KYUU (8) Unicode

1.1K 87 29
                                    

ရိုက်သံမြည်သွားသော်လည်း အားသိပ်မပါ။ အမှောင်ထုကြီးစိုးနေတဲ့ ပတ်ဝန်းကျင်တစ်ခု ဖြစ်ခဲ့တာကြောင့် အသံတွေကိုသာ သိသိသာသာ ပိုကြားနေခဲ့ရသည်။

ရှိုက်သံနှစ်ခုက သူ့ရဲ့အရှေ့မှာရော၊ အနောက်မှာရော...။

အသားမှာ နာကျင်မှုမရှိခဲ့သော်လည်း
ထိုရှိုက်သံတွေကို ဖမ်းယူခဲ့မိတဲ့ သူ့နှလုံးသားကတော့
မတူညီတဲ့ ချစ်ခြင်းမေတ္တာတွေရဲ့ အစွန်းနှစ်ဖက်ကြားမှာ
တစိမ့်စိမ့် နာကျင်အောင့်မျက်လာခဲ့ရသည်။

"နင်...ဖယ်ပေးစမ်း တက်သစ်ကြူး။ ငါ နင်တို့နှစ်ယောက်စလုံးကို ဒေါသထွက်တယ်။ ငါ့ယုံကြည်မှုကို ဖျက်ဆီးတဲ့ဟာတွေ...။ အရိုက်ခံရမှ အသိတရားဝင်မှာ"

"အမေ...အဲ့လိုမလုပ်ပါနဲ့။ အမေ ကျွန်တော့်ကိုပဲ ဝအောင်ရိုက်၊ စိတ်တိုင်းကျရိုက်ပြီးရင် ကျွန်တော်နဲ့ စကားပြောမယ်။ သူ့ကိုတော့ မထိပါနဲ့။ ဘယ်သူစခဲ့တာလဲဆိုတာ အမေလည်းသိမှာပါ။ ကျွန်တော့်ဘက်ကပဲ လိုလိုချင်ချင်နဲ့ စခဲ့လို့ ရှေ့ဆက်ဖြစ်တဲ့ ဇာတ်လမ်းပဲ။ ဒီနေရာမှာ အော်ကြီးဟစ်ကျယ်လုပ်ပြီးတော့ အမေထပ်ပြီး အရှက်ကွဲခံမလို့လား...။ အခုတော့ အရင်ပြန်လိုက်ပါ။ သူ့ကို အိမ်ပြန်ပို့ပြီးရင် ကျွန်တော်လိုက်လာခဲ့မယ်"

"ဒီလောက်ဖြစ်နေတာတောင် နင်က သူ့ကို အိမ်ပြန်ပို့ဖို့ ပြောရဲသေးတာလား။ နင်ဟာလေ နင့်အဖေနဲ့ တစ်ပုံစံတည်းပဲ ကြူး...။ နင့်အဖေလည်း...ယောကျ်ားတစ်ယောက်ကြောင့်"

မြေကြီးပေါ် စိုက်ခံထားရတဲ့မီးရောင်ကိုသာ
သူငေးမိသည်။ အမေ့နာကျင်မှုကို နားမလည်တာ မဟုတ်ပေမယ့် သူ့ရွေးချယ်မှုကိုလည်း မှားတယ်လို့မမြင်။ အဖေလို့ တွေးလိုက်မိသည်နှင့် အဖေ့လို အမှားမျိုး ထပ်လုပ်မိသွားမှာကိုပဲ သူကြောက်ရွံ့သည်။ ဖြစ်သင့်သည် ထင်ခဲ့သော ရွေးချယ်မှုတစ်ခုကြောင့် သူနဲ့ အမေရဲ့ တည်ရှိမှုက အဖေ့ရဲ့နောင်တတရားတွေ ဖြစ်လာခဲ့ရတာပဲမလား။

"ကိုယ့်ကိုယ်ကိုယ် ညာတဲ့အညာက ဘဝတစ်လျှောက်လုံးအတွက် ဝဋ်ကြွေးပဲ တစ်နေ...။ တခြားသူတွေကပါ မင်းနဲ့အတူ ပေးဆပ်ရမှာ..."

ကြူး(KYUU)Where stories live. Discover now