အပိုင်း ၁၅

7.3K 763 25
                                    

ဧည့်ခန်းမှ စန္ဒရားသံကို ကြားနေရသည်။ အခန်းထဲမ၀င်သေးဘဲ ရပ်တန့်နားထောင်သည်။ ခဏကြာမှ အိမ်တံခါးကို တွန်းဖွင့်ပြီး နေသား ဧည့်ခန်းထဲ၀င်လာသည်။ ဂါဝန်လေးနှင့် စန္ဒရားတီးနေသော ငါးနှစ်သမီးအရွယ် စိမ်းလဲ့သည် တံခါးသံကြားသည်နှင့် နောက်လှည့်ကြည့်သည်။

'ဖေဖေ'

'ဖေဖေ မှာထားတာကို သမီး မေ့နေပြီ။'

စန္ဒရားနားသို့ နေသား လျှောက်လာသည်။ လျှာလေးတစ်လစ်ထုတ်ပြီး ပြုံးနေသည့် သမီးငယ်၏ ကိုယ်နေဟန်ကို ပြင်လိုက်သည်။ စန္ဒရားရှေ့တွင် ပြီးစလွယ်ထိုင်လို့မရ။ ခြေနှစ်ဖက်သည် တစ်ခုနှင့်တစ်ခု မျဥ်းပြိုင်ဖြစ်နေရမည်။ ခေါင်းပေါ်တွင် စာအုပ်တစ်အုပ်တင်ပြီး ပြုတ်မကျနိုင်လောက်အောင် မတ်မတ်အနေအထားမျိုး။ လက်နှစ်ဖက် အနေအထားက ကြမ်းပြင်နှင့် မျဥ်းပြိုင်။ ပခုံးကျုံ့မနေရ။ စန္ဒရားခလုတ်ပေါ်တွင် လက်ချောင်းထိပ်များ တင်ပြီး လက်ဖ၀ါး မသိမသာ ခုံးနေရမည်။

'ဦးနေတို့ကတော့ အမြဲ တိကျနေတာပဲ။'

နေသားနောက်လှည့်ကြည့်လိုက်သည်။ ဧည့်ခန်းဆိုဖာပေါ်တွင် ထိုင်နေသော သင်းမာ။ မွေးနေ့အပြီး မောပန်းနေသလို မျက်နှာဖျော့နေသည်။ အပြုံးများကတော့ လန်းဆန်းတောက်ပဆဲ။

'အစပိုင်းမှားနေရင် နောက် အကျင့်ပါသွားရော သင်းရ။ အဲ့ဒီ့အချိန်ကျမှ ပြင်ဖို့ဆိုတာ ခက်နေပြီ။ မင်းမမရော'

'မောလို့တဲ့။ သွားလှဲနေတယ်။ ကျေးဇူးနော်။ သင်း မွေးနေ့ကို အစအဆုံး တာ၀န်ယူပေးလို့ ကျေးဇူးတင်ပါတယ်။'

'ကိုယ်တို့မှာ ဒီ ညီမလေးတစ်ယောက်ပဲ ရှိတာ သင်းရာ။ ဒါမျိုးတွေ မပြောစမ်းပါနဲ့။'

ကြင်နာမှုပြည့်သော စကားဖြစ်သောကြောင့် သင်းမာ ပြုံးလိုက်သည်။ နေသားကို ပိုင်ဆိုင်ရသည့် မမနွေးတစ်ယောက် ကံကောင်းလိုက်တာဟု တွေးဖြစ်သည်။ ဘယ်အရာကိုမဆို တိကျသည်။ ပြီးပြည့်စုံခြင်းကို နှစ်သက်သည်။ စကားနည်းကာ သီးသန့်နေတတ်ပေမယ့် အသောက်အစားကင်းပြီး မိသားစုအပေါ် တာ၀န်ကျေသည့် အိမ်ထောင်ရှင်ကောင်းတစ်ယောက်ပင်။ မိသားစု စီးပွားရေးလုပ်ငန်းများသည် နေသား လက်ထဲရောက်မှ နှစ်ဆတိုး တိုးပွားလာခဲ့သည်။

ပင်လယ်နဲ့လှေငယ်Where stories live. Discover now