Part 10

14.2K 1.3K 4
                                    

အားမာန်ကို လက်တစ်ဖက်မှထိန်းထားပြီး ကျန်လက်တစ်ဖက်ဖြင့် သူရိန် အခန်းသော့ကို လှည့်ဖွင့်လိုက်သည်။

နင်းရက်စရာမရှိသော ပြောင်လက်နေသည့် ပါကေးကြမ်းပြင်နှင့် သပ်ရပ်တောက်ပြောင်နေသော အိပ်ခန်းတစ်ခုကို တွေ့လိုက်ရသည်။ ဖြူဖွေးသော အိပ်ရာခင်းများထက် အားမာန်ကိုထိုင်နိုင်အောင် ချပေးပြီး သူအခန်းအပြင်ဘက်ထွက်ရန်ပြင်လိုက်သည်။

'ထွက်ပြေးဖို့ အဲလောက်အလောမကြီးစမ်းပါနဲ့ သူရိန်'

အားမာန်က သူရိန့် လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။

သူရိန့် မျက်လုံးထဲ ပြာသွားကာ ရှိသမျှအားနှင့် လက်ကိုရုန်းထွက်ကာ အားမာန်ကို သူအော်ပစ်လိုက်သည်။

'ခင်ဗျား ကျွန်တော့်အသားမထိနဲ့'

'ဆောရီး'

အားမာန်တိုးတိတ်စွာ တောင်းပန်လာသည်။

သူ ဒေါသထွက်နေသည်။

ဘာ့ကြောင့် အားမာန်ကို ဒီလောက်တောင် စိတ်ဆိုးဒေါသထွက်နေမိသည်ကို သူကိုယ်တိုင်လဲနားမလည်။

ရှိသမျှအရာရာကို ကိုင်ပေါက်ဖျက်ဆီးချင်နေမိသည်မို့ အကောင်းဆုံးက သူအဝေးကိုထွက်သွားဖို့ပင်ဖြစ်သည်။

'ကျွန်တော်သွားမယ်'

အခန်းအပြင်ထွက်ရန် နောက်ပြန်လှည့်မည့်အချိန် ပါးစပ်ကိုလက်နှင့်အုပ်ကာ ရေချိုးခန်းဆီယိုင်ထိုးပြေးသွားသော အားမာန်ကိုတွေ့လိုက်ရသည်။

သူပြန်သင့်ပြီ။

အားမာန်လိုလူမျိုးတစ်ယောက်နှင့် ဟိုတယ်တစ်ခန်းထဲတွင် ရှိနေရုံနှင့် သူ့နာမည်ပျက်နိုင်သည်။ အောက်နှုတ်ခမ်းကို ဖိကိုက်ရင်း အခန်းတံခါးကိုလှည့်အဖွင့် ရေချိုးခန်းမှလဲပြိုသံတစ်ခုကို ကြားလိုက်ရသည်။

သူရိန်မျက်လုံးကို တင်းတင်းမှိတ်ပြီး တောက်တစ်ချက်ကို ခပ်ပြင်းပြင်း ခေါက်လိုက်မိသည်။ သူ အားမာန်ကို ဒီအတိုင်းမထားခဲ့နိုင်။ တံခါးလက်ကိုင်ကိုသာ ခပ်နာနာထုချလိုက်ပြီး နောက်ပြန်လှည့်ကာ ရေချိုးခန်းဆီလျှောက်လာခဲ့သည်။

ပင်လယ်နဲ့လှေငယ်Where stories live. Discover now