Chapter 226

479 53 0
                                    

Chapter 226 : သူ့အား ဤအခြေအနေသို့ရောက်အောင် ရည်ရွယ်ချက်ရှိရှိ တွန်းပို့ခြင်း


ကျန်ရှ၏ စောဒကတက်မှုကြောင့် သူ၏ မိဘနှစ်ပါးစလုံး ကြောင်အ,သွားသည်။

"သား၊ မင်း တကယ်ပဲ ကျင်းယွင်ကျောင်းကို ကြိုက်နေတာလား"

အမေကျန်က စိတ်ရှုပ်စွာဖြင့် မေးလိုက်၏။

သူမသည် သူမသား၏ ရည်းစားစာထဲ၌ တခြားသူများကို ပြ၍မရသည့် အကြောင်းအရာတစ်ခုခု ရှိမည်ဟု မတွေးမိပေ။ တကယ်တမ်း သူမ၏ စိတ်ထဲတွင် သူမ၏ သားဖြစ်သူသည် ကိုယ်ကျင့်တရားအကောင်းဆုံး၊ အယဥ်ကျေးဆုံး၊ ဗဟုသုတ အကြွယ်ဝဆုံးနှင့် အသန့်စင်ဆုံးသာ ဖြစ်ပြီး စာတော်ကာ ကောင်းမွန်သည့် စရိုက်လက္ခဏာလည်း ရှိသည်ဟုပင် မှတ်ယူထားဆဲဖြစ်သည်။ သူသည် ယခင်က အတန်းခေါင်းဆောင်ပင် ဖြစ်ခဲ့ဖူး၍ ထိုရာထူးကို ကြာကြာမရခဲ့သော်လည်း သူ၏ သူငယ်ချင်းအသိုင်းအဝိုင်းကမူ မဆိုးလှပေ။ ထိုကဲ့သို့ ထက်မြက်၍ သိတတ်သော ကလေးတစ်ယောက် ရေးသည့် ရည်းစားစာက အလိုလိုပင် အဆင့်အတန်းရှိနေလိမ့်မည်ဖြစ်၏။

ထို့ကြောင့် ကျန်မိသားစုမှ မိဘနှစ်ပါးက ရည်းစားစာများကို လူသိရှင်ကြား ချပြရန် မကန့်ကွက်ခြင်းဖြစ်သည်။

သို့သော် မမျှော်လင့်ဘဲ သူတို့ သားဖြစ်သူ၏ အတွေးနှင့် ဆန့်ကျင်ဘက်ဖြစ်နေ၏။ အကယ်၍ သူသည် ရှက်ရွံ့သောကြောင့်သာ မဟုတ်ပါက ကျင်းယွင်ကျောင်းအား အမှန်တကယ် ကြိုက်နေခြင်းကြောင့် ဖြစ်ရမည်။

သို့သော် ဤကိစ္စသာ အမှန်တကယ်ဆိုပါကလည်း သူတို့၏ သားသည် ကျင်းယွင်ကျောင်းအား ကျောင်းပြောင်းစေလိုသော၊ သို့မဟုတ် ကျောင်းထွက်စေလိုသောဆန္ဒ သေချာပေါက်ရှိမည် မဟုတ်ပေ။

ကျန်ရှ၏ အမူအယာက အကျည်းတန်နေသော်လည်း သူသည် နေ့တစ်ဝက်ခန့် မရှုနိုင်မကယ်နိုင် ဖြစ်နေကာ နောက်ဆုံး၌ ထုတ်ပြောလာ၏။

"ကျွန်တော် ဒီစာတွေကို သူ့အတွက် ရေးခဲ့တာမို့လို့ တခြားသူတွေကို မမြင်စေချင်လို့ပါ"

အမေကျန်က 'ငါမျှော်လင့်ထားတဲ့အတိုင်းပဲ' ဆိုသည့် အမူအယာမျိုး ဖြစ်သွားသည်။

"ငါ့သား၊ မင်း ဒီဆယ်ကျော်သက်အချစ်တစ်ခုအပေါ်မှာ ဖက်တွယ်နေတာကို အမေ မကန့်ကွက်ပါဘူး။ ဒါပေမယ့် မင်း မင်းရဲ့မျက်လုံးတွေကို ပိုပြီးရှင်းလင်းသွားအောင် သုတ်ပစ်သင့်တယ်။ ဒီကျင်းယွင်ကျောင်းကို ကြည့်စမ်း။ သူ့မှာ ရွေးချယ်ချင်စရာကောင်းတဲ့ ဘယ်လို အရည်အချင်းမျိုးများ ရှိနေလို့လဲ။ ဒီလိုလူမျိုးက မင်းကို အန္တရာယ်ပြုမယ့်သူပဲ"

အမေကျန်က ဝမ်းနည်းပက်လက် ဖြစ်နေ၏။

အဖေကျန်သည်လည်း ဤကိစ္စကို မကျေနပ်ပေ။  လက်တွေ့တွင်လည်း ကျင်းယွင်ကျောင်းသည် လူကြီးသူမများအပေါ်၌ အနည်းငယ်မျှပင် ရိုသေလေးစားမှုမရှိဘဲ မောက်မာ၍ ခေါင်းမာလွန်းသည်။

ထိုအချိန်၌ ဆရာကျီသည် ဒေါသထွက်လွန်းသဖြင့် ခေါင်းများပင် ကိုက်လာ၏။

"အမှန်ပဲ၊ ဆွေးနေတဲ့သစ်သားကို ခုတ်ဖြတ်ပုံသွင်းလို့ မရဘူး။ ဒီကလေးက သူကိုယ်တိုင် ဒီလိုညစ်ညမ်းတဲ့စာတွေကို ရေးခဲ့ပေမယ့် သူက ကျင်းယွင်ကျောင်းကိုပဲ အားလုံး အပြစ်ပုံချနေသေးတယ်။ ကျောင်းအုပ်ဆရာကြီး၊ ကျွန်တော် ဒီလိုမျိုး အကျင့်စရိုက်ရှိတဲ့ကလေးတစ်ယောက်ကို ဆက်ပြီးတော့ မသင်ကြားပေးနိုင်ပါဘူး"

ကလေးတစ်ယောက်၏ လက်ဦးဆရာများမှာ မိဘများဖြစ်ကြောင်း လူတိုင်းက ပြောကြသည်မှာ သေချာပေါက် မမှားပေ။

သူသည် အစောပိုင်းကတည်းက ကျန်ရှကို အမှန်တကယ် မနှစ်သက်ပေ။ အဓိကအချက်မှာ ဤကလေး၏ အကျင့်စရိုက်က မဖြောင့်မှန်သောကြောင့် ဖြစ်သည်။ သူ၏အဆင့်များက ကောင်းသော်လည်း သူသည် မောက်မာလွန်း၏။ ထို့အပြင် သူသည် စိတ်ထားကောင်းပုံပေါ်သော်လည်း လက်တွေ့၌ သူ့ကိုယ်သူ အထင်ကြီးလွန်းသည်။ ဥပမာဆိုရလျှင် အတန်းထဲ၌ သူသည် မကြာခဏ သူ့ကိုယ်သူသာ အကျိုးရှိမည့် ဆွေးနွေးမှုများကို စတင်လေ့ရှိပြီး အခြားကျောင်းသားများ၏ နောက်ကွယ်တွင် သူတို့အကြောင်းများကို ဆိုးဆိုးဝါးဝါး အတင်းအဖျင်းပြောလေ့ရှိ၏။

အထူးသဖြင့် ဆရာ၊ ဆရာမများအားလုံးက ကျန်ရှကဲ့သို့ အတို့အထောင် လုပ်တတ်သူများကို မနှစ်သက်ကြပေ။

သူ့ တူဖြစ်သူသည် သူတို့အတန်း၏ အတန်းခေါင်းဆောင်တစ်ယောက်ဖြစ်၍ အတန်းထဲ၌ ဖြစ်ပျက်သော အကြောင်းအရာများကို အခြားသူများထက် ပိုသိသည်။ ထို့ကြောင့် သူတို့ အိမ်ပြန်ရောက်သောအခါ သူက ကိစ္စအချို့ကို အနည်းနှင့်အများ ပြန်ပြောပြတတ်၏။ ဥပမာ၊ မည်သူနှင့် မည်သူက ဆက်ဆံရေးကောင်းသည်။ မည်သည့် ကျောင်းသားက မည်သည့်ပြဿနာမျိုးရှိနေပြန်သည် အစရှိသဖြင့် ဖြစ်၏။ သူသည် ကျန်ရှက လူတိုင်းနှင့် သူငယ်ချင်း ဖွဲ့သည့်အကြောင်းများကို တူဖြစ်သူထံမှ အမြဲတမ်း ကြားနေရသော်လည်း တကယ်တမ်း ကျန်ရှသည် ထိုသူငယ်ချင်းများ၏ မကောင်းကြောင်းများကို သူ့ တူဖြစ်သူ ကျီသာ့ယုံးအား ပြောပြတတ်သည်။

ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး ပြောဆိုဆက်ဆံတတ်၍ အသက်ငယ်ငယ်ရွယ်ရွယ်၌ပင် နောက်ကျောက ဓါးနှင့်ထိုးတတ်နေပြီဖြစ်သော ကျောင်းသားမျိုးကို သူ မည်သို့ နှစ်သက်နိုင်မည်နည်း။

ဆရာကျီက ဒေါသတကြီး ပြောဆိုပြီးသောအခါ ကျန်မိသားစုမှ စုံတွဲသည် နားမလည်နိုင်အောင် ဖြစ်သွားကြ၏။

"ဆရာကျီ၊ ခင်ဗျား ဒါ ဘာကို ဆိုလိုတာလဲ"

အဖေကျန်က ဒေါသတကြီး မေးလိုက်သည်။

"ခင်ဗျားကိုယ်တိုင်ပဲ ကြည့်လိုက်ပါ"

ဆရာကျီက ရည်းစားစာများကို ညွှန်ပြလိုက်ပြီး ပြန်လည်ချေပလိုက်သည်။

ကျင်းယွင်ကျောင်းသည် ကျန်ရှအား ရိုက်နှက်ပြီးသွားသောအခါ ထိုမိသားစုက ဤကိစ္စအား အရှက်မဲ့စွာ ပြုမူလာမည်ကို ကာကွယ်ရန်အတွက် ရုံးခန်းသို့သွား၍ စာသုံးစောင်ကို ဓါတ်ပုံကော်ပီကူးခဲ့၏။ လက်ရှိ သူမ၏ လက်ထဲတွင်ရှိသည်မှာ မူရင်းစာများဖြစ်၍ သူမ ကမ်းပေးလိုက်သည်များက မိတ္တူများဖြစ်သည်။

ထို့နောက် ထိုရည်းစားစာ သုံးစောင်ကို ကျောင်းအုပ်ဆရာကြီးနှင့် ကျန်ရှ၏ မိဘများက လက်ဆင့်ကမ်း၍ ဖတ်ရှုလိုက်ကြ၏။

ကျောင်းအုပ်ဆရာကြီးသည် ထိုစာများကို ဖတ်နေရင်း သူ၏ မျက်နှာမှာ ချက်ချင်း ရဲတောက်လာပြီးနောက် ခဏအတွင်းမှာပင် ဖြူဖတ်ဖြူလျော် ဖြစ်သွားပြန်သည်။ သူသည် သူမည်သို့ ခံစားနေရကြောင်းကိုပင် မပြောပြတတ်တော့ချေ။

ကျန်မိသားစုမှ မိဘနှစ်ဦး၏ အမူအယာများမှာလည်း အကြီးအကျယ် ပြောင်းလဲသွား၏။ အမေကျန်က ခေါင်းယမ်းလိုက်ပြီး ကယောင်ကတမ်းပြောလာသည်။

"ဒါက သေချာပေါက် ငါ့သားရေးတာ မဟုတ်ဘူး"

သူမ၏ သားသည် အလွန်နာခံမှုရှိ၍ သိတတ်၏။ ဤကဲ့သို့ ညစ်ညမ်းစာများကို သူက မည်သို့ ရေးနိုင်မည်နည်း။

"ရေးလား၊ မရေးလားဆိုတာ ရှင့်သားကို မေးကြည့်ပြီးရင် သိမှာပေါ့"

ကျင်းယွင်ကျောင်းက အေးစက်စက် အော်ဟစ်လိုက်သည်။

ကျန်ရှ၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်နေ၏။ သူသည် ထိုစာများကို ရေးနေစဥ်က ဤကဲ့သို့သောနေ့မျိုးရောက်လာလိမ့်မည်ဟု တစ်ခါမှ မတွေးမိခဲ့ချေ။ အစပိုင်း၌ သူသည် သူ့နာမည်ကို မရေးရဲသော်လည်း ကျင်းယွင်ကျောင်းက ထိုစာများကို သဘောကျကြောင်း အတည်ပြုပြီးသည့်နောက်တွင် သူသည် အနည်းငယ် စိတ်လှုပ်ရှားသွားပြီး တက်ကြွလာသောကြောင့် နောက်ဆုံးတစ်စောင်တွင် သူ့ နာမည်ကို ရေးလိုက်မိသည်။ သို့သော် လက်ရှိအခြေအနေကို ဆင်ခြင်ကြည့်ပါက ကျင်းယွင်ကျောင်းသည် သူ့အား ဤအခြေအနေသို့ ရောက်အောင် ရည်ရွယ်ချက်ရှိရှိ တွန်းပို့နေခဲ့ခြင်းပင် ဖြစ်ချေတော့၏။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Where stories live. Discover now