ဦးငယ်...

ဒီနာမည်သည် သူ့အတွက် နမိတ်ဆိုးများ၏ အစတစ်ခုဖြစ်ခဲ့သည်။

မိခင်ဖြစ်သူထက်အသက်များစွာ ငယ်ပုံရသည့် နေသားကို စတွေ့စဉ်က အားမာန် အလယ်တန်းကျောင်းသားအရွယ်ပင် ရှိပါသေးသည်။

ယောက်ျားပီသကာ ချောလွန်းလှသော နေသားကို မေမေမျက်စိကျမိသည်ကို အပြစ်မတင်မိ။ မေမေ နောက်အိမ်ထောင်ပြုသည်ကို အထူးသဖြင့် မခံစားမိ။

မေမေသည် အားမာန်ဘ၀ထဲမှာ ဘယ်တော့မှအတည်တကျ နေရာမယူခဲ့ပါ။ ဖေဖေရှိစဉ် ဖေဖေနှင့်သာအတူ ကြီးပြင်းလာသလို ဖေဖေရုတ်တရက် ဆုံးပါးသွားတော့လည်း ကလေးထိန်းများနှင့်သာ ကြီးပြင်းလာသော အားမာန်အတွက် တစ်အိမ်တည်းအတူရှိသည့် တစ်စိမ်းတစ်ယောက် ဆိုလျှင်လည်း မမှားပါ။

အလုပ်နှင့် သူမ ကိုယ်ကိုသာ ဂရုစိုက်ချင်သော မေမေသည် အားမာန်ဆိုသည့် ကောင်လေးအတွက် ဘယ်တော့မှအချိန်မရှိခဲ့သလို။ ဒီတော့လည်း အားမာန်တို့အိမ်မှာ နောက်လူတစ်ယောက်တိုးလာခြင်းသည် ဘာမှသိပ်မထူးခြားသည့်အဖြစ်တစ်ခုဟု အလွယ်မှတ်ထင်ထားခဲ့သည်မှာ အားမာန်အမှားပင်။

နေသား သည် မင်းသားခေါင်းဆောင်းထားသော ဘီလူးတစ်ကောင်။

မိခင်ဆိုသည်မှာလည်း နေသား ပြုစားခံထားရသော သူတစ်ယောက်လို နေသား မျက်နှာတစ်ချက်အညိုမခံ။

အိမ်မှာရှိချိန်နည်းလှသလို ဘာတွေဖြစ်နေသည်ကို မသိသလို၊ ဂရုလည်းမစိုက်။

နေသားဆိုသူ ရောက်လာပြီး သိပ်မကြာခင်မှာပဲ အားမာန်ငယ်စဉ်ကတည်းက ထိန်းကျောင်းစောင့်ရှောက်လာသော အိမ်အလုပ်သမားများ တစ်ယောက်ပြီးတစ်ယောက် အလုပ်ထုတ်ခံခဲ့ရသည်။

'အားမာန်.. မင်းဒီအတိုင်း ကျောင်းနဲ့အိမ်နဲ့ အချိန်ကုန်နေမယ့်အစား သင်စရာရှိတာတွေကို သင်ဖို့တတ်ပြီ'

သင်တန်းမျိုးစုံ၊ ဆရာမျိုးစုံနှင့် အားမာန်အတွက် အားလပ်ချိန်ဟု လုံးလုံးမရှိတော့။ နေသား ၏ ရပ်တည်မှုအားလုံးသည် အားမာန်အပေါ်တွင်သာ အာရုံစူးစိုက်နေသည်မို့ အားမာန်အသက်ရှူရသည်မှာပင် မွန်းကြပ်လာခဲ့သည်။ ဆိုးသည်က နေသားဆိုသူသည် အမှားဆိုသည့်အရာကို တစ်ချက်မှလက်မခံ။ ကျောင်းစာဖြစ်ဖြစ် အပြင်သင်တန်းဖြစ်ဖြစ် အားမာန် ထိပ်ဆုံးမှသာ ရှိရမည်ဟု တစ်ချက်လွှတ်သတ်မှတ်ထားသည်။

'မင်း ဦးငယ်ရဲ့ မျှော်မှန်းထားတဲ့အတိုင်း မဖြစ်လာရင် ဒါဏ်ခတ်ခံရမယ်'

မှောင်မည်းနေသော မြေအောက်အခန်းထဲတွင် အားမာန် အကြိမ်ကြိမ် ကြောက်ရွံ့တုန်လှုပ်စွာ ဖြတ်သန်းခဲ့ရဖူးသည်။ ဆာလောင်နေသော ၀မ်းဗိုက်နှင့် အရှိုးရာအထပ်ထပ်ဖြင့် ငိုရှိုက်ရင်း ညပေါင်းများစွာ အိပ်မောကျခဲ့ရဖူးသည်။

ထိုအချိန်က အားမာန်သည် စိတ်အားငယ်တတ်သော၊ ဦးငယ်ဆိုလျှင် ရဲရဲပင်မော့မကြည့်ရဲအောင် ကြောက်ရွံ့တတ်သော ကောင်လေးတစ်ယောက်သာ ဖြစ်သည်။ ဒါပေမယ့် ထိုနှစ်များအတွင်း သူဖြတ်သန်းခဲ့ရသော အိပ်မက်ဆိုးများသည် သူအသားကိုသာမက အရိုးအသွေးများကိုပါ သောက်ယူစားသုံးချင်နေသည့် နေသား၏ အကြံဆိုးများလောက် မဆိုးရွားသေးတာကို အားမာန်အသက် ဆယ့်ငါးနှစ်ပြည့်ချိန်တွင် နားလည်လိုက်ရသည်။

ထိုညက မေမေထုံးစံအတိုင်း အိမ်ပြန်မလာခဲ့။ သည်းထန်စွာရွာသွန်းနေတဲ့ မိုးနှင့်အတူ ပြင်းထန်သောလေသံကြောင့် လောကကြီးတစ်ခုလုံး တုန်ရင်ဆူညံနေသလိုပင်။ အိမ်ကြီးတစ်ခုလုံး မှောင်မည်းတိတ်ဆိတ်နေသည်။ အားမာန်မွေးနေ့ကိုပင် မေမေအမှတ်မရ သတိမထားမိတာကို နာကျင်ဝမ်းနည်းစွာဖြင့် အိပ်ယာထဲမှာမျက်နှာဝှက်ရင်း အားမာန်ကြိတ်ငိုနေချိန်ဖြစ်သည်။

'အားမာန် မင်းငိုနေတာလား'

သူ့အခန်းထဲကို လှမ်းဝင်လာသော နေသား မျက်လုံးများမှာ အားမာန်နားမလည်နိုင်သော အရောင်တစ်လက်လက် လက်နေသည်။ ဦးငယ်ဆိုလျှင် ကြောက်ရွံ့ပြီးဖြစ်သော သူ့အတွက် အသံကြားရုံနှင့် တုန်ရင်ကာ အိပ်ယာမှလူးလဲထရန်ကြိုးစားလိုက်ပေမယ့် ကြမ်းတမ်းသောလက်တစ်ဖက်က သူ့ကို တွန်းဖိထားပြီဖြစ်သည်။

နေသား မျက်နှာထက်မှ ကြောက်ရွံ့ဖွယ် ရက်စက်လှောင်ပြုံးတစ်ခုကို လျှပ်စီးအလက်မှာ အားမာန်တွေ့လိုက်ရသည်။

'မင်း ပိုငိုတတ်အောင် ဦးငယ် သင်ပေးရမယ့် အချိန်ရောက်ပြီ ကောင်လေး'

သူ့အတွက် အဆုံးမရှိသည့် အိပ်မက်ဆိုးများသည် ထိုညမှစ၍ အစပြုခဲ့ခြင်းဖြစ်သည်။

ပင်လယ်နဲ့လှေငယ်Tahanan ng mga kuwento. Tumuklas ngayon