Part 29(Unicode)

1.7K 221 23
                                    

အတန်းထဲမရောက်ခင် ကမ္ဘာမကျေသီချင်းဆိုချိန်နှင့် တိုးသောကြောင့် လမ်းတစ်ဝက်မှာတင် ရပ်နေကြရသည်။ ပထမဆုံးကျောင်းဖွင့်ရက်ဖြစ်သည့်အပြင် မိုးရွာခြင်းနှင့် ကြုံရသော်လည်း စည်းကမ်းက စည်းကမ်းပင်။ ကျောင်းဆောင် အပြင်ဘက် ရောက်နေသော ကျောင်းသားများကတော့ မိုးရေစက်များအောက် တိုက်ရိုက်ရှိနေသဖြင့် ကမ္ဘာမကျေသီချင်းဆိုချိန်မှာလည်း လှုပ်ရှားခွင့်ရှိသည်။ သို့သော် အမိုးအောက် ရောက်သည်နှင့် ထိုသူများလည်း ရှေ့ဆက်သွားခွင့်မရဘဲ ရောက်သည့်နေရာမှာပင် ချက်ချင်းငြိမ်သက်ကြရ၏။

အနောက်လှည့်ကြည့်ခွင့်မရသော်လည်း လူသံ၊
ခြေသံများအရ ထိုကဲ့သို့ပင် ဖြစ်နိုင်သည်ဟု ကျွန်တော် ခန့်မှန်းနိုင်သည်။ အရှေ့တည့်တည့်မျက်နှာမူရာမှာတော့
အရောင်​အသွေးစုံလင်သော ကျောပိုးအိတ်ပိုင်ရှင်များကို ဟိုတစ်စု၊ဒီတစ်စုတွေ့ရသည်။ ထိုအထဲမှာမှ ကျွန်တော်နှင့်အတူလာပြီး ကျွန်တော့်ကို ကျောခိုင်းထားသော ပင်လယ်ရေလှိုင်းပြာရောင် ကျောပိုးအိတ်ကလေးလည်း ရှိနေသည်။ သီချင်းဆုံးသွားတော့မှ ကြူးက ကျွန်တော့်ကို လှည့်ကြည့်သည်။

စောင့်ဖော်ရသည့်အတွက် ကျေနပ်စိတ်က
မဖုံးဖိနိုင်ဘဲ ကျွန်တော် သူ့အနားသို့ ပြုံးဖြီးဖြီးလုပ်ရင်း ပြေးသွားလိုက်ကာ ဘေးချင်းယှဥ်မိသည်နှင့် ခြေလှမ်းတွေကို ပြန်စတင်ကြသည်။ မိုးရေများစွတ်စိုထားသော သမံတလင်းမြေမှာ သတိထားပြီး မလျှောက်လျှင် ချော်လဲနိုင်သည်။ ခြေကုပ်ယူနိုင်မှ တော်ကာကျမည် ဖြစ်သော်လည်း အခန့်မသင့်သော တချို့အချိန်များတွင် သတိထားနေရင်းကြားမှ ချော်ချွတ်ပြီး အရှက်ကွဲရသည်များလည်း ရှိ၏။

ခြေကုပ်ယူနိုင်တာချင်းအတူတူ ​တက်သစ်ကြူးက
အိန္ဒြေရပြီး ကျွန်တော်ကျတော့ အတန်းထဲမရောက်မချင်း ခဏခဏ လဲချင်နေတော့သည်။ လဲတော့မည်ကြံတိုင်း မှီတွယ်စရာ လက်မောင်းတစ်ဖက် ရှိသည်ကပင် ကျေးဇူးတင်စရာ...။ နောက်နေ့တွေရော တက်သစ်ကြူးနဲ့ ကျောင်းအတူလာရင် ကောင်းမလား စဥ်းစားနေတုန်း ကြူးရဲ့အသံက ကျွန်တော့်နံဘေးမှာ လွင့်လာသည်။

ကြူး(KYUU)Where stories live. Discover now