Part 36(Unicode)

2K 254 75
                                    

ကျောင်းက ပြန်ရောက်ရောက်ချင်း အိမ်မှာ တွေ့လိုက်ရတာက ဂိုဒေါင်ထဲက ဆီပုံးတွေနဲ့ ဧည့်ခန်းမှာ ပုံထားတဲ့ ဝါးခြင်းတောင်းတွေ...။

"မေမေ....ဖေဖေပြန်လာပြီလား။"

ကျွန်တော်မေးတော့ မေမေ့မျက်နှာက ခပ်ပြုံးပြုံးနဲ့မို့
ဖေဖေအိမ်မှာ ရှိနေ၊ မရှိနေကိုပဲ သေချာအောင် စစ်ဆေးလိုက်သည်။ မရှိတာသေချာတော့မှ မေမေ့အနားမှာ အေးအေးဆေးဆေး သွားထိုင်နိုင်သည်။ နာဂစ်ဖြစ်တုန်းက အိမ်ကလူတွေအကုန် ပင်လယ်ထဲထွက်သွားတဲ့ ဖေဖေတို့သင်္ဘောကိုစိတ်ပူပြီး မအိပ်နိုင်၊မစားနိုင် ဖြစ်ကြရတာ။ နာဂစ်ဖြစ်အပြီး တစ်ပတ်အကြာမှာ အဆက်အသွယ်ရတော့ မော်လမြိုင်မှာ ဘေးကင်းကင်း ရှိနေကြတယ်သိရလို့ စိတ်အေးကြရပြီး ခြောက်လပိုင်းလလယ်ကျမှ အိမ်ပြန်ရောက်လာခြင်း ဖြစ်သည်။

အဲ့တုန်းက ကျွန်တော်လည်း ဖေဖေ့ကို စိတ်ပူခဲ့တယ်ဆိုပေမယ့် အိမ်မှာ နေထိုင်ရတာ လွတ်လွတ်လပ်လပ်ရှိသည့်အပေါ် သာယာမှု ပိုများခဲ့သလားမသိ....ယခု ဖေဖေပြန်ရောက်နေပြီဆိုတာလည်း သိရရော ဘာမှ မထူးဆန်းတဲ့သတင်းတစ်ခုကို ကြားရသလို ဖြစ်ခဲ့သည်မို့ ပြုံးရွှင်နေတဲ့မေမေ့ကိုကြည့်ရင်း အားနာလာသည်။ မေမေကတော့ ယောကျ်ားဖြစ်သူပြန်လာတော့ အားကိုးရှိပြီဆိုပြီး ပျော်နေတာနေမှာ...။ မုန်တိုင်းကာလတုန်းကဆိုရင် မေမေ့မှာ နေ့တိုင်းနေ့တိုင်း ဘုရားရှေ့မှာ ခါးကိုင်းမတတ် ဆုတောင်းရတာ အမော...။

"မေမေ ပျော်နေတယ်မလား"

ကျွန်တော်ပြောတာကို မေမေက သေချာမကြား။
ထပ်ပြောတော့မှ "အမေကို နောက်မနေနဲ့"ဆိုပြီး
မီးဖိုချောင်ဘက် ထထွက်သွားသည်။ ပြန်ရောက်လာတော့ လက်ထဲမှာ ကတ်ကြေးတစ်ချောင်းနှင့်...။ ဝါးခြင်းတောင်းကြီးရဲ့ မျက်နှာပြင်အဝမှာ ခပ်ကြပ်ကြပ်စည်းနှောင်ထားတဲ့ ကြိုးစတွေကို တတိတိဖြတ်နေရင်း ကျွန်တော့်ကို
ပြန်မေးလာသည်။

"တတကရော မပျော်ဘူးလား"တဲ့။

မေမေမေးတော့ ကျွန်တော် ချက်ချင်းမဖြေနိုင်ခဲ့ဘူး။
အခုနေ မမခိုင်ပြန်လာတယ်လို့ သိလိုက်ရရင်တော့ ကျွန်တော့်ဆီမှာ ခုန်ပေါက်ပျော်မြူးနေတဲ့ စိတ်အားတက်ကြွမှုမျိုး ရှိနိုင်ပေမယ့် ဖေဖေ့ပြန်လာခြင်းမှာကျတော့ အဲ့လိုစိတ်မျိုး မရှိနိုင်တာ သေချာသည်။ ကျွန်တော် အင်တင်တင် လုပ်နေတာကို
မေမေကလည်း ရိပ်မိနေသလိုနှင့် မေးခွန်းထပ်မေးလာတော့ ကျွန်တော့်မှာ ပိုမဖြေနိုင်တော့ဘူး...။

ကြူး(KYUU)Where stories live. Discover now