Chapter 303

412 33 0
                                    

Chapter 303 : သူတို့ အားလုံးက ငှားထားတာပဲ

ကျန်ရှ၏ မေးခွန်းက မီးလောင်ရာ လေပင့်လိုက်သဖြင့် ကျန်ဝမ်ရှန်း၏ ရင်ထဲတွင် ဒေါသများ တလိပ်လိပ်တက်လာသည်။ ထို့ကြောင့် သူသည် မကြာသေးမီကမှ ဝယ်ထားသည့် ရွှံ့စေး ရေနွေးအိုးတစ်အိုးကို လက်သင့်သလို ဆွဲယူလိုက်ပြီး ကြမ်းပြင်ပေါ် ကိုင်ပေါက်လိုက်၏။

ထိုဆိုင်နေရာအား လွန်ခဲ့သော နှစ်လကျော်ကတည်းက ဝယ်ယူခဲ့ခြင်း ဖြစ်သော်လည်း ဝယ်ပြီးကတည်းက ဆိုင်နေရာအား လှသထက်လှအောင်သာ ပြင်ဆင်မွမ်းမံနေခဲ့သည်။ သူသည် ထိုသူများအား နေ့တိုင်း စောင့်ကြည့်နေသော်လည်း မည်သည့်ပြောင်းလဲမှုမှ မရှိသဖြင့် သူ၏ စိတ်ထဲတွင် ထိုပြင်ဆင်နေမှုများအား အတည်ဟု မထင်ခဲ့ပေ။

ပတ်ဝန်းကျင်က အေးစိမ့်နေ၍ လူသူကင်းမဲ့သောကြောင့် ထိုဆိုင်၏ တည်နေရာသည် အမှန်တကယ် ဆိုးဝါးလှသည့်အပြင် အဝင်အထွက်လည်း အနည်းငယ် ခက်ခဲ၏။ သို့သော် မမျှော်လင့်ဘဲ ဆိုင်ဖွင့်ပွဲ၌ လူများစွာရောက်လာလိမ့်မည်ဟု မည်သူထင်ထားမည်နည်း။ ကားအတန်းလိုက်ကြီးသည် လူများစွာ၏ အကြည့်ကို ဆွဲဆောင်နေ၍ ယခုအခါ သူ၏ ပုံမှန်ဖောက်သည်များစွာပင် ထိုဆိုင်ထဲသို့ ဝင်သွားကြပြီဖြစ်သည်။

"ရှင် ဘာလို့ ဒီအိုးကို ခွဲပစ်တာလဲ။ ဒါက အလကားရတာလား။ ဒီပိုက်ဆံက ရှင်ကိုယ်တိုင်ရှာထားတာ မဟုတ်လို့ နှမြောစရာမဟုတ်ဘူးလို့ ရှင်က တွေးနေတာလား"

အမေကျန်သည် ရွှံ့စေးရေနွေးအိုး အစိတ်စိတ်အမြွှာမြွှာ ကွဲသွားသည်ကို မြင်သောအခါ စိတ်ရှုပ်သွားပြီး ဒေါသထွက်လွန်း၍ အသားများပင် နာလာသည်။

ထိုအခါ ကျန်ဝမ်ရှန်းသည် ချက်ချင်းမျက်နှာပျက်သွား၏။

သူသည် ဤလက်ဖက်ရည်ဆိုင်အတွက် ငွေတလုံးတခဲတည်း ပုံပေးခဲ့ရသည်။

မကြာသေးမီက အဆိပ်မိခဲ့သည့် လူသုံးယောက်၏ မိသားစုသုံးစုသည် နစ်နာကြေးအဖြစ် ယွမ်ခြောက်သိန်းလိုချင်သောကြောင့် ပေးခဲ့ရပြီး ကျိုးပဲ့ပျက်စီးသွားသော ပစ္စည်းများမှာလည်း အတော်လေး တန်ကြေးရှိ၍ အားလုံးပေါင်း ယွမ်သောင်းဂဏန်းမက တန်ပေသည်။ ထို့အပြင် လွန်ခဲ့သောနှစ်လအတွင်း ဆိုင်မှ အမြတ်များများစားစား မရခဲ့သော်လည်း ရေဖိုး၊ မီးဖိုး၊ ဝန်ထမ်းလခများ အပါအဝင် ဆိုင်၏ အထွေအထွေ ကုန်ကျစရိတ်မှာမူ အနည်းငယ်မျှပင် လျော့နည်းမသွားခဲ့ချေ။

စီးပွားရေး ပြန်လည်ဦးမော့လာစေရန် သူသည် နာမည်ကြီး လက်ဖက်ရည်ကောင်းများကိုပင် ပါဆယ်ထုပ်၍ သူ၏ ပုံမှန်ဖောက်သည်များထံသို့ အလကား ပို့ပေးခဲ့သည်။ သို့ရာတွင် ရလဒ်အနေဖြင့် သူတို့က ထိုလက်ဖက်ရည်ထုပ်များကို တစ်ထုပ်မှမယူထားဘဲ သူ့ဆီသို့ အားလုံးပြန်ထည့်ပေးလိုက်ကြပြီး ထိုလက်ဖက်ရည်များကို မသောက်ရဲကြောင်း ပြောလွှတ်လိုက်ကြ၏။

ထို့ကြောင့် သူသည် လက်ရှိအချိန်၌ သေလောက်အောင်ပင် စိတ်ဓါတ်ကျနေသည်။

ဒါက လက်ဖက်ရည်လေးပဲလေ၊ ဘာ မသောက်ရဲစရာ ရှိလို့လဲ။ သူတို့က အရင်က ကိစ္စကို သင်ပုန်းမချေနိုင်သေးတာ အသိအသာကြီး။ အဲဒါက ပစ္စည်းမှားသုံးမိတဲ့ မတော်တဆဖြစ်ရပ်လေးပဲ မဟုတ်လား။ ပြီးတော့ တစ်ခါလေးပဲ ဖြစ်ဖူးတာလေ။ သည်လောက်တောင် ကြောက်ပြနေစရာ လိုလို့လား။

အချို့လူများသည် သူ၏ ဆိုင်ရှေ့မှ ဖြတ်သွားသောအခါ ခပ်ဝေးဝေးမှပင် ကွင်းလျှောက်သွားတတ်ကြ၏။ အမှန်တကယ်ပင် မုန်းစရာကောင်းလှသည်။

ယခု လက်ဖက်ရည်အိုးအသစ်များနှင့် ကျန်ပစ္စည်းပစ္စယများအားလုံးကို ဇနီးဖြစ်သူ၏ ဖက်ရှင်ပစ္စည်းဆိုင်မှရသော အမြတ်ငွေများဖြင့် ဝယ်ယူထားခြင်းဖြစ်ရာ သူ၏ စိတ်ထဲတွင် ကွာခြားချက်က ကြီးမားလှ၏။ ထို့ကြောင့် ယောက်ျားတစ်ယောက်အနေဖြင့် ဇနီးဖြစ်သူထံမှ ထိုကဲ့သို့သော စကားများကို မကြားလိုပေ။

"ဒါက လက်ဖက်အိုးလေးတစ်အိုး ကွဲသွားတာပဲ မဟုတ်လား။ စီးပွားရေး ပိုကောင်းလာရင် ငါ ချက်ချင်း ပြန်လျော်ပေးမယ်"

ကျန်ဝမ်ရှန်းက မှုန်တေတေဖြင့် ပြောလိုက်၏။ ထိုအခါ အမေကျန်က မျက်လုံးလှန်ကြည့်လိုက်ပြီး ...

"ဒါပေမယ့် ဒီစီးပွားရေးက ပြန်ရောကောင်းလာဦးမှာလား။ တခြားသူတွေက ကျွန်မတို့ဆိုင်ရှေ့ထိ ဆိုင်လာဖွင့်ပြီး စော်ကားနေတာကိုလည်း ကြည့်ပါဦး။ ပြီးတော့ ရှင်က ပိုကောင်းလာတယ်ဆိုတာကလည်း ပစ္စည်းတွေကို ပေါက်ခွဲပစ်တဲ့နေရာမှာပဲ မဟုတ်လား။ တကယ်လို့ ဧည့်သည့်တစ်ယောက်ဝင်လာရင်တောင် ရှင့်ရဲ့ဒီလိုပုံစံကိုမြင်ပြီး ထွက်ပြေးသွားနိုင်တယ်"

"မင်းက ငါ့မိန်းမနော်၊ ဒီလို စိတ်ပျက်စရာ စကားတွေကို ဘယ်လိုများ ပြောထွက်နိုင်တာလဲ။ အဲဒီတုန်းက မင်းသာ အဲဒီ ခံဝန်ကတိလွှာတွေမှာ လက်မှတ်ထိုးမပေးလိုက်ရင် ငါလည်း ဒီလောက်အများကြီး ပေးစရာမလိုဘူး။ ယွမ် ခြောက်သိန်းကွ။ မင်း လက်လေး တစ်ချက်လှုပ်လိုက်လို့ ယွမ်ခြောက်သိန်း ပေးလိုက်ရတာ။ ဒီလောက် ပိုက်ဆံအများကြီးကို ပြန်ရှာနိုင်ဖို့ ငါဘယ်လောက်တောင် ကြိုးစားရမလဲဆိုတာ မင်းသိလား"

အမေကျန်သည် သူ၏ စွပ်စွဲချက်များကို ကြားသောအခါ ချက်ချင်းပင် မတရားသလို ခံစားလိုက်ရ၏။

ထိုကိစ္စဖြစ်ခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်သော်လည်း ထိုနေ့က အဖြစ်အပျက်များကို ပြန်တွေးလိုက်တိုင်း သူမ၏ တစ်ကိုယ်လုံး တုန်ယင်လာသည်အထိ ကြောက်ရွံ့နေဆဲပင်။

"ရှင်က အဲဒီအကြောင်းကို ပြောရဲသေးတယ်နော်။ အဓိက တရားခံက ရှင်လေ။ ရှင်သာ ဆေးပင် အမှတ်မမှားရင် ဘာမှဖြစ်လာစရာအကြောင်းမရှိဘူး။ ဒါ့အပြင် ကျွန်မက အဲ့ ခံဝန်ကတိလွှာတွေကို လက်မှတ်ထိုးချင်လို့ ထိုးခဲ့တာလို့ ရှင် ထင်နေတာလား။ တခြားသူတွေက ရှောင်ရှကို ဝိုင်းရိုက်နေကြလို့ ဒီလိုလုပ်ခဲ့ရတာ မဟုတ်ဘူးလား။ သူက ရှင့်သားပါ၊ ရှင် မနာဘူးလားဟင်။ ရှင်ဆိုရင်ရော သူတို့က ရှောင်ရှကို ဒုက္ခိတဖြစ်အောင် ရိုက်တဲ့အထိ ရှင် ကြည့်နေချင်လား၊ ကြည့်နေနိုင်လား ပြော"

အမေကျန်က အကြောမပေးဘဲ ဆက်လက်အော်ဟစ်နေသည်။

ရင်ကွဲမြက်ပြဿနာ ဖြစ်ပြီးကတည်းက ထိုလင်မယားသည် အချိန်ပြည့် ရန်ဖြစ်နေကြသောကြောင့် ကျန်ရှသည် အသားကျနေပြီဖြစ်ကာ ကြားဝင် ဖျန်ဖြေပေးရန်လည်း ရည်ရွယ်ချက်မရှိပေ။

သို့သော် ယခုတစ်ခေါက်၌ မိခင်ဖြစ်သူက သူ့ကိုပါ ဆွဲထည့်နေသဖြင့် အလွန်စိတ်ရှုပ်သွား၏။

တခြားသူတွေက သူ့ကို ဝိုင်းရိုက်တဲ့ကိစ္စက အော်ကြီးဟစ်ကျယ် ပြောလို့ကောင်းတဲ့ ကိစ္စလား။ အမေက သည်ကိစ္စကို အမြဲတမ်း အစပြန်ဖော်ပြီး သူ့ကို ရည်ရွယ်ချက်ရှိရှိ သိက္ခာချနေတာလား။ ဆိုင်ထဲမှာ ဧည့်သည်တစ်ယောက်မှ မရှိဘူးဆိုပေမယ့် ဝန်ထမ်းတွေတော့ ရှိနေသေးတယ်လေ။ သူတို့တွေကို သူ့ကို ဘယ်လိုမျက်လုံးနဲ့ ကြည့်ကြမလဲ။

"အဖေ၊ အမေ၊ ရန်ဖြစ်နေတာတွေ ရပ်လိုက်တော့"

ကျန်ရှက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

"ဒါက လက်ဖက်ရည်ဆိုင်သစ်တစ်ဆိုင် ဖွင့်တာလေးပဲ မဟုတ်လား။ ကျွန်တော်တို့ အဲ့ဆိုင်ကို သွားကြည့်ပြီးမှ ဖြေရှင်းလို့မရဘူလား။ အဖေတို့က မသိလို့၊ အဲဒီဆိုင်ထဲက လူတွေအားလုံးက ဆိုင်လူစည်အောင်လို့ ငှားထားတဲ့လူတွေလည်း ဖြစ်နိုင်တာပဲ"

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Where stories live. Discover now