Part 42(Unicode)

1.9K 247 18
                                    

သစ်လွင်တောက်ပခြင်း ကင်းမဲ့သော
မျက်ဝန်းတို့နှင့် ထူထဲရင့်ချီသော မျက်ခုံးနက်ပိုင်ရှင်...။
ကြူးနဲ့တူတဲ့ မျက်နှာကျပုံစံနဲ့ ကြင်နာခြင်းကင်းမဲ့ဟန် ပုံရိပ်လွှမ်းနေတဲ့ အမျိုးသားကြီးမှာလည်း ချစ်တတ်တဲ့ နှလုံးသားတစ်စုံ ရှိခဲ့ဖူးပါသတဲ့။

သို့ပေမယ့် ထိုအမျိုးသားကြီးရဲ့ နှလုံးသားဟာ ယောကျ်ားတစ်ယောက်အတွက်သာ ဖြစ်တည်ခဲ့လေတော့...။

"ဒိုင်ယာရီစာအုပ်ကို တွေ့လိုက်တဲ့နေ့ကစပြီး ငါ့အမေဆီမှာ အပေါ်ယံပျော်ရွှင်မှုတွေကိုပဲ မြင်လာရတယ်။ သူစိမ်းတွေနဲ့ ဆက်ဆံတဲ့အခါ အားရပါးရပြုံးတယ်။ အိမ်မှာရှိနေရင် အားရပါးရ ငိုတယ်။ အမေက ငါ့ရှေ့မှာတင် အဖေ့ကို စိတ်နာတယ်လို့ ပြောနေပေမယ့် ထောင်ဝင်စာ​တော့ သွားတွေ့တယ်။ သူသိခဲ့တဲ့ အမှန်တရားကို တစ်သက်လုံး ထပ်ပေါ်မလာအောင် ဖုံးဖိဖို့ပဲ အချိန်ရှိသရွေ့ ကြိုးစားခဲ့တယ်။ ဇနီးကောင်းတစ်ယောက်ပုံစံ ပြတယ်။ ဒါပေမယ့် အဲ့လိုကြိုးစားရင်း သူပဲ တဖြည်းဖြည်း ပိုပင်ပန်းလာတဲ့အဆုံးတော့ ဒိုင်ယာရီစာအုပ်ကို အဖေ့ဆီ ယူသွားခဲ့တယ်။ ငါလည်း အမေနဲ့အတူလိုက်သွားရတယ်။ မင်းသိလား တစ်နေ...အဲ့ဒီနေ့ကို ငါလုံးဝမမေ့သေးဘူး။"

အတိတ်ဟာ အတိတ်ပဲဖြစ်ခဲ့ပေမယ့် အဲ့ဒီအတိတ်ထဲမှာ
နာကျင်စွာ ရှင်သန်ခဲ့ရတဲ့ တက်သစ်ကြူးအတွက်တော့ စကားလုံးတိုင်းက ဓားထက်ထက်တစ်လက်လို ဖြစ်နေလိမ့်မလား။ ဖုံးကွယ်ထားသမျှ အမှန်တရားတွေကို တစ်လွှာချင်းခွာချရင်း မာကျောချင်ဟန်ဆောင်ထားတဲ့ နှလုံးသားငယ်လေးမှာ သွေးပြန်စို့လာတာနဲ့ထပ်တူ ကြူးအပေါ်မှာ မှီတည်နေတဲ့ ကျွန်တော့်စိတ်လည်း ပူလောင်လာခဲ့ရပြီ။

"ဒိုင်ယာရီစာအုပ်ကိုမြင်တော့ အဖေ့မျက်နှာက
လန့်သွားရမယ့်အစား ဝမ်းနည်းတဲ့မျက်လုံးတွေနဲ့ ငေးကြည့်နေခဲ့တာ...။ ရှင်းပြဖို့ မကြိုးစားခဲ့သလို မဟုတ်ဘူးလို့လည်း မငြင်းဘူး။ အမေပြောဆိုသမျှကို
ခေါင်းငုံ့ခံပြီး အမေမောသွားတဲ့အချိန်ကျမှ ဘာပြောလဲဆိုတော့...တောင်းပန်ပါတယ်တဲ့။ သူက သူ့ကိုယ်သူရော၊ ငါတို့ သားအမိကိုရော လှည့်စားခဲ့တဲ့ အပြစ်ကြွေးတစ်ခုကြောင့် တစ်သက်လုံး နောင်တတရားတွေနဲ့ နေသွားရတော့မယ်တဲ့။
ငါနဲ့ ငါ့အမေက သူ့အတွက် နောင်တတစ်ခုဖြစ်နေခဲ့တာ တစ်နေ...။ ငါတို့သားအမိကို... သူရွေးချယ်လိုက်တဲ့ ဘဝပုံစံရဲ့ နောက်ဆက်တွဲ အမှားတစ်ခုလို့ပဲ သူသတ်မှတ်ခဲ့တာ။"

ကြူး(KYUU)Where stories live. Discover now