အပိုင်း ၁

30K 1.4K 30
                                    

ပူပြင်းသောနေရောင်အောက်တွင် ပင်လယ်ကမ်းခြေဘေးမှ တံငါရွာလေးသည် ငြိမ်သက်တိတ်ဆိတ်နေသည်။ ရွာလမ်းများတွင် လူသွားလူလာမရှိ။ ပင်လယ်တွင် တစ်ညလုံးပင်ပန်းကြီးစွာ ငါးဖမ်းထွက်ကြပြီး မိုးသောက်ချိန်မှ ရွာပြန်လာကြသော ရွာသားအများစုမှာ အိပ်စက်အနားယူနေကြသည်။ ခွေးလေခွေးလွင့် တစ်ကောင်တလေသာ ဖုန်ထနေသော လမ်းဘေးတွင် ရှိနေသည်။ ဖုန်မှုန့်များသည် တဖြူးဖြူးတိုက်နေသော ပင်လယ်လေကြောင့် တစ်ရွာလုံးကို သိမ်းပိုက်ထားသည်။ အိမ်များ၊ သစ်ပင်များထက် နေရာယူချင်တိုင်း ယူထားကာ တစ်ရွာလုံး ၀ါကျင့်ကျင့် မှုန်မှိုင်းမှိုင်း ဖြစ်နေသည်။

ပျဥ်ထောင်အိမ်၊ နှစ်ထပ်အိမ်များ ရှိနေသော ရွာလမ်းမကြီး တစ်နေရာတွင် ခပ်စုတ်စုတ် တဲငယ်တစ်ခု။ ယိုင်နဲ့နဲ့၀ါးလုံးများဖြစ် ခြံစည်းရိုးကို မည်ကာမတ္တ ကာရံထားသည်။ ခြံထောင့်မှ ပိန်လှီလှီ ငှက်ပျောပင်အုပ်သည် သက်ကယ်မိုး၊ ၀ါးကပ်ကာ အိမ်ငယ်လေးလိုပင် နွမ်းလျနေသည်။ တွဲကျနေသော ငှက်ပျောခိုင်သည် ဖုန်မှုန့်များကြောင့် လန်းဆန်းမှုမရှိ။

ထိုခြံငယ်ထဲသို့ လှမ်း၀င်လာသော အသက် ငါးဆယ်အရွယ် လူကြီးတစ်ယောက်။ အသားမာများ တက်နေသော ခြေဖ၀ါးကြမ်းကြမ်းတွင် ဖိနပ်မပါ။ နေပြင်းကြောင့် ကျွတ်နေအောင် ပူနေသည့် မြေကြီး၏အတွေ့ကို သတိမထားမိဟန်မရှိ။ အိမ်ပေါ်တက်ရန် လှေကားသုံးထစ်နေရာအရောက် လက်တန်းကို လှမ်းကိုင်စဥ် လူရော လှေကားလက်ရန်းပါ ယိုင်သွားသည်။ ခြစားခံထားရသော လှေကားထစ်များသည် ခြေလှမ်းမမှန်သည့် ထိုသူ့ကို ထိန်းမနိုင်ပါ။

ရိုင်းစိုင်းစွာ ဆဲဆိုသံနှင့်အတူ လှေကားထစ်များကို တက်သည်။ မျက်ထောင့်များက ရဲရဲနီကာ မူးယစ်ခြင်း၏ အနိဋ္ဌာရုံသရုပ်ကို ပီပြင်စွာ ဖော်ပြနေသည်။ ၀ါးကြမ်းခင်းကို ဖိနင်းလျှောက်လာသည့် ခြေသံကြောင့် တဲအိမ်လေးသည် ယိုင်သွားသည်။

'ငါလိုးမသား..သောက်လုပ် မလုပ်ချင်တာနဲ့ စာဖတ်မနေနဲ့။ ငါ့ကို ပိုက်ဆံပေးစမ်း။'

အိမ်ထောင့်တွင် ကျောင်းစာအုပ်ကိုဖွင့်ကာ စာကြည့်နေသည့် သူရိန်သည် ဖခင်ကို ခေါင်းမော့ မကြည့်ရဲ။ ခေါင်းကိုငုံ့ထားသည်။ ယခုလိုအချိန်မျိုးတွင် သူသည် သားရဲရှေ့တွင်ရှိနေသော သားကောင်ငယ်ပင်။ ထွက်ပေါက်မရှိ။ ပြေးပေါက်မရှိ။ အရက်သားကောင် ဖခင်ဖြစ်သူသည် သူ ဘာလုပ်လုပ် လွတ်မြောက်ခွင့်ပေးမည်မဟုတ်။ နေ့စဥ်လိုလို ဖြစ်ရပ်တစ်ခု ဖြစ်သောကြောင့် မထူးဆန်းတော့ပေမယ့် ကြောက်စရာကောင်းသည်ကတော့ အတူတူပါ။ မိုးလင်းချိန်ကတည်းက အိမ်မှ ထွက်သွားသည့် ဖခင်။ ညက သူ ပေးခဲ့ရသည့် ပိုက်ဆံများ ကုန်သည်အထိ အရက်သောက်ခဲ့မည်။ ပိုက်ဆံကုန်လျှင် ရွာထဲလှည့်ကာ ချေးငှားလိမ့်မည်။ မရသည့်အဆုံး အိမ်ကိုပြန်လာကာ မိမိထံမှ တောင်းလိုက်မည်။ ထို့နောက်..

ပင်လယ်နဲ့လှေငယ်Where stories live. Discover now