Part 17(Unicode)

2K 260 22
                                    

ဦးလေးသိန်း၏ဆိုက်ကား အိမ်ရှေ့သို့ဆိုက်လာသည်။ ရှေ့ထိုင်ခုံကနေ ဆင်းလာသော မေကြီးက ခေါက်ထီးကို ချိုင်းကြားတွင်ညှပ်ရင်း ပိုက်ဆံအိတ်ထဲကနေ အကြွေတွေ ရှာနေသည်။ ရှာမတွေ့မချင်း ဆိုက်ကားထိုင်ခုံနှင့် ခြေနင်းကြားတွင် ရပ်နေသောကြောင့် အနားသို့ ရောက်သွားပြီဖြစ်သော ကျွန်တော်က ချိုင်းကြားမှ ထီးကို အရင် ဆွဲယူလိုက်ကာ နောက်ထိုင်ခုံက စျေးခြင်းတောင်း ကိုတော့ ခရေပင်အောက်ရှိ ခုံတန်းပေါ်တွင် ခဏတင်ထားလိုက်သည်။ ဘေးဘက်ထိုင်ခုံပေါ်တွင် ကျန်နေသေးသော ဆန်အိတ်ကို မ,မယ်လုပ်ချိန်မှာ မေကြီးက တားသည်။

"အလေးကြီးပဲ တတရဲ့။ ဆန်အိတ်က မောင်သိန်းကို မခိုင်းလိုက်မယ်။ ခြင်းတောင်းပဲ အိမ်ထဲသယ်သွားပေး။"

ဦးလေးသိန်းရှေ့မှာ ကျွန်တော်က အားကိုးရတယ်ဆိုတာကို ပြချင်သော်လည်း မေကြီးရဲ့စကားအတိုင်း ခြင်းတောင်းလေးကိုသာ သယ်သွားလိုက်တော့သည်။ စကားနားထောင်တာက တစ်ပိုင်းပါတယ်ဆိုပေမယ့် ဆန်အိတ်က တကယ်လေးနေခဲ့လျှင် ဇွတ်တရွတ်လုပ်ပြီးမှ အရှက်ကွဲမည့်အဖြစ်ကို ကြိုမြင်မိသောကြောင့် လက်လျှော့လိုက်ခြင်းကတော့ ပိုပါသည်။

"တတက အားကိုးရတယ်ဟေ့"

ပြုံးတုံ့တုံ့လုပ်ကာ ချီးကျူးနေသေးသော ဦးလေးသိန်းကို သွားဖြဲပြခဲ့ကာ အိမ်ထဲသို့ အရင်ပြေးဝင်လိုက်သည်။ ရှေ့ပြေးတော်အဖြစ် လမ်းကြိုရှင်းပေးလိုက်တော့ ဆန်အိတ်သယ်လာသော ဦးလေးသိန်းလည်း မီးဖိုချောင်အထိ တစ်ဆက်တည်း ဝင်လို့ရသွားသည်။ ကျွန်တော့်ဆီက ဆွဲခြင်းတောင်းကို မမခိုင်တစ်ယောက် လက်ပြောင်းယူပြီးချိန်မှာ ဦးလေးသိန်းက ဖိနပ်ချွတ်တွင် ရောက်နေပြီဖြစ်သည်။

နီစပ်စပ်ဖြစ်နေသော အသားအရည်နှင့် လူပုံစံပိန်ပိန်ပါးပါးကို ကြည့်လိုက်ရုံဖြင့် အရက်သမားတစ်ယောက်ဖြစ်ကြောင်း သိသာစေသော်လည်း ဆန်တစ်အိတ်ကိုတော့ ဦး​လေးသိန်းက ကောင်းကောင်း မနိုင်သည်။ နေပူမရှောင်၊ မိုးရွာမရှောင်ဘဲ နင်းခဲ့ရသော ဆိုက်ကားလုပ်သက်က ကိုငယ့်တစ်သက်ပင် ရှိနေတော့ ဒီလိုမျိုး အလေးအပင်လောက်ကို စာမဖွဲ့ခြင်း ဖြစ်နိုင်ပါ၏။ သို့စေကာမူ အရက်သောက်လာသော နှစ်ကလည်း ကိုငယ့်တစ်သက်နီးပါးပင် ဖြစ်သောကြောင့် ခန္ဓာကိုယ်တွင်း ဖောက်ပြန်မှုကတော့ အပြင်ဘက်သို့ပါ လျှံထွက်နေသည်အထိ များနေခဲ့သည်သာ။

ကြူး(KYUU)On viuen les histories. Descobreix ara