ်းဘုန်းပြီးပြီဖြစ်ကာ အချိုပွဲဘုန်းနေလေသည်။
" ဘဘုန်း ဘုရား "
" အိမ်း ဒကာကြီးရောက်လာတာနဲ့ အတော်ပဲ။ ဘုန်းကြီးလည်း ဒကာကြီးနဲ့တိုင်ပင်စရာရှိတယ် "
" မှန်ပါ့ ဘုရား။ တပည့်တော်က ညီညီ့ရဲ့အကိုထည့်ပေးလိုက်တဲ့ စိန်တစ်လုံးတွေ လာကပ်တာပါ ဘုရား "
" အိမ်းကွဲ့..ကျောင်းဆောင်ပေါ်ယူသွားချီ..ဘုန်းကြီးလည်း ကျောင်းဆောင်ပေါ်တက်တော့မှာကွဲ့ "
" တင်ပါ့ဘုရား "
မာန်ဟုမ် သရက်သီးဘူးတွေကိုင်ကာ ဆွမ်းစားဆောင်၏ အပေါ်ထက်ရှိ နှစ်ထပ်ကျောင်း ဆောင်ပေါ်တက်ခဲ့သည်။ ဘဘုန်းသည်တော့ တုတ်ကောက်တောင်ဝှေးကို တတောက်တောက်ထောက်ကာ ကျောင်းဆောင်ပေါ်တက်လာသည်။ သီလသမာဓိကောင်းသည့် ဘဘုန်းသည် အခုထိ သန်တုန်း၊မြန်တုန်းပင်။
အပေါ်ထပ်ရှိ လေသာပေါက်ဘေးတွင် စားပွဲဝိုင်းဖြင့် အကြမ်းရေအိုးနှင့် မုန့်ခြောက်များရှိကာ တစ်ယောက်ထိုင် သင်ပြူးဖျာကြမ်းလေးပါရှိသည်။ ဘဘုန်းသည် သင်ပြူးဖျာကြမ်းလေးမှာ ထိုင်ပြီး အကြမ်းပန်းကန်လုံးကို ကျင်းနေသည်။
မာန်ဟုမ် ဘဘုန်းရှေ့မှာ သရက်သီးဘူးဖွင့်ကာ ကပ်လိုက်သည်။
" အခုလိုလှူရသော အကျိုးအားကြောင့်...."
ဘဘုန်းက လှူဖွယ်သရက်သီးဘူးကိုကိုင်ကာ အမျှဝေစေသည်။
" သာဓု သာဓု သာဓု "
" မနက်ဖြန် ဒကာကြီးတို့မလား "
" တင်ပါ့ ဘုရား "
" အဲ့တာဆို သရက်သီးတွေ ဒကာကြီးပဲသိမ်းသွားလိုက် မနက်ဖြန်မနက်မှ ဘုရားဆွမ်းကပ်ချီ"
" တင်ပါ့ ဘုရား "
" ဒကာကြီးကို ဘုန်းကြီးတိုင်ပင်စရာရှိတယ်ကွဲ့ "
" တင်ပါ့ ဘုရား "
မာန်ဟုမ် ဘဘုန်းရှေ့၌ ကိုယ်ကိုကြုံ့ထိုင်ပြီး လက်အုပ်ချီထားကာ မျက်လွှာချထားသည်။
" မူလတန်းကျောင်းလေးကို ဘုန်းကြီး ဒီနွေမှာ ပြန်ပြင်စေချင်တယ်ကွဲ့။ နဂိုဆောက်ကထဲက မခိုင်ခန့်တော့ မိုးတွင်းကျ ကလေးတွေအတွက် စိတ်ပူရတယ်ကွဲ့ "
" တင်ပါ့ ဘုရား။ တပည့်တော်လည်း ပြန်ပြင်ဖို့ တွေးထားပြီးသားပါ ဘုရား "
" ဒကာကြီးတစ်ယောက်ထဲ အကုန်အကျမခံနဲ့ကွဲ့ ရပ်ထဲ ရွာထဲကလူတွေကို နှိုးဆော်ပေးပါအုံး။ ကျောင်းဆောက်တဲ့ ကုသိုလ်က နည်းတာမဟုတ်ဘူးကွဲ့ "
" တင်ပါ့ ဘုရား။ တပည့်တော် ရွာကလူတွေနဲ့တိုင်ပင်လိုက်ပါ့မယ် ဘုရား "
" အိမ်း ကောင်းသကွဲ့။ ဘုန်းကြီးကတော့ ဖြစ်နိုင်ရင် မိုးမကျခင်ပြီးစေချင်တယ်ကွဲ့ "
" တင်ပါ့ ဘုရား "
ဘဘုန်းပြောသည့်ကိစ္စကို မာန်ဟုမ် အစထဲက တွေးထားပြီးသားဖြစ်သည်။ ရွာလည်ရှိ မူလတန်းကျောင်းလေးသည် သစ်သားဖြင့်ဆောက်ထားသည်ဖြစ်ရာ နှစ်ကြာသည်နှင့် သွပ်တို့ကပေါက်ပြဲလာပြီး သစ်သားက ဆွေးမြေ့လာသည်။ ရိုင်ရိုင်နဲ့နဲ့ တကျွိကျွိမည်သော ကျောင်းလေးဖြစ်သည်။
" ဘဘုန်း ဘုရား။ တပည့်တော်လည်း ဘဘုန်းကို မေးစရာရှိပါတယ် ဘုရား "
" ပြောကွဲ့ "
" တပည့်တော် ပတ်ဝန်းကျင်အမြင်မတင့်တဲ့ ကိစ္စရပ်တစ်ခုကို စိတ်ကအတန်တန်တားသည့် ကြားက လုပ်ချင်နေမိပါတယ် ဘုရား။ တပည့်တော် ဒီစိတ်ကြောင့် ပူပင်သောကရောက်ရပါတယ် ဘုရား။ ဒီစိတ်ကို ဘယ်လို ဖျောက်သင့်ပါသလဲ ဘုရား "
" အိမ်း..အဲ့ကိစ္စရပ်ကို ဘုန်းကြီးကို ပြောပြပေးလို့ရသလားကွဲ့ "
" ရပါတယ် ဘုရား။ တပည့်တော် မျိုးတူ ယောင်္ကျားလေးတစ်ယောက်အပေါ် မေတ္တာရှိမိနေပါတယ် ဘုရား။ သဘာဝမဆန်တဲ့ကိစ္စရပ်၊ ပတ်ဝန်းကျင် အမြင်မတင့်တဲ့ ကိစ္စရပ်တစ်ခုမို့ တပည့်တော် စိတ်သောကရောက်ရပါတယ် ဘုရား။ တပည့်တော်ကြောင့် တစ်ဖက်အမျိုးသားစိတ်ဆင်းရဲမှာကို လွန်စွာ ကြောက်ရပါတယ် ဘုရား "
" အိမ်း..မျိုးတူသည် ဖြစ်စေ၊ မတူသည်ဖြစ်စေ ချစ်မေတ္တာဆိုတဲ့ သဘောက အနည်းနဲ့အများတော့ သောကရောက်ရတယ်ကွဲ့။ ပုထုစဉ်လူသားမို့ ချစ်မေတ္တာကို ကွေကွင်းနေလို့မရပေဘူးကွဲ့။ ရေစက်ပါရင်တော့ သဘာဝဆန်ခြင်း မဆန်ခြင်းက အရေးမကြီးတော့ဘူးကွဲ့။
သတ္တဝါတိုင်းအပေါ် မေတ္တာထားတာ ကောင်းတဲ့ကိစ္စပါ ဒကာကြီး။ ပတ်ဝန်းကျင်ဆိုတာ ချီးမွန်းတစ်လှည့် ကဲ့ရဲ့တစ်လှည့်ပါ ဒကာကြီး။ မိမိစိတ်ချမ်းသာရာကို ဒကာကြီးဆောင်ရွက်နိုင်ပါတယ် ဘုန်းကြီးကတော့ ဒီလောက်ပဲ ထင်မြင်ချက်ပေးနိုင်တယ်ကွဲ့ "
" တင်ပါ့ ဘုရား။ တပည့်တော် မှတ်သားထားပါ့မယ် "
မာန်ဟုမ် သူတစ်ပါးအပေါ်ရင်ဖွင့်လို့မရသည့်ကိစ္စရပ်တွေကိုတောင် ဘဘုန်းဆီက အကြံဉာဏ်ယူတတ်သည်။ ဘဘုန်းက အမနှင့်အဘ(အမေနှင့်အဖေ)တို့မဆုံးခင်ကထဲက ကိုးကွယ်လာသည့် ဘုန်းကြီးမို့ ဆရာသမားတစ်ဦးလို မာန်ဟုမ် အမြဲလေးစားကြည်ညိုကာ အကြံဉာဏ်တွေတောင်းတတ်သည်။
မာန်ဟုမ် သရက်သီးဘူးတွေကို ကျောင်းဆောင်ပေါ်မှာပဲထားခဲ့ပြီး ဘဘုန်းကို ထိခြင်းငါးပါးဖြင့် ဦးချကာ ဆွမ်းစားဆောင်ဘက်ထွက်လာခဲ့သည်။
" ကိုမာန်ဟုမ်ကြီး မုန့်ဟင်းခါးစားကြွပါအုံး "
ဝေယာဝိစ္စတွေကို သံဃာတွေဆွမ်းဘုန်းပြီးသည်နှင့် တစ်ပါထဲကျွေးတာကြောင့် ဆွမ်းစားဆောင်ထဲတွင် ဝေယာဝိစ္စအဖွဲ့ပဲရှိတော့ချေသည်။ ကျောင်းဝန်းထဲတွင်တော့ သံဃာများ သီတင်းသုံးနေကြသည်။
မာန်ဟုမ် ဝေယာဝိစ္စအဖွဲ့ဘက်ကို ခေါင်းခါပြပြီး သက်နိုင်၏ ဆိုင်ကယ်ပေါ်သို့ တက်လိုက်သည်။
" သက်နိုင် နွားနို့ရသေးလား "
" ရတယ် ဆရာရေ ကျွန်တော် တော်ကြာကျ ညှစ်ပြီးလာပို့မယ် "
" အေး အေး။ ဈေးခဏဝင်အုံးမယ် အိမ်မှာ ပေါင်မုန့်တွေရှိပေမယ့် ဆနွင်းမကင်းနဲ့ ကောက်ညှင်းပေါင်းဝင်ဝယ်အုံးမယ် "
" ကျွန်တော့်ဆရာလည်း မြို့သားနှစ်ယောက်ကြောင့် အလုပ်ရှုတ်ရပြီ "
" မဟုတ်ပါဘူးကွာ "
မာန်ဟုမ် ဈေးထဲသွားပြီး ကောက်ညှင်းပေါင်း ငါးရာဖိုး၊ ဆနွင်းမကင်းငါးရာဖိုးဝယ်လိုက်သည်။ သဘောမနောကောင်းသည့် သူများမို့ ငါးရာဖိုးဆို ပန်းကန်တစ်ချပ်ရလေသည်။
မာန်ဟုမ် အိမ်ပြန်ရောက်သည်နှင့် ရန်ကုန်သားနှစ်ယောက်ဟာမနိုးသေး။ ခရီးပမ်းသွားလို့ဖြစ်လိမ့်မည်။ မာန်ဟုမ် ထမင်းအိုးတည်လိုက်သည်။ မီးသွေးနှင့်ရေခမ်းချက်တာဖြစ်သည်။ တစ်ပါထဲ မြေပဲဆားလှော်ပါ လှော်လိုက်သည်။
ပြီးနောက် ဘုရားသောက်တော်ရေလဲကာ ပန်းကန်ပြားတစ်ချပ်နှင့် ထမင်းဦးပေါင်းကိုထည့်ပြီး ဇလုံးအသေးနှစ်လုံးဖြင့် ငါးဘဲကြော်နှင့်မြေပဲဆားလှော်ကိုထည့်လိုက်ကာ ဘုရားကျောင်းတော်ပေါ်တင်လိုက်သည်။ ပြီးနောက် ဘုရားရှိခိုးဆွမ်းတော်ကပ်လိုက်သည်။ မာန်ဟုမ် ဘုရားရှိခိုးချိန်သည် ပျမ်းမျှ လေးဆယ့်ငါးမိနစ်လောက်ရှိသည်။
" ဆရာရေ နွားနို့ရပြီဗျို့ "
သက်နိုင် အိမ်ရှေ့မှ နွားနို့နှစ်ဘူးကိုင်ကာ အော်တော့ မနက်စာပြင်နေသည့် မာန်ဟုမ် အိမ်ရှေ့ကိုလာပြီး နွားနို့လာယူရသည်။
" ရော့သက်နိုင် "
မာန်ဟုမ် ကျသင့်သည့် အဖိုးအခကို ပေးလိုက်တော့ သက်နိုင်က ခေါင်းရမ်းပါသည်။
" မယူပါဘူး ဆရာရယ်။ ဆရာတပည့်တွေပဲဟာ "
" မင်းကိုပေးတာမဟုတ်ဘူး။ မင်းအမ(အမေ)ကိုပေးတာ။ နွားတွေက မင်းနွားမှမဟုတ်တာ သက်နိုင်ရယ် "
" ကျွန်တော့်ဆရာက ကျွန်တော့်ကို အထင်သေးပြန်ပြီ။ နောက်နှစ်နှစ်လောက်ကျရင် ဆရာ့ကို ကျွန်တော့်နွားတွေရဲ့နွားနို့လာပို့ပါ့မယ်ဗျာ "
" ကြည့်ရသေးတာပေါ့ကွာ "
လူငယ်တွေက အလုပ်မလုပ်ချင်တာမျိုးမဟုတ်ဘဲ တွန်အားမရှိ၍ ပျင်းရိကြခြင်းဖြစ်သည်။ ပန်းတိုင်မရှိ၍ လမ်းပျောက်ကြခြင်းဖြစ်သည်။ ပန်းတိုင်ရှိသည့် လူတစ်ယောက်သည် ကြားမှာတွေဝေမည့်အချိန်မရှိဘဲ ပန်းတိုင်ကိုသာ တည့်တည့်သွားပါလိမ့်မည်။
မာန်ဟုမ် အနောက်ဖေးမှာကျန်နေသည့် မီးသွေးဖိုထဲက မီးဖြင့် နွားနို့ကို ဒန်အိုးထဲထည့်ကာ ထပ်တည်လိုက်ပါသည်။
" Morning ဦးအိမ် "
တဘတ်ကိုလည်ပင်းပတ်ကာ ခေါင်းစုတ်ဖွားဖြင့် မပြေမပျစ်နှုတ်ဆက်လေသည်။
" Morning တိုင်။ မျက်နှာသွားသစ်လေ ရေပါချိုးချင်ချိုးလိုက်။ ပြီးရင် ကိုယ်မနက်စာပြင်ထားတယ် လာစား "
" ဟုတ် ဦးအိမ် "
အုတ်ကန်နားကို ခေါင်းစုတ်ဖွားဖြင့် ပင်တိုင်ထွက်လာလေသည်။ မာန်ဟုမ် ဟင်းချက်သည့် မီးဖိုနှင့် အုတ်ကန်သည် မျက်စောင်းထိုးအနေအထားဖြင့်ရှိသည်။ မာန်ဟုမ်သည် နွားနို့အိုးတည်ထား၍ မီးဖိုနားကမခွာချေ။
ပင်တိုင် အုတ်ကန်ဘေးက ကြိုးတန်းမှာ တဘတ်ကိုတင်ပြီး မျက်နှာသစ်၊သွားတိုက်လုပ်နေသည်။ ရေတော့မချိုးသေးပါချေ။
လူတွေပြောကြတာ မိန်းကလေးတစ်ယောက်က အိပ်ရာထချိန်မှာ ပိုလှတယ်တဲ့။ အခုမိန်းကလေးမဟုတ်သော အမျိုးသားလေးတစ်ယောက်၏ အိပ်ရာထချိန်အလှကို နေရောင်ထဲ၌ ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည့်အခါ မာန်ဟုမ်စိတ်ထဲတွေးမိသွားသည်က ချစ်တဲ့သူမို့ အိပ်ရာထချိန်လှသည်ဟု မြင်တာဖြစ်ပါလိမ့်မည်။
ဟုတ်သည်။ မာန်ဟုမ် ပင်တိုင့်အပေါ် မြင်မြင်ချင်းချစ်မိသည်။ ဘယ်လောက်ပဲ တရားသမားဖြစ်ဖြစ် ပုထုစဉ်လူသားပဲဆိုတာ တိုင်နဲ့တွေတဲ့ နေ့မှစ၍ မာန်ဟုမ်လက်ခံသွားရချေသည်။ အသက်(၃၄)ကျော်လူတစ်ယောက်က ကိုယ့်ရင်ခုန်သံကို မသိပါဘူးဆိုလျှင် ညာတာသာဖြစ်ပါလိမ့်မည်။
_________________________________________
#14.5.22
အဆင်မပြေတဲ့ နေရာများရှိရင် လာပြောကြဖို့ မေတ္တာရပ်ခံပါတယ်ဗျ။