Part 5(Unicode)

3K 320 60
                                    

မျက်စိတဆုံးမြင်နေရသော လမ်းရှည်ကြီး​နှင့် ထိုလမ်းရှည်ကြီး၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ရှိနေကြသော လူနေအိမ်များ။ ထိုမှတဆင့် ဆင့်ပွားမြင်နေရပါသော မြင်ကွင်းတို့သည် အဆုံးမရှိလှဘဲ ဦးတည်ချက်မတူညီသော နေရာများဆီသို့ သွားလာနေကြသော လူပုဂ္ဂိုလ်များဖြင့် ပတ်ဝန်းကျင်သည်ကား ရှုပ်ယှက်ခတ်နေဆဲ။

ကျွန်တော်သည် ကာတွန်းစာအုပ်ငါးအုပ်ကို ဘယ်ဘက်လက်ထဲတွင် ပိုက်လာခဲ့ပြီး မုန့်တီဆိုင်မှ ဝယ်လာသော ပါဆယ်ထုတ်များကိုမူ ညာဘက်လက်ဖြင့် ဆွဲလာခဲ့သည်။ ဆိုင်မှ ထွက်လာသော ခြေလှမ်းမှာ ဘယ်နှစ်လှမ်းမှပင် မရှိသေးသောကြောင့် အစာမခြေနိုင်သေးသဖြင့် ပြည့်တင်းနေသော ဝမ်းဗိုက်ငယ်သည် ကျွန်တော့်၏ ခန္ဓာကိုယ်အား ကောင်းကောင်း ဒုက္ခပေးတော့သည်။

ထို့အပြင် ရင်ဘတ်နှင့် လည်ပင်းတစ်ဝိုက်သည်လည်း ​လေများဖြင့် ပြည့်ကယ်နေကာ ခြေတစ်လှမ်း လှမ်းလိုက်ချိန်တိုင်းတွင် စားထားသမျှတို့သည် ပါးစပ်ထဲမှ အန်ထွက်လုအံ့ဆဲဆဲ အနေအထားသို့ပါ ရောက်နေလေပြီ။ သို့သော် ဤဖြစ်ရပ်သည်ကား မုန့်တီဆိုင်မှ ပြန်လာချိန်တိုင်းတွင် ဖြစ်တတ်​သော ပုံမှန်ကိစ္စရပ်တစ်ခုသာ ဖြစ်သောကြောင့် ကျွန်တော့်အတွက်တော့ အဆန်းမဟုတ်လှ။

ကျွန်​တော့်အတွက် အမှန်တကယ် အထူးအဆန်း ဖြစ်နေတာကတော့ တစ်ဖက်မုန့်တီဆိုင်ထဲတွင် တွေ့လိုက်ရသော တက်သစ်ကြူးပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်မုန့်တီစားလာသော သက်တမ်းတစ်လျှောက်တွင် လမ်း၌ဖြစ်စေ၊ ဆိုင်၌ဖြစ်စေ တစ်ခါလေးသော်မှ ကြူးနှင့် မဆုံမိသောကြောင့်ပင်။ ထိုသို့သော အတွေးသည် ကျွန်တော့်အား မုန့်တီဆိုင်က ထွက်လာချိန်မှစ၍ စာ​ကြောင်းအချို့ကို ရေရွတ်စေခဲ့သည်။

"တက်သစ်​ကြူးသည် မုန့်တီကြိုက်တတ်သော ကြူးဖြစ်သည်။

ထို့အပြင်....။

တက်သစ်ကြူးသည် အစပ်ကြိုက်တတ်သော ကြူးလည်း​ဖြစ်သည်။"

ထပ်တလဲလဲ ရေရွတ်နေမိသော ဝါကျများက ကျွန်တော့်ရဲ့ဝေဒနာများကိုပါ မေ့သွားစေပြီး သွားနေကျ လမ်းကြောင်းကိုပါ ရှည်လျားစေခဲ့သည်။ ဘယ်လိုပင် စဥ်းစား၊စဥ်းစား ကြူးနှင့်အစပ်၊ အစပ်နှင့်ကြူးကို ကျွန်တော့်အတွေးထဲတွင် ပုံဖော်၍ မရခဲ့သော်လည်း မကြာသေးခင်ကမှ မြင်ခဲ့ရသော မြင်ကွင်းမှာတော့ လက်ရှိအချိန်မှ ကျွန်တော့်ကို အကြီးအကျယ် အံ့သြဘနန်း ဖြစ်စေခဲ့ပါသတဲ့။

ကြူး(KYUU)Where stories live. Discover now