Chapter 201 : အကြွင်းမဲ့ အာဏာရှိသော
ကျင်းယွင်ကျောင်းသည် ကန်မိသားစုအိမ်ကိုသွားတိုင်း များသောအားဖြင့် လတ်ဆတ်သော အသီးအချို့ကို ယူသွားလေ့ရှိသည်။ ပုံမှန်လုပ်နေကျ လုပ်ငန်းစဥ်ထဲမှ ယနေ့ကွာခြားချက်မှာ စူးချူနှင့် ကန်ကျင်းချန်တို့အား အံ့အားသင့်သွားစေ၏။ သူမ ယူလာသည်က အရက်ဖြစ်သည်ကို မြင်သောအခါ၌ ပို၍ပင် အံ့သြသွားကြသည်။
အဖိုးအိုသည် အရက်ကို စိတ်အားထက်သန်စွာ သဘောကျသူ မဟုတ်၊ ယခင်က အခြားသူများ သူ့ထံသို့ ပို့ပေးထားသည့် ပုလင်းများပင်လျှင် နေရာအနှံ့ အပုံလိုက်ရှိနေသေး၏။ အဆုံး၌ သူတို့သည် ရွေးခြယ်စရာမရှိတော့သောကြောင့် ၎င်းပုလင်းများကို အခြားသူများအား ပေးပစ်ရသည်။ မည်သို့ပင်ဆိုစေကာမူ အဖိုးကတော့ ၎င်းတို့အား တစ်ချက်မှပင် မကြည့်ချေ။
ဒီနေ့ တုံ့ပြန်မှုက ... ... တစ်ခုခုများ မှားနေတာလား။
ကျင်းယွင်ကျောင်းကို မျက်နှာသာနည်းနည်း ပေးနေတာများလား။
ထိုမောင်နှမနှစ်ယောက်၏ အတွေးများက ယောက်ယက်ခတ်နေကြသော်လည်း သူတို့ အဖိုးက အရက်ပုလင်းအား လက်ခံလိုက်ရုံသာမက တစ်ငုံပင် သောက်လိုက်သေးသည်ကိုပါ မြင်ရသောအခါ အလွန်အံ့အားသင့်မှုတို့ကို ထိန်းမထားနိုင်ကြတော့ပေ။ ထို့နောက် သူ့ လက်အကြီးကြီးများဖြင့် လက်ခုပ်တီးလိုက်ပြီး မှတ်ချက်ပြုလိုက်သည်။
"ဝိုင်ကောင်းပဲ။ အနံ့က အညစ်အကြေးလုံးဝ မရှိဘူး။ ပြီးတော့ ငါ အရင်က သောက်ဖူးတာတွေထက် အများကြီး ပိုပြင်းတယ်။ ယွင်ကျောင်း၊ ငါ ဒါကို နောက်တစ်ခါ ထပ်မသောက်ခင် ဒီနေ့ ညစာအတွက် ဒီအဖိုးကြီးကို လာအဖော်လုပ်ပေးပါဦး"
"အို...ဟုတ်သားပဲ။ ဒါကို မင်းကိုယ်တိုင် အချဥ်ဖောက်ထားတာလို့ မင်း ပြောခဲ့တာလား"
အဖိုးအိုက သူမ,ပြောခဲ့သည်အား ရုတ်တရက် သတိရသွားသဖြင့် နောက်တစ်ကြိမ်ထပ်မံ၍ အံ့အားသင့်သွားပြန်သည်။
ဤကလေးမလေးသည် သူမ၌ အကြွင်းမဲ့ တန်ခိုးအာဏာရှိ၍ အရာအားလုံးအား လုပ်နိုင်သည့် ခံစားချက်ကို အဘယ်ကြောင့် သူ့အား အမြဲတမ်း ပေးစွမ်းနိုင်နေရသနည်း။