စကားစဖို့ နှုတ်ခမ်းအဖွင့် ဖိကပ်လာသော သူရိန့်နှုတ်ခမ်းတစ်စုံကြောင့် အားမာန် စကားစများ ပျောက်ဆုံးသွားခဲ့သည်။

နွေးထွေးသောနှုတ်ခမ်းအစုံ၏ အတွေ့အသိ..

သူရိန် အားမာန်ဆံပင်များကို တင်းကြပ်ခိုင်မာစွာ ဆုပ်ကိုင်ထားသည်။

မြန်ဆန်သောအသက်ရှူငွေ့က အားမာန်ပါးပြင်ပေါ် ပူနွေးစွာကျရောက်နေသည်။

ပထမဆုံးအကြိမ် တစ်စုံတစ်ယောက်ကို သူရိန် နမ်းမိခြင်းဖြစ်သည်။ တစ်စုံတစ်ခုကို ဟန်ဆောင်ထန်းချုပ်ထားဟန်ရှိသော အားမာန်ကိုကြည့်ရင်း ဘယ်လိုမှမထိန်းချုပ်နိုင်တော့ဘဲ သူရိန် စိတ်လွတ်သွားခဲ့သည်။ ဦးနှောက်မှ မထိန်းချုပ်နိုင်မည် နှလုံးသားကအမိန့်ပေးစေခိုင်းသွားခဲ့ခြင်းဖြစ်သည်။ အေးစက်သောအားမာန်နှုတ်ခမ်းများ သူ သတိထားမိသည်။

အတွေ့အကြုံမရှိသော မိမိကိုယ်ကို ပထမဆုံးအကြိမ် သူရိန် ပြန်လည်ဒေါသထွက်သွားမိသည်။ ဖိကပ်ထားသော နှုတ်ခမ်းများကို ခွဲခွာရန် နောက်ဆုတ်မိချိန် အားမာန်၏ သန်မာသော လက်များသူရိန့်ခေါင်းနောက်မှ သိုင်းဖက်ဆွဲယူကာ နောက်တစ်ကြိမ် ဖိနမ်းလာခဲ့သည်။

အချိန်ဆိုသည့် ကန့်သန့်ချက်တစ်ခုအပါအ၀င် လောကကြီးတစ်ခုလုံးမှ ရွှေ့လျှားနေသော အရာများအားလုံး ရပ်တန့်သွားသည်ဟု သူ ထင်မိသည်။ အားမာန်၏ နှုတ်ခမ်းအစုံက ဖိပိတ်ထားသော သူ့နှုတ်ခမ်းများကြား နူးညံ့စွာ သို့ပေမယ့် ကြမ်းတမ်းစွာ တိုးဝင်လာခဲ့သည်။ သူရိန့်နှုတ်ခမ်းများ ခပ်ဟဟပွင့်သွားချိန် ငတ်မွတ်နေသော သားကောင်တစ်ကောင်ပမာ အားမာန် မွတ်သိပ်စွာ နမ်းရှိုက်လိုက်သည်။

တစ်ကြိမ်..

နောက်တစ်ကြိမ်..

အကြိမ်ပေါင်းများစွာ..

စီးကနက်နံ့နှင့် ၀ီစကီနံ့ရောသော ခပ်ကြမ်းကြမ်းအနမ်းများကြောင့် သူရိန်ခေါင်းတစ်ခုလုံး မူးနောက်သွားကာ သွေးများပွက်ပွက်ဆူလာသည်။ ချိုသော၊ ခါးသော အရသာနှင့် အက်ဆစ်ရေတစ်စက်လို ပူလောင်သော အတွေ့များက သူရိန့်တစ်ကိုယ်လုံးကို လောင်ကျွမ်းလာသည်။

'အားမာန်'

သူရိန် သူ့ပခုံးကို ဖိတွန်းလိုက်မှ ရေနစ်နေရာမှ ရေပေါ်ပြန်လည်ရောက်ရှိလာသူ တစ်ယောက်လို အားမာန်မောဟိုက်စွာ အသက်ပြင်းပြင်းရှူမိသည်။ ဘယ်ဘက်ရင်အုံမှ နှလုံးသားက ကြမ်းတမ်းစွာ ခုန်ပေါက်နေသည်။ နီရဲသွားသော သူရိန့်နှုတ်ခမ်းများကို တွေ့လိုက်ရမှ သူဘယ်လောက်ကြမ်းကြမ်းတမ်းတမ်း စိတ်လွတ်သွားမိသည်ကို အားမာန် သတိထားမိလိုက်သည်။

'ဆောရီး.. သူရိန်.. ငါ.. ငါ'

သူရိန်သူ့နှုတ်ခမ်းကို လက်ချောင်းများဖြင့် လှမ်းပိတ်လိုက်ကာတင်းကြပ်စွာ ဖက်လာခဲ့သည်။ ပြင်းထန်သော သူတို့နှစ်ယောက်ရဲ့ နှလုံးခုန်သံများမှလွဲ၍ အားမာန် အရာအားလုံးကို ခေတ္တခဏမေ့လျော့သွားမိသည်။ နွေးထွေးသော သူရိန့်လက်ဖ၀ါးနှင့် သူမက်မောလွန်းရသည့် ကိုယ်သင်းနံ့တစ်ခုကသာ အားမာန်အရိုးအသားထဲထိ စိမ့်ဝင်သွားခဲ့သလို။

ပင်လယ်နဲ့လှေငယ်Where stories live. Discover now