"သင်္ကြန်ကျပြီ...။ သင်္ကြန်ကျပြီ ဟေး..."
ရင်ခေါင်းထဲကနေ အော်လိုက်လေသလားဟု မှတ်ထင်ရသော အသံသည် ကျွန်တော် အိပ်နေသော အိပ်ခန်းထဲသို့ ပြတင်းပေါက်မှ တဆင့် တိုးဝင်လာပုံရသည်။ ကျွန်တော်သည် ထိုအသံကြောင့် လန့်နိုးသွားရစေကာမူ ချက်ချင်းမထမိသေးဘဲ ခေါင်းရင်းရှိ ပြတင်းပေါက်သို့ အရင်မော့ကြည့်မိသည်။
ဘေးကို တွန်းဖွင့်ရတဲ့ ဆလိုက်ဒိုးတံခါးမှန်က
တစ်ဝက်တိတိ ပွင့်နေပါရောလား။
ထို ပြတင်းပေါက်၏ အပြင်ဘက်တွင် အိမ်နှစ်အိမ်ကို စည်းခြားထားသော အုတ်နံရံကြီးတစ်ခု ရှိနေသည်။ အုတ်နံရံသည် သိပ်အမြင့်ကြီး မဟုတ်ဘဲ ကျွန်တော့်အခန်း ပြတင်းပေါက်၏ အမြင့်ဆုံး ဘောင်ထက်ပင် တစ်ဝက်တိတိ နိမ့်နေသေးသည်။
ထို့ကြောင့်ပင် ခေါင်းရင်းအိမ်တွင် နေကြသော ကျွန်တော့်ဝမ်းကွဲများက အုတ်နံရံဘောင်ပေါ်မှတဆင့် ကျွန်တော့်ရဲ့ အိပ်ခန်းထဲသို့ လှမ်းလှမ်းချောင်းနိုင်ခြင်း ဖြစ်သည်။ သူတို့ဘက်က ကြည့်မည်ဆိုလျှင် တစ်ခန်းလုံးကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်သော်လည်း ကျွန်တော့်ဘက်က ကြည့်မည်ဆိုလျှင်တော့ သူတို့ရဲ့ ဦးခေါင်းကလေးတွေကိုသာ မြင်ရပါသည်။
အခု ကျွန်တော်မြင်လိုက်ရတာက အုတ်နံရံဘောင်ပေါ်သို့
မရမက မေးတင်ထားလေသော ခေါင်းကလေးနှစ်လုံးသာ...။
ကျွန်တော်သည် သူတို့နှစ်ယောက်ကို မြင်သော်လည်း နှုတ်ဆက်စကား မပြောဖြစ်ဘဲ သံရှည်ဆွဲသံကိုသာ ပြုရင်း တစ်ကိုယ်လုံးရှိ အကြောအခြင်တွေကို တဂျွတ်ဂျွတ် မြည်စေသည်အထိ အပျင်းကြောဆွဲနေလိုက်သည်။
"ဟေ့ကောင် တတ...။ နိုးနေရင်လည်း ထတော့ကွာ။ သင်္ကြန်ကျပြီကွ။ ငါတို့က ရေကစားဖို့ မင်းနိုးတဲ့အထိ စောင့်နေရတာ။"
သင်္ကြန်....။ ရေကစားဖို့...။ ဆိုသော စကားလုံးများ၏ ဆွဲဆောင်မှုကြောင့် ကုန်းရုန်းထလိုက်ရစဉ်၌ ကိုထွန်းထံမှ ရယ်သံကြီးကို ဆက်ဆက်ကြားလိုက်ရသည်။ ကိုထွန်းက ညီဖြစ်သူ ကိုငယ်ဘက်သို့လှည့်ကာ "ငါ အအိပ်မက်တဲ့ ကာလနဂါးကို နှိုးနိုင်ခဲ့ပြီ တွေ့လား။ " ဟူ၍လည်း ပြောချင်ပြောနေလိမ့်မည်။
"ကိုထွန်း ငါ့ဘာသာငါ ရေဆော့ချင်လို့ထတာနော်။ မင်းနှိုးလို့မဟုတ်ဘူး။"
အကြောင်းသိဖြစ်သူ ကျွန်တော်က ဒဲ့တိုးပြောချလိုက်ချိန်မှာတော့ ကိုထွန်းမျက်နှာကြီး မအီမလည်ဖြစ်သွားရှာသည်။ ကိုငယ်နဲ့ ကျွန်တော်ကတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ပြုံးစိစိ။
"မင်းတို့ ငါ့ကိုလှောင်နေကြတယ်နော်။ အချိန်ကိုလည်း ကြည့်လိုက်ဦး။ ကိုးနာရီခွဲနေပြီ။ "
ကိုထွန်းသတိပေးလိုက်တော့မှ လက်ပတ်နာရီကို ငုံ့ကြည့်မိတော့ ဟုတ်ပါရဲ့။တကယ်ကြီး ကိုးနာရီခွဲနေပြီ။
"ကိုထွန်းတို့က စောစောလာနှိုးရမှာဗျာ။ "
ကျွန်တော့်စကားကြောင့် ကိုထွန်းခမျာ မျက်လုံးအပြူးသားနှင့်။ ဤတွင် ကိုငယ် ဝင်ပြောတာက" ငါတို့ မင်းကို လာနှိုးနေတာ ရှစ်နာရီကတည်းက..."တဲ့။
ကျွန်တော့်ကို ကာလနဂါးဆိုသောနာမည်
သူတို့ပေးထားတာလည်း လွန်တော့မလွန်ပါဘူးလေ။ ကိုယ့်ဘာသာကိုယ် သဘောတကျပြုံးရင်း အခန်းထဲမှ ထွက်လာခဲ့သည်။ မီးဖိုချောင်ထဲ အပြေးအလွှားဝင်လာတဲ့ ကျွန်တော့်ကြောင့် မေမေရော၊ မမခိုင်ပါ လန့်သွားကြသည်ထင်။ မေမေသည် ဟင်းမွှေနေရာမှ လှည့်ကြည့်လာသလို၊ မမခိုင်သည်လည်း ငရုတ်သီးထောင်းနေရာမှ လှည့်ကြည့်လာသည်။
"ကာလနဂါးလေး နိုးပြီပေါ့။ "
အိမ်သာထဲသို့ အရင်ပြေးဝင်လိုက်သော ကျွန်တော်က မေမေ့အမေးကို ထွက်လာမှ ပြန်ဖြေရသည်။
"နိုးပြီမေမေရေ။ ကိုထွန်းနဲ့ကိုငယ်တို့ လာနှိုးလို့ပေါ့။ မဟုတ်ရင် ဘယ်အချိန်ထိတောင် အိပ်နေမိမလဲ မသိဘူး။ မေမေကလည်း ကိုယ့်သားအကြောင်းကို သိရက်သားနဲ့ လာမနှိုးဘူးနော်။ "
မေမေက ကျွန်တော့်စကားကို အရင်မဖြေဘဲ မမခိုင်ဘက်လှည့်ပြီး "ငပြူးက ငပြဲလုပ်နေတယ်။" ဟူ၍ ပြောလိုက်သေးသည်။ မမခိုင်ကလည်း မေမေ့စကားကို ငရုတ်သီးထောင်းနေရင်းကြားမှ ခေါင်းညိတ် ထောက်ခံပေးနေသည်။
ပြီးတော့မှ မေမေက...
"ကျွန်မလာနှိုးပါတယ်ရှင်။ အစ်ကိုတော်က လက်ငါးချောင်းထောင်ပြပြီး ငါးမိနစ်ပဲ မေမေဆိုတော့ ကျွန်မလည်း မနှိုးရဲတော့ဘူးပေါ့။ အဲ့ဒါနဲ့ ပြတင်းပေါက်တံခါးပဲ ဖွင့်ပေး ခဲ့လိုက်တယ်။ အထွန်းနဲ့အငယ်တို့ဘာသာ နှိုးပါစေတော့ဆိုပြီး။" ဟု ပြောရင်း ကျွန်တော့်ခေါင်းကို ခပ်ဖွဖွထုသည်။
"သားမသိလိုက်ဘူးလေ မေမေရ။ ကိုထွန်းတို့လည်း ရှစ်နာရီကတည်းက လာနှိုးတယ်လို့ပြောတယ်။ ဒါပေမယ့် လာနှိုးတဲ့အသံကို သားတကယ်ကြားတာက ကိုးနာရီခွဲမှ...ဟီး...။"
မေမေ့မျက်စောင်းက ကျွန်တော့်ဆီသို့ လှလှပပကြီးရောက်လာသည်။ မေမေ့ရင်ခွင်ထဲသို့ ခိုဝင်လိုက်သော ကျွန်တော်က ကျောင်းပြန်ဖွင့်တဲ့အခါ ခုနှစ်တန်းတက်ရတော့မှာ ဆိုပေမယ့် ယခုအချိန်အထိ ကလေးဆန်နေဆဲပါ။ ဒါကလည်း ကလေးလို ဆက်ဆံတဲ့သူရှေ့မှာမို့ ဖြစ်ပါလိမ့်မည်။
ကျွန်တော့်အစ်ကိုဝမ်းကွဲတွေနဲ့သာဆိုရင် တောင်းတနေ တို့က လူကြီးတစ်ယောက်လို မိုက်ရဲ၊ကမ်းရဲတယ်လေ။ အထူးသဖြင့် နောက်ဖေးလမ်းကြားမှာ ဖြစ်တဲ့ သင်္ကြန်ရေတိုက်ပွဲ မှာလိုမျိုးပေါ့...။
"ကဲ သွား...သွား။ အင်္ကျီသွားလဲတော့လေ။ ဗီရိုရှေ့မှာ အဆင်သင့်ထုတ်ပေးထားတယ်။"
သွက်လက်သောခြေလှမ်းများဖြင့် အပေါ်တက်လာခဲ့တော့ မေမေပြောသည့်အတိုင်း ဗီရိုရှေ့ရှိ စာကြည့်စားပွဲခုံပေါ်တွင် တွေ့လိုက်ရသည်က စပိုက်ဒါမန်းပုံပါသော တီရှပ်ကလေးနှင့် ဒူးထိရှည်သော မိုးပြာရောင် ဂျင်းဘောင်းဘီတို့ဖြစ်သည်။ သင်္ကြန်မကျခင် လေးငါးရက်လောက်အလိုကတည်းက ဗိုလ်ချုပ်ဈေးထဲသွားပြီး ကျွန်တော့်စိတ်တိုင်းကျ ဝယ်ခဲ့သော အဝတ်အစားများဖြစ်သောကြောင့် ကိုယ်ပေါ်မရောက်သေး ခင်ကပင် စိတ်ပျော်နေသည်။
ဒီလို အင်္ကျီအသစ်တွေ ဝတ်ရဖို့အတွက် သင်္ကြန်ကို
ဘယ်လောက်တောင်မှ မျှော်လိုက်ရသလဲလေ...။
အဝတ်အစားကို ခပ်သွက်သွက်လဲကာ အောက်ထပ်သို့ ပြေးဆင်းသွားလိုက်သည်။ အိမ်ရှေ့ရောက်တော့ ရေမြောင်းပေါ်ရှိ တံတားပေါ်တွင် ခုံတစ်လုံးနှင့် ထိုင်စောင့်နေသော မေကြီးကို တွေ့လိုက်ရပါသည်။
"မေကြီး...ဘာလုပ်နေတာလဲ...။"
ကျွန်တော်က အဘွားကို မေကြီးဟုသာခေါ်သည်။ ငယ်ငယ်ကတည်းက နှုတ်ကျိုးခဲ့ရသော အခေါ်အဝေါ်အား ဘယ်သူက စသင်ပေးခဲ့မှန်းမသိသော်လည်း အသက်ခြောက်ဆယ်ကျော်အရွယ် ကျွန်တော့်အဘွားက အရွယ်နဲ့မလိုက်အောင် နုလွန်းတာကြောင့် နဂိုအတိုင်းသာ ခေါ်ဖြစ်နေခဲ့သည်။
နုဆို မေကြီးခေါင်းပေါ်မှာ ဆံပင်ဖြူတစ်ချောင်းမှ မရှိဘူးလေ။ ဆံပင်ဖြူမရှိရတဲ့ လျှို့ဝှက်ချက်က တခြားကြောင့် မဟုတ်ဘဲ ဆေးဆိုးထားလို့...။ ဟုတ်တယ်..ဆေးဆိုးထားလို့။
"မောင်တတ နိုးလာတော်မူပြီပေါ့။ ရှင်ရောက်မလာသေးလို့
ကျုပ်မယ် ထိုင်စောင့်နေရတာ။ "
ဇာတ်သံနှင့်ပြောလိုက်သော မေကြီးကြောင့် ကျွန်တော်အူလှိမ့်အောင် ရယ်လိုက်ရသေးသည်။ ကျွန်တော့်ရယ်သံကြောင့် မေကြီးက မျက်စောင်းထိုးစဉ် ရယ်သံကြား၍ထွက်လာကြသော ကိုထွန်းနှင့် ကိုငယ်တို့ ညီအစ်ကိုနှစ်ယောက်ကလည်း ပြုံးစိပြုံးစိနှင့် အနားရောက်လာကြသည်။
"ကဲ သွားဆော့ကြတော့။ ရေက ဖြည့်ပြီးတာကြာလှနေပြီ။ လမ်းသရဲလေးတွေ လာယူမှာစိုးလို့ ရှူးပေါက်ချင်တာတောင် အောင့်ထားတာလေ။ "
မေကြီးတစ်ယောက် ပြောရင်းဆိုရင်း ထဟန်ပြင်နေစဉ်
ကျွန်တော်က
"အော် မေကြီးရယ်။ ကိုထွန်းတို့ကို ခဏကြည့်ခိုင်းထားလည်းရတာပဲကို။"
"ရတာပဲ မလုပ်နဲ့။ ငထွန်းတို့က အားနာတတ်တယ်။ လာတောင်းတာနဲ့ ပါသွားမှာ။ ရေက အလကားရတာ မဟုတ်ဘူး။ "
"မေကြီးကလည်း ဒီလောက်လေးနဲ့များ ဘာဖြစ်တာမှတ်လို့။ သားတို့က သူများဆီကနေ ရေဝယ်သုံးရတာလည်း မဟုတ်ဘူးလေ။ "
"ဟဲ့ ဝယ်မသုံးရပေမယ့် မီတာနဲ့ စက်မောင်းပြီးမှရတာ အစ်ကိုလေးရဲ့။ မေကြီးကတော့ ငါ့မြေးလေးအတွက်ပဲ စေတနာရှိတယ်ဟေ့။"
မေကြီးစကားက ကိုထွန်းတို့ညီအစ်ကိုအတွက် အနှောင့်အသွားမလွတ်သကဲ့သို့ ဖြစ်သွားသောကြောင့် ကျွန်တော်သည်လည်း အနေခက်သွားမိသည်။ ထို့ကြောင့်ပင် မေကြီးကို အိမ်ထဲဝင်ခိုင်းကာ ကိုထွန်းနှင့် ကိုငယ်တို့ကိုလည်း ရေတိုင်ကီတွေချထားရာ လမ်းမဘက်သို့ ဆွဲခေါ်လာခဲ့သည်။ တိုင်ကီထဲတွင် အသင့်ရှိနေသော ရေခွက်များအား တစ်ယောက် တစ်ခွက် ယူကိုင်ကြပြီးနောက် ကိုထွန်းက ပြောလာသည်။
"ဘွားဘွားရီက ငါတို့အမေကို မကျေနပ်သေးဘူးထင်တယ်နော်။"
"ဟုတ်တယ် တတ ငါလည်းအဲ့ဒါပြောချင်နေတာ။ သူတို့နှစ်ယောက် ရန်ဖြစ်ခဲ့တယ်ဆိုတာက ဘယ်လောက်များကြီးလို့ အခုထက်ထိ မခေါ်နိုင်၊မပြောနိုင်ဖြစ်နေကြတာလဲ မသိဘူး။ ငါတို့ညီအစ်ကို နှစ်ယောက် မင်းနဲ့လာဆော့ရတာလည်း မျက်နှာပူပူနဲ့ပါကွာ။ ဘွားဘွားရီက အဲ့လိုထေ့လိုက်ရင် ငါတို့လည်း မနေတတ်ဖြစ်ကုန်ရော။"
"မသိပါဘူးကွာ။ အဲ့ကိစ္စထားလိုက်ပါတော့။"
ထို့နောက် သုံးယောက်သား ပြိုင်တူသက်ပြင်းချမိကြသည်။ ကျွန်တော်တို့ မမီလိုက်တဲ့ အတိတ်က အကြောင်းအရာတွေ အတွက် ဆက်ပြောစရာစကားလည်း မရှိတော့တာမို့ ရေခွက်ကလေးတွေ ကိုယ်စီပိုက်ကာ ငိုင်နေကြပြီးမှ ကိုငယ်ကစ၍ ရေပက် လိုက်သောကြောင့် လမ်းသွားလမ်းလာများ နည်းနေစဉ်တွင် ကျွန်တော်တို့ အချင်းချင်းသာ သူတစ်ပြန်ကိုယ်တစ်ပြန် စနောက်ရင်း ဆော့နေလိုက်တော့သည်။
အကြိုနေ့ဖြစ်သည့်အပြင် မနက်ပိုင်းလည်းဖြစ်သောကြောင့် လမ်းမပေါ်တွင် လူသွား၊လူလာနည်းပါးနေသည်။ အကျနေ့ကျမှ ရေပက်ခံထွက်လာသူများသဖြင့် ဘွားဘွားတို့က လူများသည့် ရက်မှသာ ကစားစေချင်ကြသော်လည်း ကျွန်တော်တို့ သုံးယောက်ကတော့ သင်္ကြန်လေးရက်စလုံးကို ဤကဲ့သို့ အချိန်အပြည့်အဝယူကာ ကစားတတ်ကြသည်။
နေ့လည် ဆယ့်နှစ်နာရီမှ သုံးနာရီအတွင်းက နေပူပြင်းသောကြောင့် အိမ်ထဲတွင် နားရသည်ကိုပင် မနားချင်ကြသော သင်္ကြန်ပိုးအပြည့်နှင့် မျောက်လောင်းတွေရယ်ပါ။
ကျွန်တော်ကတော့ သူများတွေကို ရေပက်ရဖို့ထက် ကိုယ်ပေါ်မှာ ရေစိုနေလျှင်ကို ကျေနပ်နေတတ်သည့်လူစားမို့ လူမရှိသည်က အရေးမဟုတ်ဘဲ ကစားဖော်ရှိဖို့ကသာ အဓိကဖြစ်နေသည်။ ကျွန်တော့်ရဲ့ ပါရမီကိုဖြည့်ပေးကြသည့် ကစားဖော်တွေကတော့ ကျွန်တော့်ထက် နှစ်နှစ်ပိုကြီးသော ကိုထွန်းနှင့် ကျွန်တော့်ထက် တစ်နှစ်ပိုငယ်သော ကိုငယ်တို့ပင် ဖြစ်သည်။
ကျွန်တော်တို့အိမ်သည် ရပ်ကွက်၏ အကျယ်ဆုံး လမ်းကျယ်ကြီးပေါ်တွင် ဖြစ်သည်။ ထိုလမ်းကျယ်ကြီး၏
အပြင်ဘက်ပိုင်းတွင်တော့ အသီးသီး ခွဲထွက်ကုန်ကြသော လမ်းသွယ်လေးများရှိသည်။ လမ်းသွယ်လေးတွေဆီ ရောက်ရန်အတွက် လမ်းကျယ်ကြီး၏ ဘေးတစ်ဖက်တစ်ချက်၊ အလယ်ဗဟိုတည့်တည့်တွင် ရှိနေသော လမ်းကြားငယ်လေးများမှ တဆင့် ဖြတ်သွားရဦးမည်။ ခြေရင်းအိမ်၏နံဘေးတွင် ရှိနေသော လမ်းကြားငယ်အား ကျွန်တော်တို့ခေါ်သည်က နောက်ဖေးလမ်းကြား ဟူ၍။
"ငါမနက်ကတည်းက ဘာမှမစားရသေးဘူး။ ဗိုက်ဆာတယ်ဟ။ နောက်ဖေးလမ်းမှာ မုန့်သွားဝယ်ရအောင်။ "
ကိုထွန်းရဲ့စကားကိုကြားပြီးသည်နှင့် ကျွန်တော်နှင့်ကိုငယ်တို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ အစောပိုင်းကလေးတင် အိမ်ရှေ့က ဖြတ်သွားသော မမများအား ရေလောင်းပြီးနောက် လောင်းစရာလူ မရှိတော့သဖြင့် တိုင်ကီကိုမှီရင်း ကိုယ့်ခြေထောက်ကိုယ် ပြန်လောင်းနေကြရာမှ ပျော်စရာလေးတစ်ခုအား ရှာဖွေတွေ့ရှိသွားသောကြောင့်ပင်။
နောက်ဖေးလမ်းကြားဟု ဆိုလိုက်သည်နှင့် ကျွန်တော်တို့ သုံးယောက်နှင့် မတည့်သော အုပ်စုတစ်စုကို ပြေးမြင်မိသည်။ ဤကဲ့သို့သော သင်္ကြန်ကာလမျိုးဆိုလျှင် ထိုအုပ်စုနှင့် ကျွန်တော်တို့ သုံးယောက်က သူတစ်ပြန်၊ကိုယ်တစ်ပြန် အနိုင်ယူနေကျလေ။
သူတို့ပိုင်နက်ထဲသို့ ကျွန်တော်တို့ရောက်သွားလျှင် သူတို့က ခွက်စောင်းအသေခုတ်ပြီးမှ ဖြတ်သွားခွင့်ပေးသလို ကျွန်တော်တို့ ပိုင်နက်ထဲသို့ သူတို့ရောက်လာလျှင်လည်း ကျွန်တော်တို့က ရေခဲရေနှင့် အဝပက်ပြီးမှ ဖြတ်သွားခွင့်ပေးသောကြောင့် သင်္ကြန်ရက်များမှာဆို ကျွန်တော်တို့လမ်းကျယ်က အုပ်စုနှင့် သူတို့နောက်ဖေးလမ်းကြားက အုပ်စုက ရန်သူတော်တွေလို ဖြစ်နေကြသည်။
"ခဏစောင့်ဦး.... ငါ မေမေ့ဆီက ပိုက်ဆံသွားတောင်းလိုက်ဦးမယ်။"
အိမ်ထဲသို့ အပြေးအလွှားဝင်သွားပြီးနောက် ပြန်ထွက်လာသည်နှင့် ကျွန်တော့်လက်ထဲတွင် တစ်ထောင်တန်တစ်ရွက်ပါ ပါလာပါသည်။
"ကဲ...လာ သွားကြမယ်။"
ကိုထွန်းနှင့် ကိုငယ်တို့က လက်ထဲတွင် ကိုင်ထားသော ရေခွက်များအား တိုင်ကီထဲသို့ ပစ်ချခဲ့သည်။ ရေအပြည့်ထည့်ကာ ယူသွားမည်ဆိုလျှင်လည်း အကျိုးထူးမည်မဟုတ်မှန်း သိနေသောကြောင့် ဖြစ်သည်။ နောက်ဖေးလမ်းကြားမှာဆိုလျှင်တော့ ကျွန်တော်တို့က အခံဘက်ကသာ ဖြစ်သဖြင့် တိုက်ခိုက်စရာ ပစ္စည်းများ ယူသွား၍လည်း အကျိုးမထူးပါပေ။ နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်ဟူ၍သာ သတ်မှတ်ပြီး နောက်ဖေးလမ်းကြားထိပ်သို့ ရောက်သည်နှင့် ညီအစ်ကို သုံးယောက်သား သက်ပြင်းကိုယ်စီချမိကြသည်။
မုန့်တစ်ခါဝယ်ဖို့အရေး စစ်တိုက်ထွက်ရသကဲ့သို့ ဖြစ်နေသော ကျွန်တော်တို့ရဲ့ ခံစားချက်များအား မေမေတို့က လုံးဝကို
မသိခဲ့ပါ။ မုန့်သွားဝယ်စားမည်ဟု ဆိုလိုက်သည်နှင့် ပိုက်ဆံက ရှောရှောရှူရှူထွက်လာပြီးသား။ ပြီးတော့ ပြောပါသေးသည်။ " တခြားနေရာမသွားနဲ့။ နောက်ဖေးလမ်းမှာပဲ ဝယ်စားနော်။ " တဲ့။
လမ်းကြားထဲသို့ ကျွန်တော်တို့သုံးယောက် စဝင်သွားပြီဆိုသည်နှင့် လမ်းကြားအဆုံးတွင် ရှိနေကြသော အုပ်စုက ကျွန်တော်တို့အား မျက်စိဒေါက်ထောက် ကြည့်နေကြသည်။ "အနားရောက်လာတာနဲ့ တွယ်လိုက်မယ်" ဆိုသော ခံယူချက်များအား သူတို့မျက်နှာပေါ်တွင် အထင်းသားမြင်နေရပါသည်။
ညီအစ်ကိုသုံးယောက် တစ်ယောက်မျက်နှာတစ်ယောက် ကြည်ပြီးသည်နှင့်မကြာ ထွက်ပြေးရန်အတွက် ခြေလှမ်းများကို ပြင်ဆင်လိုက်ကြသည်။ ကျွန်တော်သည်လည်း အမေပေးလိုက်သော တစ်ထောင်တန်လေးအား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျှက် ပြေးစရာအပေါက်အား ကြိုတင်ရှာနေမိသည်ပင်။
ကံဆိုးချင်တော့ ငနဲအုပ်စုက လူပိုများနေသဖြင့် ကျွန်တော်တို့ ထွက်ပြေးမည့် ပြေးပေါက်အား ပိတ်ထားသည်နှင့် ကြုံရပါတော့၏။ ထို့နောက်တွင်တော့ ကျောပြင်ပေါ်သို့ ရောက်လာပါသော စပ်ဖျင်းဖျင်း ရိုက်ချက်များ...။
လက်ဝါးနှင့်ရိုက်လိုက်သည်ဟု ထင်ရလောက်အောင်ပင် ပြင်းထန်လှပါသော ထိုရိုက်ချက်များအား အလူးအလဲ ခံနေရင်းကြားမှ တစ်စုံတစ်ယောက်သောသူအား ကျွန်တော် ရှာဖွေနေမိသည်။ မျက်လုံးချင်းဆုံသွားပြီးသည်နှင့် မကြာပါ ခေါင်းပေါ်သို့ ရေတစ်ပုံးလုံး အလစ်အငိုက် လောင်းချခံလိုက်ရသဖြင့် ရေမွန်းသွားရပါသော ကျွန်တော်.... ထိုသူ၏ အမည်နာမကိုသာ စူးစူးရှရှဖြင့် အော်ဟစ်လိုက်မိတော့သည်။
"ကြူး......။ မင်း....မင်း....ငါတို့ဘက် မလာမိစေနဲ့။ "
ကြူးဘက်သို့ လက်ညှိုးငေါက်ငေါက်ထိုးနေသော ကျွန်တော့်အား ကိုထွန်းနှင့်ကိုငယ်တို့က မုန့်ဆိုင်ရောက်အောင်ပင် မနည်း ဆွဲခေါ်လာရပါသည်။
မုန့်ဆိုင်ရှေ့အရောက်
"ပိုက်ဆံရော..၊ ပိုက်ဆံ ဘယ်မလဲ။ " ဟူ၍ မေးသံကို အရင်ကြားလိုက်ရသည်။ နှာခေါင်းထဲမှ ရေများကို ညှစ်ထုတ်နေစဥ် ကြားလိုက်ရသော စကားကြောင့် ကိုငယ့်ကို ကျွန်တော် မျက်စောင်းလှမ်းထိုးမိလေသည်။ အမှန်ဆို " မင်း အဆင်ပြေရဲ့လား တတလို့" အရင်မေးသင့်တယ် မလား။ ကိုထွန်းကတော့ ကိုငယ့်လိုမဟုတ်ဘဲ ကျွန်တော့်ဆံပင်တွေကို သပ်ပေးတာမျိူး လုပ်ပေးနေသေးသည်။
"ရော့... ရော့...ကိုငတ်လို့ပြောရင်လည်း သူ့မှာ မကြိုက်ဘူး။ "
ရေစိုနေသော ပိုက်ဆံအား လက်ထဲထည့်ပေးလိုက်သည်မို့ ကိုငယ်က ပြုံးစိစိသာဖြစ်နေသည်။ ပုံမှန်ဆိုလျှင် ကိုငတ်လို့ ပြောသည်ကို မခံမရပ်နိုင်ဖြစ်ပြီး စိတ်ကောက်တတ်တဲ့သူလေ။ ထို့အပြင် စားသလောက်လည်း ဝမလာသောကြောင့် ငါးဖောင်ရိုးဟူ၍ ကျွန်တော်က ခေါ်ပြန်သည်။ ငါးဖောင်ရိုးဆိုသော နာမည်ပြောင် ကတော့ ညီအစ်ကိုနှစ်ယောက်စလုံးအား တိုက်ရိုက်ထိသဖြင့် အလွန်အမင်းစိတ်ဆိုးစရာရှိမှသာ ငါးဖောင်ရိုး ညီအစ်ကိုဆိုပြီး သိမ်းကြုံးခေါ်တတ်သည်သာ။
မုန့်ဝယ်ပြီးသော်လည်း မုန့်ဆိုင်ရှေ့မှ မပြန်ဖြစ်သေးဘဲ ညီအစ်ကိုသုံးယောက် ခေါင်းချင်းဆိုင်နေမိပြန်သည်။ ခွက်စောင်းခုတ်အုပ်စုအား ဘယ်လို ရှောင်တိမ်းသွားရမလဲ ဟူ၍ တိုင်ပင်နေကြခြင်းဖြစ်သည်။ ငါးမိနစ်ခန့်မျှ ဆွေးနွေးပြီးသည့်နောက် ထွက်လာသောအဖြေမှာ ပြေးမယ်ဆိုတာကလွဲပြီး တခြား နည်းလမ်းလည်း မရှိခဲ့ပါပေ။
"မင်းတို့နှစ်ယောက် ငါ့ကို ပစ်မထားနဲ့။ ကြူးက ငါ့ဆို ရေပုံးလိုက်လောင်းတာကွ။ နည်းနည်းကာပေးထား။ "
လူသုံးယောက်ရှိတဲ့အထဲ ကျွန်တော်တစ်ယောက်တည်းကိုမှ
ရွေးပြီး ရေတစ်ပုံးလုံး လောင်းချတတ်ပါသော ကြူး (ခေါ် ) တက်သစ်ကြူးနှင့် ကျွန်တော်သည် တစ်ရပ်ကွက်တည်း သားချင်း ဖြစ်သည့်အပြင် အတန်းဖော်များလည်း ဖြစ်ကြပြန်သည်။ သို့သော် တခြားသူများ မရိပ်မိခဲ့ကြသော အခြားတစ်ဖက်၌ တက်သစ်ကြူးနှင့် ကျွန်တော်သည်ကား ပြိုင်ဘက်များလည်း ဖြစ်နေကြသည်ဟူ၍....။
ထို့အပြင် ကြူးသည်ကား ကျွန်တော်
မောင်တောင်းတနေ၏ ဘယ်သောအခါမှ နိုးထ၍မရခဲ့ပါသော အိပ်မက်လို ကောင်လေးတစ်ယောက် လည်း ဖြစ်နေခဲ့သည်ဟူ၍.....။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
See You💙
Love you all❤
Han_Me
(26.5.2021)