Part 12(Unicode)

2.1K 263 28
                                    

ကျောင်းခေါင်းလောင်းထိုးသံ ကြားနေရပြီဖြစ်သော်လည်း ကျွန်တော့်ခြေလှမ်းများကတော့ မုန့်စျေးတန်းဆီသို့သာ ဆက်သွားနေဆဲ ဖြစ်သည်။ လမ်းတစ်လျှောက်တွင် ကျွန်တော့်လို ပြေးလွှားနေကြသော ကျောင်းသား၊ကျောင်းသူအချို့ကိုလည်း တွေ့ရသည်။ သို့သော် သူတို့နှင့် ကျွန်တော်သည်ကား ဆန့်ကျင်ဘက် နေရာတွေဆီသို့ ပြေးနေကြခြင်းဖြစ်​ပြီး ထိုအထဲမှ သူငယ်ချင်းတချို့နှင့် ဆုံမိချိန်တွင် သူတို့က ကျွန်တော့်ကို "ကျောင်းတက်နေပြီလေ" ဟူ၍ သတိပေးသွားကြသေးသည်။

ကျွန်တော်သည် သူတို့အား စကားနှင့် မပြောအားသောကြောင့် လက်ကာပြလိုက်ကာ ရှေ့သို့သာ ဆက်သွားမိ၏။  အမှန်တကယ် ထိုနေရာသို့ ရောက်သွားသောအခါကျမှ ဖြုန်းတီးခဲ့မိသော အားအင်တို့အတွက် နှမြောတသခြင်း ဖြစ်ရလေတော့သည်။

အဘယ်ကြောင့်ဆိုသော် သဲနှင့် အုတ်နီခဲများ
ရောနှောခင်းထားသော မကျဥ်းမကျယ် လျှောက်လမ်းကလေးထက်တွင် မည်သူတစ်ဦးတစ်ယောက်မျှ ရှိမနေခဲ့သောကြောင့်။

ဆိုင်သိမ်းနေပြီ ဖြစ်သော စျေးသည်အဒေါ်တို့က ခေါင်းလောင်းထိုးပြီးမှ အပြေးအလွှား ရောက်ချလာသော ကျွန်တော့်ကိုကြည့်ကာ ကြောင်အနေကြသည်။ ထို့နောက်တွင်မှ လုပ်လက်စအလုပ်ကို ရပ်ကာ" ဘာယူမလို့လဲ ကလေး" ဟူ၍ မေးလာသည့်အတွက် ခေါင်းခါပြခဲ့ရင်း ခုနှစ်တန်းဆောင်ရှိရာသို့ အပြေးပြန်ခဲ့ရသည်။

ထိုစဥ်၌ နောက်ဝင်မည့် အင်္ဂလိပ်စာ ဆရာမနှင့်
လမ်းတွင် တိုးလေ၏။ ကံကောင်းသည်မှာ ခေါင်းလောင်းထိုးပြီးချိန်အထိ အတန်းပြင်တွင် ရှိနေသေးသော ကျွန်တော့်ကို ဆရာမက မဆူသည့်အပြင် နားနေခန်းထဲတွင် ရှိနေသော အိပ်စာထပ်ထားသည့် စာအုပ်ပုံကိုပါ သယ်ခိုင်းလိုက်သည်။ ထို့နောက်တွင်လည်း ယင်းစာအုပ်များကို ဝေရန်အတွက် ကျွန်တော်ပဲ တာဝန်ကျပါသည်။

အတန်းထဲသို့ ရောက်စကတည်းက ကြူးကို ခဏခဏ ငေးကြည့်မိသော်လည်း မမကျော့ကို တွန်းလိုက်သော ကိစ္စနှင့် ပတ်သက်၍မူ ရန်လုပ်,ရန်အတွက် အခွင့်မသာသေးပေ။ သေချာတွေးကြည့်မှ ထိုကဲ့သို့ ရန်လုပ်လိုက်မည်ဆိုပါက ကြူးရဲ့အမြင်မှာ မမကျော့ကို ကျွန်တော် သဘောကျနေကြောင်း ပေါ်လွင်သွားမည်ကိုလည်း စိုးမိသေးသည်။

ကြူး(KYUU)Where stories live. Discover now