Part 3

17.2K 1.6K 6
                                    

'လာလေ'

'ဗျာ... အင်း အင်း'

သူရိန်အိပ်မက်မက်နေသူတစ်ယောက်လို ထိုင်နေရာမှ ဆင်းကာ အားမာန်နောက်လိုက်လာခဲ့သည်။

ပူပြင်းသော သဲသောင်ပြင်ထက်မှ သဲပွင့်များ၏ အသိကိုပင် သူသတိမထားလိုက်မိသလို အေးမြသောပင်လယ်ရေအတွေ့ကိုလည်း မခံစားမိလိုက်။

ဒူးအောက်ရောက်သော ရေကူးဘောင်းဘီအပြာရောင်နှင့် ပေါ့ပေါ့ပါးပါး တီရှပ်အဖြူရောင်ကို ၀တ်ဆင်ထားသော အားမာန်ပုံရိပ်သည် ပြာလဲ့နေသော ပင်လယ်တွင် ခပ်ရေးရေးထင်ဟပ်နေသည်။

ရွက်လှေမှာ မော်တော်စက်မပါဘဲ လေနှင့်သာရွေ့လျားသော ရွက်နှစ်ရွက်ပါ အဖြူရောင်လေးဖြစ်သည်။

လှေဘောင်ပေါ်တွင် လက်နှစ်ဖက်ထောက်ကာ ကျွမ်းကျင်စွာ အားမာန် လှေပေါ်ခုန်တက်လိုက်သည်။ ကမ်းပေးလာသောလက်ကို လှမ်းကြည့်လိုက်ရင်း သူရိန်စိတ်ညစ်သွားသည်။ တံငါရွာမှာမွေးကာ လှေသမားများနှင့်ကြီးလာသော သူရိန်လှေတစ်စီးပေါ် သူများအကူအညီမပါဘဲ တက်တတ်ပါသည်။

ပြီးတော့ ဘာ့ကြောင့်ရယ်မသိ။ နူးညံ့ဖြူဖွေးနေသော ထိုလက်တစ်စုံကို သူရိန်နောက်ထပ်မထိတွေ့ချင်တော့။ ယောက်ျားလေးအချင်းချင်းပေမယ့် သူ့စိတ်ထဲမှာ မသက်မသာဖြစ်မိသည်ကို ကျောက်ဆောင်ပေါ်မှာကတည်းက သတိထားမိသည်။

အားမာန်က မျက်ခုံးနှစ်ဖက်ပင့်တင်ကာ သဘောကျဟန် ခပ်တိုးတိုးရယ်လိုက်သည်ကို သူရိန်ကြားလိုက်ရသည်။ ဘာမှတော့မပြော။ လှေပေါ်ထောင့်တစ်နေရာမှ အဖြူရောင် သေတ္တာငယ်တစ်ခုကို သွားဖွင့်ကာ အလုပ်ရှုပ်နေသည်။

ရွက်လှေဖြူလေးပေါ်မှ ခြေချထိုင်ကာ အေးစက်သောပင်လယ်ရေကို ခြေထောက်နှင့် တို့ခတ်ကစားလိုက်သည်။ သူ့တစ်သက်လုံး ငါးညှီနံ့ ငါးပုပ်နံ့ပြည့်နှက် နေသော တံငါလှေမျိုးစုံပေါ် ရောက်ဖူးသော်လည်း နိုင်ငံခြားမဂ္ဂဇင်းစာအုပ်ထဲမှ ထွက်လာပုံရသော ဒီလိုဖြူဖွေးသပ်ရပ်လှသည့် ရွက်လှေပေါ်တော့ တစ်ခါမှမရောက်ဖူးပါ။

'ခင်ဗျားဟိုတယ်ဇုံက တည်းခိုခန်းတွေမှာ တည်းနေတာလား'

ရွက်ချထားသော ရွက်တိုင်ဖြူကို စိတ်ဝင်တစား ခေါင်းလည်ပြန်မော့ကာ ငေးကြည့်ရင်း အားမာန်ကို သူမေးမိသည်။

ပင်လယ်နဲ့လှေငယ်Where stories live. Discover now