Part 35(Unicode)

1.9K 255 66
                                    

"ကြူး...ကြည့်စမ်း ညောင်ပင်ကြီးကျိုးသွားပြီ"

"နာဂစ်ကြောင့်ပဲ ဖြစ်မှာပေါ့"

ကြူး၏ လှိုက်လှိုက်လှဲလှဲ မရှိလှသော
လေသံကို လျစ်လျူရှုပြီး မုန့်စျေးတန်းရှေ့က ညောင်ပင်အပိုင်းပြတ်ကြီးကိုပဲ ကျွန်တော်​ဆက်ငေးနေမိသည်။ သစ်ရွက်တဝေဝေဖြင့်
မားမားမတ်မတ် အရိပ်ဖြစ်စေခဲ့သော ကြီးမားခိုင်ခံ့မှုကြီးက မည့်သည့်ခုနှစ်ကတည်းမှစ၍ ကျောင်းသားမျိုးဆက်ပေါင်းများစွာအတွက် ခိုလှုံရာတစ်ခုဖြစ်ခဲ့သလဲ မသိသော်လည်း
ယခုကဲ့သို့ ခါးတစ်ဝက်သာရှိတော့သော အခြေအနေမှာတော့ ကိုးတန်းနှစ်ကမှ ကျောင်းပြောင်းလာသော ကျွန်တော်သည်ပင် ညောင်ပင်ကြီးကိုကြည့်ရင်း နှမြောတသဖြစ်နေမိသည်။

သေချာသတိထားကြည့်မည်ဆိုပါက
နာဂစ်မုန်တိုင်းလက်ကျန် အကြွင်းအကျန်များကို
နေရာအနှံ့တွင် ရှာဖွေတွေ့နိုင်ပြီး ကျွန်တော်တို့တက်ခဲ့သည့် ကိုးတန်းဆောင်မှာလည်း ပျက်စီးယိုယွင်းသွားသည့် အမိုးနှင့်ပြတင်းပေါက်များကို ယခုထက်ထိ ပြုပြင်နေဆဲ ရှိနေသေးသည်။ ထို့ကြောင့် ကိုးတန်းဆောင်ကို ပြုပြင်မပြီးမချင်း ကျောင်းပြောင်းလာသည့် ကျောင်းသားအသစ်များက ဆယ်တန်းဆောင်နှင့်ကပ်လျက် အဆောင်တစ်ခုတွင် ယာယီသင်ကြားရမည်ဖြစ်သည်။

ဒါဆိုရင် ကိုငယ့်ကိုလည်း ကျွန်တော် မကြာခဏ
တွေ့ရတော့မှာပေါ့။

"ဒီနှစ် ကိုငယ်ကျောင်းပြောင်းလာရမှာမလား။"

တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်တွေးနေသည့်အချိန် ကြူးကမေးလာတော့ သူ့ကိုကြည့်ပြီး ပြုံးပြမိသည်။
အရင်နှစ်ကဆို ကိုငယ်က ကျောင်းအဟောင်းမှာ သူတစ်ယောက်တည်း ကျန်ခဲ့လို့ ပျင်းနေခဲ့တယ်လို့
ခဏခဏ ပြောခဲ့ဖူးတာ..။သူကျောင်းပြောင်းရမယ့်နှစ်ကျရင်
သူ့ကို ကျွန်တော့်စက်ဘီးလေး နင်းခွင့်ပြုပါလို့လည်း တောင်းဆိုခဲ့ဖူးသေးတာပဲ။

ဒါပေမယ့် ကြိုတင်တွက်ဆထားလို့မရတဲ့ လောကဓံဆိုတာကြီးနဲ့ ရင်ဆိုင်လိုက်ရတဲ့ ကိုငယ့်အဖို့တော့ သူ့ရဲ့ဆန္ဒတွေအားလုံးက ဆန္ဒအဖြစ်သာ အတိတ်မှာကျန်ခဲ့ပြီး ကျွန်တော်လည်း ကိုငယ့်အကြောင်းကို တွေးမိတိုင်း သက်ပြင်းတွေ သူ့အလိုလို ရှိုက်ချမိလာသည်။

ကြူး(KYUU)Hikayelerin yaşadığı yer. Şimdi keşfedin