Part 22(Unicode)

2K 255 41
                                    

မင်းအကြောင်း ပိုသိချင်ခဲ့တာတဲ့...။

ကိုယ်မကြိုက်တဲ့ အရာတွေကို ကြိုက်ချင်ဟန်ဆောင်ပြီး
သိချင်ရတဲ့ ကျွန်တော့်အကြောင်းက ဘာများရှိလို့လဲ။
စဥ်းစားလေ၊ တွေးကြည့်လေ ကြူးပြောသွားတဲ့ စကားတွေကို ကျွန်တော်မှာ နားမလည်နိုင်လေ...။

ပုဏ္ဏရိပ်ပန်းရုံနားကနေ ထွက်လာသင့်ပြီလို့
တွေးမိတဲ့အချိန်မှာ ကျွန်တော့်ခြေလှမ်းတွေက နောက်ဖေးလမ်းကြားငယ်ဆီကို ဦးတည်ရန် မဝံ့မရဲဖြစ်ခဲ့သည်။ ထိုလမ်းကြားကိုဖြတ်မှ အိမ်ပြန်ရောက်မည့် ခရီးတစ်ခုမှာ နှစ်ထပ်တိုက်အိမ်ကို ငေးမကြည့်ဘဲ မနေနိုင်သည့်စိတ်ကြောင့် ကျွန်တော့်အတွေးထဲမှာ ဒွိဟပေါင်းစုံနှင့်။
ခေါင်းငုံ့လျှောက်ရ ကောင်းနိုး၊ ဒါမှမဟုတ် မော့ကြည့်ရကောင်းနိုး ဝေခွဲမရဖြစ်နေခဲ့ပြီးမှ လမ်းကြားငယ်ထဲ သီးသန့်တည်နေသော တိုက်အိမ်လေးဆီ အကြည့်ရောက်သွားတော့ ရင်ထဲမှာ ဟာတာတာ...။

ကျွန်တော့်ထက် အရင်ထွက်သွားတဲ့ တက်သစ်ကြူးကို
သူတို့အိမ်ရဲ့ ပြတင်းပေါက်တွေမှာ အရိပ်အယောင်
တစ်ပိုင်းတစ်စဖြစ်ဖြစ် ရှာတွေ့နိုင်ဦးမယ်လို့ ဘာကြောင့်များ မျှော်လင့်ထားခဲ့မိတာလဲ။

အိမ်ရှေ့ရောက်တော့ ခုနှစ်နာရီထိုးနေပြီ။ အတွေးများဖြင့် ရှည်ကြာခဲ့သည်ဟု ထင်ခဲ့သော ညနေခင်းတစ်ခုက ယခုလိုကျတော့လည်း ခဏလေးလို။ ကျွန်တော်ကသာ ခဏလေးဟူ၍ ထင်ခဲ့သော်လည်း အိမ်ရှေ့ရေမြောင်း ရောက်ကတည်းက ကြားနေရသော ဆူညံသံများဖြစ်စေရာ လူတစ်ဦးကတော့ ထိုအချိန်ခဏလေးကိုပင် တစ်သက်စာ ကြာသွားခဲ့သည့်အလား ကျွန်တော်ဝင်လာတာကို မြင်သည်နှင့် အော်ဟစ်ဆူပူပစ်လိုက်ရန် အသင့်ဖြစ်နေခဲ့သည်။

"ဟိုကောင် ဘယ်ကပြန်လာတာလဲ။"

မာထန်နေသော အသံက အိမ်ပေါ်လှမ်းတော့မည့်
ခြေလှမ်းကို ဖိနပ်ချွတ်မှာတင် ရပ်တန့်သွားစေသည်။ အိမ်ရှေ့ရေမြောင်းကနေ ဖေဖေ့အရိပ်အယောင်ကို မြင်လိုက်ကတည်းက သက်ပြင်း အကြိမ်ကြိမ်ချကာ မကြောက်ရွံ့ဖို့အတွက် ဘယ်လောက်ပဲ အားတင်းခဲ့၊ အားတင်းခဲ့...ကြမ်းကြုတ်ခက်ထန်နေသော မျက်လုံးများဖြင့် ရင်ဆိုင်လိုက်ရချိန်မှာ ခြေထောက်တွေက အလိုလို ပျော့ခွေချင်လာသည်။ အိမ်ပြန်မလာဘူးဟူ၍ သိထားခဲ့သည့် သတင်းအချက်အလက်က ဘယ်လိုကြောင့် မှားယွင်းခဲ့သလဲမသိ။ အိမ်ကို ပြဿနာတွေသယ်ဆောင်ပြီးမှ ပြန်လာသော ဖေဖေ့ရဲ့ ပြန်လာခြင်းက ကျွန်တော်တို့အတွက် ကောင်းသောပြန်လာခြင်းမျိုး မဟုတ်ခဲ့တာတော့ သေချာသည်။

ကြူး(KYUU)Where stories live. Discover now