Part 25(Unicode)

2K 238 34
                                    

ဆယ့်ငါးအုပ်သော ကာတွန်းစာအုပ်များ၏
အလေးချိန်ကို သေးကွေးပိန်လှီသော ကျွန်တော့်လက်ဖျံရိုးများက အချိန်အကြာကြီး ထိန်းမထားနိုင်ပေ။ လက်ပြောင်းလက်လွှဲ ပြုဖို့ရာလည်း အဖော်ပါလာသော ကိုငယ်သည်ပါ ကျွန်တော့်ကဲ့သို့ ကာတွန်းစာအုပ်ဆယ်အုပ်အား သူ့လက်ဖျံနှင့် ရင်ဘတ်ရိုးပိန်ပိန်ကြားတွင် အတင်းဖိကပ်ရင်း ကူကယ်ရာမဲ့နေခဲ့ခြင်းဖြစ်သည်။ မုန့်တီဆိုင်မှ ထွက်လာချိန်ကတည်းက ဗိုက်ဖောင်းဖောင်းဖြင့် နှေးတိနှေးကန်စွာ လျှောက်ခဲ့ရသော လမ်းရှည်တစ်ခုသည်လည်း ယခုအထိ တစ်ဝက်ပင် မကျိုးတတ်​သေး...။

သည်ပုံစံအတိုင်းဆိုလျှင် ပုစွန်ဆီရောင်တောက်နေသော ညနေခင်းပင်လယ်ထဲသို့ အမှောင်ပိုက်ကွန်တစ်ခု ပစ်ချချိန်မတိုင်ခင် အိမ်ပြန်မရောက်နိုင်ကြောင်း သတိပြုမိမိချင်း မထူးတော့ဟုဆိုကာ ညီအစ်ကိုနှစ်ယောက်သား လမ်းဘေးတွင်သာ ခဏအနားယူကြမည်ဟူ၍ ဆုံးဖြတ်လိုက်ကြသည်။ ကျွန်တော်က ထိုင်စရာအတွက် ကျောက်ခဲခပ်ကြီးကြီးတစ်တုံး လိုက်ရှာနေချိန်မှာ ကိုငယ်ကတော့ သူ့ဖိနပ်သူ ဖင်ခုထိုင်ရင်း သက်တောင့်သက်သာဖြစ်နေပြီ။

"ငါ့လိုပဲ ဖိနပ်ခုထိုင်လိုက်ပါ တတရာ။ ဒီမှာက
ကျောက်ခဲတုံးပိစိတွေပဲရှိတယ်။"

"ထိုင်တာက ထိုင်လို့ရတယ်။ သဲကြိုးပြားသွားမှာစိုးလို့။"

"အဲ့ဒါဆို မင်း ကာတွန်းစာအုပ်တွေကို ခုထိုင်လိုက်လေ။"

ကျွန်တော် စကားနှင့် မပြောတော့ဘဲ ကာတွန်းစာအုပ်တစ်အုပ်ယူကာ ကိုငယ့်ကျောကုန်းပေါ် ရိုက်ချလိုက်သည်။ နာတာလည်းမဟုတ်ဘဲ အားခနဲ အော်ထုတ်လိုက်သော အသံစူးစူးကြောင့် လမ်းပေါ်မှာ ထွက်ထိုင်နေကြသော လူကြီးများနှင့်​ ကစားနေကြသော ကလေးများပါမကျန် ကျွန်တော်တို့နှစ်ယောက်အား အထူးအဆန်း သဖွယ် စိုက်ကြည့်လာကြသည်။ ထို့နောက် သူတို့လမ်းမှာ မြင်တွေ့နေကျ ကောင်လေးတွေမှန်း သိသွားပြီးသည်နှင့် လမ်းဘေးမှာတင် ကာတွန်းစာအုပ် တစ်ပွေ့တစ်ပိုက်နှင့် ဖြစ်ကတတ်ဆန်း ဖိနပ်ခုထိုင်နေကြသော ကျွန်တော်တို့ဆီမှ သူတို့၏ စပ်စုချင်စိတ်များကို ပြန်လည်ရုပ်သိမ်းသွားခဲ့ကာ နေဝင်ခါနီး ညနေခင်းတစ်ခုထံသို့ စကားလေးပြောလိုက်၊ ​ရေနွေးကြမ်းလေး သောက်လိုက်၊ လမ်းသွားလမ်းလာတွေကို ငေးကြည့်လိုက်ဖြင့် ဖြည်းဖြည်းချင်း တိုးဝင်သွားခဲ့ကြသည်။

ကြူး(KYUU)Where stories live. Discover now