Part 48(Unicode)

1.9K 241 20
                                    

"ဘယ်ထွက်သွားဦးမှာလဲ။ ကိုယ့်ဘာသာ နားစရာရှိတာနား...။ ငါ့ကြောင့်မို့ အဆင်မပြေမဖြစ်နဲ့။ ပိုင်ရှင်ရှိပြီးသားကောင်ကို ဆက်လိုက်ရတဲ့အထိ မင်းမောင်တို့က သိက္ခာမမဲ့ဘူး။ လိင်တူချစ်သူတစ်ယောက် ဖြစ်နေရတာနဲ့တင် တော်ပြီပေါ့...။"

အခန်းတံခါးကို လှမ်းကိုင်ပြီးသား ကျွန်တော့်လက်တွေ... မင်းမောင်စကားကြောင့် ရပ်တန့်လိုက်ရပြီးနောက်ပိုင်း ထိုသူ့ထံ ဖြည်းဖြည်းချင်း ပြန်ဦးတည်ခဲ့မိသည်။ ကုတင်နှစ်လုံးက နံရံရဲ့ တစ်ဖက်တစ်ချက်စီမှာ... စားပွဲခုံခြားထားတဲ့ အကွာအဝေးက နီးလွန်းတယ် မဆိုသာပေမယ့် ဝေးလည်းမဝေး။ ကျွန်တော့်ဘက်အခြမ်းက ကုတင်မှာ ဝင်ထိုင်လိုက်တော့ မင်းမောင်က မျက်နှာကျက်ကို မျက်နှာမူပြီး ပက်လက်လှန်ထားရာကနေ ကျွန်တော့်ကို လှည့်ငေးလာသည်။

"မင်းကိုယ်မင်း စိတ်ပျက်နေလား"

ကျွန်တော့်အမေးကို ပြန်မဖြေ။ ကြောင်တောင်ငေးကြည့်နေတဲ့ သူ့မျက်လုံးတွေဆီ တည့်တည့်စိုက်ငေးကြည့်ဖြစ်တော့ နုဖတ်တဲ့ မျက်နှာပေါ်မှာ လှောင်ရိပ်အပြုံးဖျော့ဖျော့ ထင်ဟပ်လာ၏။

"မင်း​ကရော စိတ်မပျက်ဖူးဘူးလား။"

"အများကြီးကို စိတ်ပျက်ဖူးတယ်။ ဒါပေမယ့်
ငါက ငါ့ကိုယ်ငါ စိတ်ပျက်တာမဟုတ်ဘူး။ မင်းတို့ငါတို့လို
လူတွေကို အပြစ်သားတွေအဖြစ် သတ်မှတ်ထားတဲ့ ပတ်ဝန်းကျင်ကိုပဲ စိတ်ပျက်တာ။"

"ဘာကွာလို့လဲ"

"ကွာတာပေါ့ မင်းမောင်။ ပတ်ဝန်းကျင်ကို စိတ်ပျက်တာက ငါတို့ကိုယ်ငါတို့ လေးစားမှုနဲ့ ရှင်သန်လို့ရသေးတယ်။ သူတို့ထင်မြင်နေသလို ငါတို့က သိက္ခာမဲ့တဲ့ အရိုင်းအစိုင်းတွေ မဟုတ်ကြောင်း သက်သေပြလို့ရသေးတယ်။ ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်တာကျတော့ ခဲတစ်လုံးကို ပင်လယ်ထဲ ပစ်ချလိုက်တာနဲ့ တူတယ်။ ပေါ်လာပါစေလို့ ဘယ်လိုဆုတောင်းတောင်း အဲ့ခဲလုံးက သူ့အလိုလိုတော့ ပေါ်မလာဘူးလေ။ အဲ့ဒီလိုပဲပေါ့... လိင်တူချစ်သူတစ်ယောက်ဖြစ်နေတဲ့ မင်းကိုယ်တိုင်ကိုက မင်းကိုယ်မင်း စိတ်ပျက်နေရင် မင်းဘဝကြီးက ပင်လယ်ထဲမှာ မြုပ်နေတဲ့ ခဲလုံးလိုပဲ ဖြစ်နေလိမ့်မယ်။ ဘယ်တော့မှ စိတ်ချမ်းသာမှုကို ရှာ​တွေ့နိုင်မှာ မဟုတ်ဘူး။"

ကြူး(KYUU)Where stories live. Discover now