KYUU (2) Unicode

1.1K 115 21
                                    

AN/ အပိုင်းသုံးအတွက် ကြူးဘက်က ခံစားချက်ပါ။ ဆိုတော့...အပိုင်းသုံးကိုပြန်ဖတ်ကြည့်ပြီးမှ ဒီအပိုင်းလေးကို ဖတ်ဖို့ ဟန်မီအကြံပေးပါတယ်

>>>>>>>>

"ကြူးရေ...အမေတို့ လမ်းကျယ်ဘက်မှာ
စတုဒိသာ သွားစားရအောင်။ သားရော လိုက်ခဲ့ပါလား"

"မလိုက်..."

လည်ချောင်းအဝမှာ တစ်​သွားတဲ့စကားက
ဆက်ထွက်မလာ...။ "မလိုက်ချင်ဘူး"လို့ ပြောထွက်ခါနီးမှ
တစ်ခုခုကို သတိရပြီး ကြူးတစ်ယောက် သူ့ပါးစပ်သူ အမြန်လုပိတ်လိုက်ခြင်း...။ သင်္ကြန်အကြိုရက်တုန်းကသာ နောက်ဖေးလမ်းကြားထဲ လာခဲ့တဲ့ တောင်းတနေတို့အဖွဲ့ကို သူသတိရသွားခဲ့၍ဖြစ်သည်။

အကြိုပြီးတော့...အကျ၊ အကြတ်၊
အတက်နေ့မနက်ပိုင်းအထိ မျှော်နေမိသော်လည်း ထိုကောင်လေးတွေကို အရိပ်အယောင်ပင် မမြင်ရ။ ခွက်စောင်းခုတ်ခံရတာကို ကြောက်သွားတာဖြစ်မယ်လို့ သူ့ဝမ်းကွဲတွေက ပြောနေကြသော်လည်း ကြူးက အဲ့လိုမထင်။ သင်္ကြန်ရက်တွေဆို စားစရာတွေက ပုံလို့ပဲလေ။ အိမ်နီးနားချင်း တွေက လာပေးတဲ့ မုန့်လုံးရေပေါ်၊ သာကူ၊ မုန့်ကြာစိတွေအပြင် အလုပ်ရှုပ်ခံနိုင်တဲ့အိမ်တွေဆို ကိုယ့်တိုင်ကိုယ်ကျလည်း မုန့်တွေလုပ်စားကြသေးတာ...။

ဒီလိုမျိုးသာ စားစရာတွေ ပုံနေခဲ့မယ်ဆိုရင်
တောင်းတနေတို့အဖွဲ့က နောက်ဖေးလမ်းကြားကို
ယောင်လို့တောင် ခြေဦးလှည့်တော့မှာမဟုတ်ဘူး။

"ဘာပြောတာလဲ ကြူး...အမေနဲ့
လိုက်မှာလား မလိုက်ဘူးလား"

"လိုက်မယ်ဗျ...အင်္ကျီလဲလိုက်ဦးမယ်"

ကပျာကယာ အခန်းထဲဝင်၊ သူဝတ်ချင်တဲ့ အဝတ်အစားတစ်စုံ ကောက်လဲပြီး အောက်ထပ်ပြန်ဆင်းလာတော့ သူ့အမေက "ဟိုနားနဲ့ဒီနားကိုပဲ အင်္ကျီလဲရသေးတယ်"ဟု ဆီးပြောလာသည်။ တကယ်ဆို သူကလည်း ဘာလို့လဲမိမှန်းမသိ။ ဖြစ်နိုင်တာက သင်္ကြန်ရက်တိုင်း အဝတ်အစား သစ်သစ်လွင်လွင်တွေ ဝတ်စားတတ်တဲ့ ကောင်လေးရှေ့မှာ သူလည်း အဆင်ပြေတဲ့ပုံစံမျိုး ဖြစ်နေစေချင်သည်။ ပြီးတော့ သူဝတ်ထားတဲ့ တီရှပ်ထူထူကလည်း ရေခဲရေနဲ့ အလောင်းခံခဲ့ရရင် အင်္ကျီအပါးတွေထက်ပိုပြီး အေးတဲ့ဒဏ်ကို ခံနိုင်ရည်ပိုရှိလိမ့်မည်။

ကြူး(KYUU)Where stories live. Discover now