Part 15(Unicode)

2.1K 255 24
                                    

စနေ၊တနင်္ဂနွေ ပိတ်ရက်များသို့ ရောက်လာပြန်လေပြီ။ ကျောင်းပိတ်ရက်ဖြစ်သော်လည်း အိမ်ရှေ့ဧည့်ခန်းတွင် တစ်ကိုယ်တည်း အရက်ဝိုင်းထောင်ကာ အိမ်ကပ်နေသော ဖေဖေ့ကြောင့် ကျွန်တော့်မှာ မပျော်နိုင်။ ဖေဖေသည် အိမ်တွင်နေခဲသော်လည်း အလုပ်ပိတ်သော သည်လိုရက်များတွင်တော့ ဤကဲ့သို့ပင် ဇိမ်ယူရင်း နှပ်နေတတ်သည်သာ။

ဖေဖေ အိမ်ကပ်ချိန်သည် မေကြီး၏ အိမ်မကပ်ချိန်ပင်ဖြစ်သည်။ ယခင်ကဆိုလျှင် ကျွန်တော့်မေကြီးက ရေဖိုးတောင်းဖို့ အပြင်ထွက်သွားလိုက်၊ အိမ်ပြန်လာပြီး ရေမောင်းလိုက်၊ ဆေးလိပ်လေး ထိုင်သောက်လိုက်၊ ကျွန်တော်တို့ကို စကားတွေ အော်ပြောလိုက်၊ နောက်တစ်ခါ အပြင်ပြန်ထွက်လိုက်ဖြင့် အိမ်နှင့် အပြင်ကို ကူးချည်သန်းချည် လုပ်တတ်ခြင်း ဖြစ်သည်။ ယခုတွင်မူ မေကြီးတစ်ယောက် ထမင်းစားချိန်ပြီးကတည်းက အပြင်ထွက်သွားလိုက်သည်မှာ ညနေသုံးနာရီတိုင်သည်ထိပင် ပြန်မလာသေးပါ။

ဘယ်နေရာကိုမှ ရှောင်ထွက်သွားလို့မရသော ကျွန်တော်တို့သားအမိနှင့် မမခိုင်တို့ကတော့ ဖေဖေ ရစ်သမျှကို ဒိုင်ခံသည်းခံရတော့လေ၏။ ကျွန်တော်နှင့်မမခိုင်က ကိုယ်နှင့်သက်ဆိုင်ရာ အလုပ်တွေကို လုပ်မည်ဟုပြောကာ ရှောင်ထွက်သွားလို့ ရသေးသည်။ မေမေကတော့ ဖေဖေ့အနားတွင် တစ်နေကုန်ထိုင်ကာ အရက်ထည့်ပေးရ၊ အမြည်းပြင်ပေးရ၊ ပြောသမျှစကားတွေကို နားထောင်ပေးရဖြင့် အပေါ့၊အလေးထသွားရန်ပင် အချိန်မရှိဖြစ်နေသည်။

နေရာမှ ခဏလေးထသွားမိသည်နှင့် ဖေဖေက မိန်းမရေဟု အော်ခေါ်ကာ "မင်း ငါ့ကို ပစ်ထားတယ်နော်။ ငါ တခြားမိန်းမဆီ သွားလိုက်ရမလား" ဟူ၍ နောက်သလိုလို၊ အတည်ပြောသလိုလိုဖြင့် အော်ဟစ်နေတတ်သေးသည်။ ကျွန်တော့်မှာတော့ မေမေ့ကိုကြည့်ရင်း သနားမိရာမှ ဖေဖေ့ကိုကြည့်ကာ မုန်းတီးကြောက်ရွံ့လာသော အဖြစ်သို့ ရောက်ရတော့သည်။ ဖေဖေသည် သူ့တစ်ဘို့တည်းသာ ကြည့်တတ်သော တစ်ကိုယ်​ကောင်းသမားသာ ဖြစ်လေ၏။

ဖေဖေ အိမ်မှာရှိနေချိန်များတွင် ကျွန်တော်နှင့်
မမခိုင်က အပေါ်ထပ်၌သာ အနေများသည်။ မမခိုင်တစ်ယောက် မီးပူတိုက်နေချိန်တွင် ကျွန်တော်ကတော့ ကျောင်းစာအုပ်တွေကို စားပွဲခုံပုလေးပေါ်၌ ဟန်ပြချထားကာ ဝရန်တာအပြင်ဘက်သို့ ငေးချင်ငေးနေတတ်သည်။ စာလုပ်စရာမရှိခဲ့စေကာမူ ဖေဖေ အိမ်မှာရှိချိန်များတွင်တော့ ကျွန်တော့်မှာ စာလုပ်ချင်ယောင် ဟန်ဆောင်မှ ဖေဖေ့မျက်စိအောက်ကနေ လွတ်နိုင်သောကြောင့် ဖြစ်သည်။ ထိုအချိန်များတွင် အပေါ်ထပ်ရှိ ဝရန်တာလေးက ကျွန်တော့်အတွက် လွတ်မြောက်ရာဖြစ်လာခဲ့သည်။

ကြူး(KYUU)जहाँ कहानियाँ रहती हैं। अभी खोजें