Part 31(Unicode)

1.8K 228 35
                                    

"လူလည်လေးတွေ...ကျောင်းတက်ခါနီးမှ ကျောင်းထဲဝင်လိုက်ရင် ငါတို့ခဏလေးပဲ လက်မြှောက်ရမယ် တွေးကြတယ်ပေါ့။ ငါမွေးရင် ငါ့သားလောက်ပဲရှိတာ နင်တို့ပါးစပ်ဟလိုက်တာနဲ့ ဗိုက်ထဲအူဘယ်နှစ်ခွေရှိတယ် ဆိုတာကအစ သိတယ်။ လာ..လာ အကုန်လုံးလာခဲ့။ သူများတွေ ဘုရားရှိခိုးပြီးတဲ့အထိ လက်မြှောက်ထားရမယ်။"

ဟာခနဲရေရွတ်သံတွေ ဆူညံသွားပြီးသိပ်မကြာ ကျောင်းထိပ်မှာ လက်မြှောက်လေးများ တန်းစီသွားကြသည်။ ဖြစ်စေချင်လျှင် မဖြစ်၊မဖြစ်စေချင်လျှင် ဖြစ်တတ်သောအရာများထဲတွင် မိုးရာသီ၏ "အုံ့စေ၊ ထစ်ချုန်းစေ၊ ရွာစေ"ဖြစ်စဥ်များလည်း တစ်ခုအပါအဝင် ဖြစ်သည်။ ကောင်းကင်တစ်ခွင်လုံး မှုန်မှိုင်းနေခဲ့ပြီး မိုးဖွားလေးများပါ ကျဆင်းခဲ့သော်လည်း မိုးရေစက်များဟာ သည်းထန်စွာ မရွာသွန်းခဲ့...။ ထို့အပြင် ကျွန်တော်နှင့်ကြူးတို့သည်လည်း ကျောင်းမပြေးဖြစ်ခဲ့...။

အစတုန်းကတော့ အပြစ်ပေးခံရမှာကြောက်ပြီး
ကျောင်းပြေးဖို့ စဥ်းစားခဲ့သည်။ အကယ်၍ ကျောင်းပြေးလိုက်လို့ ဒီနေ့တစ်ရက်တာအတွက် လွတ်မြောက်သွားတယ်ဆိုပါတော့...နောက်တစ်နေ့မှာ စာတွေပြန်ကူးရမယ့်အရေးကိုတွေးမိတော့ စိတ်ပျက်ခြင်းက နှစ်ဆပိုသွားကာ ထိုစိတ်ပျက်ခြင်းကြောင့်ပင် ကျွန်တော့်ရဲ့ ရှက်စိတ်သည်လည်း ခဏလေးနှင့် မှေးမှိန်ဖျော့တော့ သွားခဲ့ရ၏။ ဤသည်မှာ အဖော်ရှိတယ်ဆိုသော စိတ်ကြောင့်လည်း ဖြစ်မည်။

"ဘာကိုပဲ ရွေးချယ်၊ရွေးချယ် မင်းတစ်ယောက်တည်းတော့ မလုပ်ရဘူး"ဆိုတဲ့ စကားကလည်း ကျွန်တော့်ဆီမှာရှိနေတဲ့ စိုးထိတ်ခြင်းဘောင်တွေကို သိမ်သိမ်မွေ့မွေ့လေးနဲ့ ချိုးဖျက်ပြခဲ့တာပဲ...။

"ခဏလေးပါပဲ တစ်နေရဲ့။ ဘုရားရှိခိုးချိန်ပြီးဖို့က
ဘယ်လောက်မှ မကြာဘူး။"

ကြူးက ကျွန်တော့်ကိုနှစ်သိမ့်တာလား။ သူ့ကိုယ်သူ နှစ်သိမ့်နေတာလားမသိ။ သူ့လက်နှစ်ဖက်ကို ကောင်းကင်ဆီ လှမ်းပုတ်နိုင်သည်အထိ ဖြောင့်ဖြောင့်ကြီး ဆန့်တန်းထားပုံကို ငေးရင်း စိတ်ထဲမှာ ရယ်ချင်လာကာ ကျွန်တော်တို့နဲ့အတူ အပြစ်ပေးခံရတဲ့ တခြားကျောင်းသားတွေ အပါးခိုနေတာကို မြင်တော့...ကြူးရဲ့ ဘယ်အရာမှာမဆို မှန်မှန်ကန်ကန် ရပ်တည်ချင်တဲ့ စိတ်ထားတစ်ခုက နေရာတိုင်းမှာ ရှိနေ၍ မဖြစ်ကြောင်းကိုလည်း ပြောပြချင်လာမိ၏။

ကြူး(KYUU)Where stories live. Discover now