Part 32(Unicode)

1.8K 237 32
                                    

ကိုကြီးဇင်ထူးတို့အိမ်က သိပ်မဝေး။
ကြူးတို့အိမ်မှဆိုလျှင် ပုဏ္ဍရိက်ပန်းရုံအကျော် သုံးလေးလှမ်းလျှောက်လိုက်ရုံနှင့် ရောက်နိုင်သော အကွာအဝေးတွင်ရှိသည်။ ကြူးက သူတို့အိမ်ရှေ့ကို ငါးနာရီအရောက်လာခဲ့ဟု ပြောထားသော်လည်း ငါးနာရီ ထိုးပြီးတော့မှ ကျွန်တော်ရောက်သွားခဲ့သည်။ အိမ်ချင်းနီးနီးလေးမို့ လမ်းလျှောက်ချိန်က ငါးမိနစ်ပင်မကြာလိုက်။ ငါးနာရီထိုးပြီးပြီ ဆိုသော်လည်း မိနစ်လက်တံက ဆယ့်နှစ်ကျော်ရုံလေးသာရှိသည်။

အဲ့ဒါကို ကြူးက ကျွန်တော်သူ့အိမ်ရှေ့ရောက်ရောက်ချင်း ဆီးပြောတာက "တစ်နေ...ငါ မင်းကိုစောင့်နေရတာ တော်တော်ကြာပြီ"တဲ့။ ကျွန်တော့်စိတ်ထဲ ပြန်ပြောချင်တဲ့ စကားလုံးတွေ စုပြုံပြီးရောက်လာပေမယ့် တကယ်တမ်း ပြောဖြစ်တော့ "ဟမ်" တစ်လုံးတည်း....။

ကြူးနေရာမှာ ကိုထွန်းနဲ့ကိုငယ်သာဆိုရင် ကျွန်တော် ပက်ခနဲပြန်ပြောမိမှာ။ ဒါပေမယ့် ကြူးကိုကျတော့ နောက်ဆက်တွဲ ပြန်ပြောမိတဲ့ စကားရဲ့လေသံကပါ ကျွန်တော်နဲ့မှ မလိုက်မဖက် တိုးတိုးကလေး ထွက်သွားခဲ့တာ ။တကယ်ကိုမှ တိုးတိုးကလေး...။

"ငါးနာရီကို နည်းနည်းပဲကျော်ပါသေးတယ် မင်းကလည်း..."

ကြူးက နာရီကို ငုံ့ကြည့်လိုက်ပြီး ကျွန်တော်
ပြောတာမှန်ကြောင်း သိသွားတော့မှ သူ့ရဲ့ နှင်းဆီသွေးနီရောင် နှုတ်ခမ်းလွှာတို့က ခပ်လှုပ်လှုပ် ပြန်ဖြစ်လာသည်။ တစ်ခုခု ထပ်ပြောဦးမလားလို့ ထင်လိုက်သော်လည်း ထိုအထင်ကို ပယ်ဖျက်ပေးလိုက်သော အပြုံးရေးရေးကြောင့် ကျွန်တော့် အကြည့်က ပုဏ္ဍရိက်ပန်းတို့ဆီ....။

ကြူးက ဘာကိုသဘောကျပြီး ပြုံးလိုက်မှန်းမသိပေမယ့်
အဲ့ဒီအချိန်မှာ မဆီမဆိုင် တွေးလိုက်မိတာက ဒီလိုအပြုံးမျိုးနဲ့ ရင်ဆိုင်ရမယ့် ဘယ်မိန်းကလေးမဆို တက်သစ်ကြူးဆီမှာ ​ပျော်ဝင်သွားကြမှာပဲလို့...မမကျော့အပါအဝင်ပေါ့။
.
.
.
"ဟော...တတပါ ပါလာတာလား။ လာလာ သားလေး"

အန်တီမူက ကျွန်တော့်ကိုမြင်တာနဲ့ သူ့ဆိုင်ထဲ အတင်းလက်ဆွဲခေါ်သည်။ သူတို့အိမ်က ဝရန်တာရှိတဲ့ နှစ်ထပ်အိမ်ဖြစ်ပေမယ့် မနှစ်ကမှ မုန့်ဆိုင်ဖွင့်လိုက်တော့ အိမ်တစ်လုံးလုံးက မုန့်ဆိုင်ရဲ့အနောက်မှာပျောက်ပြီး အထဲကို ဝင်သွားလိုက်တော့မှ အိမ်မျက်နှာစာကို မြင်ရခြင်းဖြစ်သည်။ အန်တီမူတို့ ညီအစ်မတွေက လဝန်းလိုဝိုင်းပြည့်တဲ့ မျက်နှာကျပုံချင်းလည်း ဆင်တူသလို၊ သွယ်လျတဲ့ ခန္ဓာကိုယ်ချင်းကလည်း မတိမ်းမယိမ်းဖြစ်တဲ့အပြင် သူတို့ညီအစ်မနှစ်ယောက်စလုံးက ကျွန်တော့်ကိုမြင်တိုင်း သည်းသည်းလှုပ်ဖြစ်တဲ့ပုံစံမျိုး ပြောင်းသွားတာကလည်း အတူတူပဲ။ ဒါက သူတို့ငယ်ငယ်တုန်းက သူတို့ညီအစ်မကို ကျွန်တော့်မေကြီးထိန်းပေးခဲ့ဖူးတဲ့ စေတနာကို အသိအမှတ်ပြုခြင်းမျိုးပဲ ဖြစ်မည်ထင်သည်။

ကြူး(KYUU)Where stories live. Discover now