Chapter 270

405 42 0
                                    

Chapter 270 : ပြဿနာအကြီးအကျယ်တက်
ခြင်း

စူးချူက ကျင်းယွင်ကျောင်းပြောသွားသည့် စကားလုံးများ၏ အဓိပ္ပါယ်အား စဥ်းစားနေစဥ်မှာပင် ဘေးပတ်ဝန်းကျင်မှလူများက ကျင်းယွင်ကျောင်းအား စတင်၍ ဝန်းရံလိုက်ကြသည်။ လူအုပ်ကြီး၏ လှုပ်ရှားမှုများကြောင့် စူးချူ၏ စိတ်ထဲတွင် ကျင်းယွင်ကျောင်းသည် သိုးငယ်လေးတစ်ကောင်ဖြစ်သွားသကဲ့သို့ ခံစားရ၍ သူမအား အနိုင်ကျင့်နေသောလူအုပ်ကြီးသည် သိုးငယ်လေးထောင်ချောက်ထဲ ဝင်လာမည်ကို စောင့်နေသည့် သွေးဆာနေသော ဝံပုလွေများနှင့်တူ၏။

ထို့ကြောင့် စူးချူသည် ပို၍ ဒေါသထွက်သွားကာ သူမ၏ ပြောင်ကျဲအား ဤသားရဲတွင်းထဲသို့ တစ်ယောက်တည်း မလွှတ်ချင်တော့ပေ။

ထို့နောက် စူးချူက ကျင်းယွင်ကျောင်း၏ နောက်သို့ လိုက်သွားလိုက်တော့သည်။

"အဲဒါ သူပဲ၊ ကျင်းယွင်ကျောင်း အခု ဒီမှာရှိနေတယ်"

ရွာသားများထဲမှ တစ်ယောက်က ကျင်းယွင်ကျောင်းအား လက်ညှိုးထိုးပြရင်း အော်လိုက်၏။

ချက်ချင်းပင် လူအုပ်ကြီးက ကျင်းယွင်ကျောင်းရှိရာသို့ တစ်ပြိုင်နက်တည်း ခေါင်းလှည့်လာကြပြီး ကင်မရာကိုင်ထားသူများက သူမအား အဆက်မပြတ် ဓါတ်ပုံရိုက်နေကြရာ ကင်မရာဖလက်ရှ်မီးများကြောင့် လူတိုင်းနီးပါး မျက်စိကျိန်းကုန်ကြသည်။

"မင်းက ကျင်းယွင်ကျောင်းလား။ ကျေးဇူးပြုပြီး ကျင်းထျယ်ကျွင်းနဲ့ ဝမ်ရှင်းဖန်းက မင်းရဲ့မိဘတွေလားဆိုတာ ငါတို့ကို ပြောပြနိုင်မလား"

"ကျောင်းသူ ကျင်းယွင်ကျောင်း၊ မင်းရဲ့မိဘအရင်းတွေကို ဘယ်လိုသဘောမျိုးနဲ့ စွန့်ပစ်ခဲ့တာလဲ။ ဘယ်လိုသဘောမျိုးနဲ့များ သူတို့နဲ့တော်စပ်မှုအားလုံး ဖြတ်ချပစ်နိုင်ရတာလဲ။ ငါကြားတာကတော့ မင်းက မင်းရဲ့မောင်အရင်းကိုတောင် အသုံးချပြီး မိဘတွေကို ခြိမ်းခြောက်ခဲ့တယ်ဆိုတာ ဟုတ်လား"

"ကျောင်းသူလေး၊ မင်းရဲ့ရည်းစားက ချမ်းသာတဲ့သခင်လေးတစ်ယောက်ဆို။ သူက မင်းကို ဒီနေ့ ကိုယ်တိုင် ကျောင်းလိုက်မပို့ဘူးလား။ မင်းက ဘာဖြစ်လို့ မင်းရဲ့ဒေါသတွေကို ရွှေချန်းရွာသားတွေအပေါ်ပုံချပြီး ရိုက်နှက်ခဲ့တာလဲ"

...

သူတို့၏ စည်းမရှိဘဲ ရိုင်းစိုင်းကြမ်းတမ်းသည့် မှတ်ချက်များကိုကြားသောအခါ စူးချူသည် သူမအား တိုက်ရိုက်အပြောခံနေရခြင်း မဟုတ်သော်လည်း သူမ၏ နှလုံးသားအား ဓါးထက်ထက်ဖြင့် လှီးနေသကဲ့သို့ ခံစားရသည်။

စူးချူအတွက်မူ ဤကဲ့သို့ကြောက်စရာကောင်းသော မြင်ကွင်းကို ပထမဆုံး မျက်မြင်ကိုယ်တွေ့  ကြုံဖူးခြင်းဖြစ်၏။ ထိုလူများအားလုံးသည် ကြင်နာ၍ဖော်ရွေတတ်ပုံပေါ်သော်လည်း သူတို့၏ စကားပြောပုံဆိုပုံ၊ မေးခွန်းမေးပုံနှင့် မှတ်ချက်ပေးပုံများသည် ပြင်းထန်၍ အေးစက်လွန်းပြီး လူတစ်ယောက်၏ ကိုယ်ရေးကိုယ်တာကိစ္စများကို ပိုင်စိိုးပိုင်နင်း မေးမြန်းနေကြသည်။

"ချီးပဲ...ဒီပညာမတတ်တဲ့ တိရစ္ဆာန်တွေကတော့"

စူးချူသည် ကျင်းယွင်ကျောင်းအား မည်သို့ကူညီရမှန်းမသိသောကြောင့် စိတ်ထဲ၌ ဆောက်တည်ရာမရဖြစ်နေချိန်တွင် ရုတ်တရက် ရှောင်ဟိုင်ချင်းက သူမ၏ ဘေးသို့ရောက်လာ၍ ထိုလူအုပ်ကြီးအား ဆဲရေးကြိမ်းမောင်းလိုက်၏။

ထို့နောက် ရှောင်ဟိုင်ချင်းသည် လမ်းပိတ်နေသော လူအုပ်ကြီးအား တွန်းဖယ်လိုက်ပြီး ကျင်းယွင်ကျောင်း၏ ဘေးသို့ သွားရပ်လိုက်သည်။

စူးချူက သူမသည် ကျင်းယွင်ကျောင်းအား များများစားစား အကူအညီမပေးနိုင်ဟု ခံစားနေရသော်လည်း သူမကသာ ပို၍ အားပေးထောက်ခံပါက ကျင်းယွင်ကျောင်းသည် ပို၍တည်ငြိမ်လာလိမ့်မည်ဟု တွေးလိုက်မိ၏။

စိတ်ထဲ၌ ထိုသို့တွေးလိုက်မိသည်နှင့် စူးချူသည်လည်း ရှောင်ဟိုင်ချင်း၏ လုပ်ပုံကိုင်ပုံများကိုအတူယူ၍ လူအုပ်ကြီးအား တွန်းဖယ်ကာ ကျင်းယွင်ကျောင်း၏ ဘေး၌သွားရပ်နေလိုက်ပြီး ထိုလူများအား မုန်းတီးစက်ဆုပ်မှုများပြည့်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေလိုက်သည်။

ဆူညံနေသော လူအုပ်ကြီးနှင့် မျက်နှာချင်းဆိုင်ရင်း ကျောင်းမှ အုပ်ချုပ်သူ အကြီးအကဲများသည်လည်း ဘာမှမလုပ်တတ်တော့ချေ။ ဆရာကျီက ဘေး၌ အနည်းငယ် ခါးကုန်း၍ရပ်နေပြီး သူ၏ ဘေးတွင်ရပ်နေသော ကျီသာ့ယုံးကလည်း သက်ပြင်းချနေ၏။ ထိုအခိုက်မှာပင် သတင်းထောက်အချို့က ဆရာကျီအား မလိုအပ်ဘဲ မေးခွန်းများ မေးလာသည်။

"ခင်ဗျားက ကျင်းယွင်ကျောင်းရဲ့အတန်းပိုင်းဆရာ မဟုတ်လား။ သူက အတန်းထဲမှာရော ဘယ်လိုစိတ်ထားမျိုးရှိလဲ။ သူက ရည်မှန်းချက်ကြီးလား"

"ခင်ဗျားတို့တွေ မေးလို့ပြီးပြီလား။ ကျင်းယွင်ကျောင်းက လူကောင်းတစ်ယောက်ပဲ။ သူက ခင်ဗျားတို့မကျေနပ်အောင် ဘယ်လိုများ လုပ်မိထားလို့တုန်း"

ကျီသာ့ယုံးက သူ့ ဦးလေးဖြစ်သူသည် လူအုပ်ကြီး၏ ဖိအားပေးမှုများကြောင့် တုန်ယင်နေသည်ကိုမြင်သောအခါ ဒေါသတကြီး ကြိမ်းမောင်းလိုက်၏။

သူက ကျင်းယွင်ကျောင်းရဲ့အတန်းဖော်ဖြစ်နေတာ အချိန်အတော်ကြာပြီ။ သူက အတန်းခေါင်းဆောင်နဲ့ အတန်းကိုယ်စားပြုမို့လို့ သူ့မှာ သူနဲ့စကားပြောဖို့ အခွင့်အလမ်းအများကြီးရှိတယ်၊ ဒါကြောင့် ကျင်းယွင်ကျောင်းက အမြဲတမ်း အခြားသူတွေအပေါ်မှာ အေးစက်ပြီး ကြမ်းတမ်းပေမယ့် သူက ခင်မင်မှုကို တန်ဖိုးထားတဲ့သူတစ်ယောက်ဆိုတာ သူသိလာတယ်၊ သူက သူတို့ပြောသလို မကောင်းတဲ့သူတစ်ယောက် မဟုတ်ဘူး။

ကျီသာ့ယုံ၏ ကြိမ်းမောင်းသံကို ကြားသောအခါ သတင်းထောက်များသည် နောက်ဆုတ်သွားရမည့်အစား ပို၍ပင် စိတ်အားထက်သန်စွာဖြင့် ဆရာကျီအား မေးခွန်းများ ဆက်မေးတော့သည်။

"ဒီကောင်လေးကလည်း ခင်ဗျားရဲ့ကျောင်းသားတွေက တစ်ယောက် မဟုတ်လား။ ဆရာကျီ ဆရာတစ်ယောက်အနေနဲ့ ခင်ဗျား အရှုံးသမားတစ်ယောက်လို ခံစားရလား"

ထိုမေးခွန်းများအားကြားပြီးနောက်တွင် ဆရာကျီ၏ ခန္ဓာကိုယ်က ပို၍ပင် တုန်ယင်လာ၏။

ထိုအခါ ကျီသာ့ယုံးသည် မျက်လုံးများနီရဲလာသည်အထိ ဒေါသထွက်လာသော်လည်း ဤတစ်ကြိမ်၌ ပါးစပ်ပိတ်၍သာ နေလိုက်သည်။ သတင်းထောက်များသည် နားလည်မှုလွဲတတ်လွန်းလှ၍ သူပြောလိုက်သည့်စကား၏ အဓိပ္ပါယ်ကို ရာဇဝတ်မှုမြောက်သည့်စကားအဖြစ် ပြောင်းလဲပစ်လိုက်၏။

တစ်ချိန်တည်းမှာပင် လူအုပ်ကြီး၏ ဝန်းရံခြင်းကို ခံထားရသည့် ကျင်းယွင်ကျောင်းသည်လည်း အတော်လေးတိတ်ဆိတ်နေ၍ လူအုပ်ကြီးထဲမှ တစ်ယောက်ချင်းစီအား စိမ်ပြေနပြေ စိုက်ကြည့်၍ မှတ်သားနေသည်။

တကယ်တမ်း သူမသည် အလွန်အငြိုးကြီးသူတစ်ယောက်ဖြစ်နေလေ၏။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Tempat cerita menjadi hidup. Temukan sekarang