အပိုင်း ၁၆

7.2K 750 37
                                    

မနက်ခင်းနေရာင်ခြည်သည် နွေးထွေးစွာကျရောက်လို့နေသည်။ လိမ္မော်ရောင် လိပ်ပြာငယ်လေးသည် ခြံထဲမှနေ၍ အိမ်ထဲသို့ ၀င်ခွင့်တောင်းနေသလို မှန်ပြတင်းပေါက်နားသို့ ကပ်၀ဲပျံသန်းနေသည်။ မနက်စာ ပြင်ဆင်နေသော သူရိန်သည် လိပ်ပြာငယ်ကို တစ်ချက်လှမ်းကြည့်ရင်း ငိုင်သွားသည်။

လှေကားရှိရာသို့ မော့ကြည့်သော်လည်း မြင်ချင်သူ၏ အရိပ်အယောင်ကို မမြင်ရ။ ညက အားမာန် တော်တော်နှင့် အိပ်ပျော်သည့်ပုံမရှိ။ ထွတ်ငယ် ရေတောင်းသောကြောင့် တရေးနိုးချိန်တွင် အားမာန် အခန်းသည် မီးလင်းနေဆဲဖြစ်သည်။ သူ သွားမေးသေးသည်။ စီးကရက်လိပ်တိုတွေ ပြန့်ကျဲနေသော ၀ရန်တာတွင် ထိုင်နေသူ။ ဘီယာပုလင်းကို လက်ကမချ။ 'ဘာမှမဖြစ်ဘူး ချာတိတ်။ မင်း အိပ်တော့။' ဟူသော အဖြေကိုသာ ကြားရသည်။ ဖြစ်နိုင်ပါ့မလား။ သင်းမာ၏ မွေးနေ့ပွဲအပြန်ကတည်းက အားမာန် မျက်နှာပျက်နေသည်။ ရုတ်ချည်းစကားနည်းသွားသည်။ အမြဲလိုလို ကြည်လင်နေသော မျက်လုံးများသည် အရိပ်တစ်ချို့ ကာ သွားသလို မှိန်ဖျော့နေသည်။

ထမင်းစားခန်းနံရံရှိ နာရီကို မော့ကြည့်ပြီး အတွေးစကို ရပ်လိုက်သည်။ ကျောင်းချိန် နီးနေပြီဖြစ်သည်။ မနက်စာကို စားချင်သလိုလို မစားချင်သလိုလို လုပ်နေသော ထွတ်ငယ်သို့ အာရုံရောက်သည်။

'ထွတ်ငယ်.. စားဦးလေ။'

နွားနို့ခွက်ထဲသို့ ဘီစကစ်ကို စိမ်ပြီး မွှေနေသည်။ စားနေတာမဟုတ်။ ဆော့နေခြင်းသာ။

'ကျောင်းနောက်ကျမယ် ထွတ်ငယ်ရာ။ မြန်မြန်လုပ်စမ်းပါ။'

ကျောပိုးအိတ်ထဲ စာအုပ်စုံ မစုံ စစ်ဆေးလိုက်သည်။ အဆာပြေမုန့်ပါ ထည့်ပြီး ရေဗူးကိုဖြည့်သည်။

'ဟာ..ငါ စိတ်ဆိုးတော့မယ်။'

လေသံမာမာနှင့်အော်မှ ဘီစကစ်ကို ပါးစပ်ထဲထည့်သည်။ လက်သုတ်ပ၀ါကို အနားမှာ ချထားပေးသော်လည်း အင်္ကျီလက်မောင်းနှင့် ပါးစပ်သုတ်သည်။ အသစ်စက်စက် အင်္ကျီဖြူလေးသည် ကျောင်းရောက်သည်အထိပင် မသန့်နိုင်။ ဖိနပ်စီးဖို့ သတိပေးရင်း အပေါ်ထပ် လှေကားရှိရာ အကြည့်ရောက်သည်။ လှုပ်ရှားမှုမရှိ။ တိတ်ဆိတ်နေဆဲ။ မိုးလင်းခါနီးမှ အိပ်ပျော်သွားသည်လားမသိ။

ပင်လယ်နဲ့လှေငယ်Where stories live. Discover now