Chapter 312

410 41 0
                                    

Chapter 312 : အပေါစားပစ္စည်းများ


အမေကျန်သည် ကြမ်းပြင်ပေါ်ရှိ ခွက်အကွဲကို မြင်သောအခါ ထိုခွက်သည် သူတို့မိသားစုဝယ်သောခွက်နှင့် မတူကြောင်းကို အမှန်တကယ်ပင် မြင်နိုင်၍ သူမသည် မခံချင်စိတ်များ တလိပ်လိပ်တက်လာတော့သည်။

"ခွီး..."

ထိုအခိုက်၌ သူတို့၏ဘေးတွင် ရပ်နေသော ဝန်ထမ်းလေးတစ်ယောက်က စိတ်မထိန်းနိုင်ဘဲ ရယ်ချလိုက်၏။

"မဒမ်ကျန်၊ ခင်ဗျားတို့ဝယ်တဲ့ ရွှံ့စေးလက်ဖက်ရည်ခွက်တွေက သွမ့်နယ် မိုင်းတွင်းတွေကနေရတဲ့ ရွှံ့စေးကြမ်းတွေကနေလုပ်ထားတဲ့ အပေါစားပစ္စည်းတွေပါ၊ ဒီခရမ်းရောင်ရွှံ့စေးကနေလုပ်တဲ့ လက်ဖက်ခွက်နဲ့ တခြားစီလေ။ ကျွန်တော် ထပ်ပြီးတော့ ပြောပြပါဦးမယ်၊ ဒီခွက်တွေက ကျွန်တော်တို့ရဲ့မန်နေဂျာကြီးကိုယ်တိုင် ရွေးထားတာ။ ခွက်က လေကို တားဆီးထားတာမျိုး မရှိလို့ လေဝင်လေထွက်ကောင်းတယ်။ ဒါကြောင့် လက်ဖက်ရည်နံ့မွှေးမွှေးလေးက သင်းပျံ့နေတာပေါ့။ ဒါ့အပြင် ခင်ဗျား ဒါကို မသုံးချင်ဘူးဆိုရင်တောင်မှ ရှားပါးပစ္စည်းအဖြစ်နဲ့ စုဆောင်းထားလို့ရတယ်"

ဝန်ထမ်းလေးက ရှင်းပြလိုက်သည်။

အမှန်တကယ်ပင် ထိုစကားလုံးများကို ချူးရုန်က သင်ပေးထားခြင်းဖြစ်၏။

ရွှံ့စေးခွက်သည် လက်ဖက်ရည်အချို့နှင့်သာ လိုက်ဖက်၍ ဆိုင်၌ အခြားလက်ဖက်ရည်မျိုးစုံအတွက် အသုံးပြုရန် ခွက်အမျိုးအစားစုံရှိသည့်အထဲတွင် ရွှံ့စေးလက်ဖက်ရည်ခွက်မှာ အရေအတွက် အနည်းငယ်သာပါ၏။

ထိုအခါ အမေကျန်သည် ဒေါသထွက်လွန်းသဖြင့် မရှုနိုင် မကယ်နိုင်ဖြစ်သွားသည်။

သူမသည် စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ယောက်ဖြစ်သည့်အပြင် လက်ဖက်ရည်ဆိုင်လုပ်ငန်းတွင်လည်း နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သောကြောင့် သူမ၏ ပထမဦးစားပေးမှာ သေချာပေါက် အမြတ်ရရှိရေးပင်။ အမြင်လှရုံသက်သက်နှင့် ထိုသို့စျေးကြီးပစ္စည်းများကို မည်သူက ဝယ်မည်နည်း။ အကယ်၍ တစ်ယောက်ယောက်ကသာ မတော်တဆ တိုက်ချမိသွားပါက သူမ ရင်နာရမည်မဟုတ်လား။

"ဒါက ငါ့ကိုအပြစ်တင်လို့မရဘူးလေ၊ ဒီခွက်က စျေးအရမ်းကြီးတာ ငါ ဘယ်လိုလုပ်သိမှာလဲ"

အမေကျန်၏ မျက်နှာပေါ်ရှိ အရေးအကြောင်းအချို့က ပို၍ ထင်ရှားလာသည့်အလားပင်။

"ခင်ဗျားမသိဘူး၊ ဟုတ်လား"

စားပွဲထိုးလေးက ရယ်လိုက်သည်။

"ခင်ဗျား ကျွန်တော်တို့ဆိုင်ထဲကို ခြေစချလိုက်ကတည်းက ဆိုင်ရဲ့စျေးအကြီးဆုံးလက်ဖက်တွေကို မှာတယ်။ ကျွန်တော်တို့ ခင်ဗျားတို့ကို ဖန်ခွက်တွေနဲ ထည့်ပေးတော့ကျ ခင်ဗျားက ငြင်းတယ်လေ။ ရွှံစေးခွက်တွေပဲလိုချင်တယ်ဆိုပြီး ခေါင်းမာနေခဲ့ပြီးတော့ အကောင်းဆုံးခွက်ကိုတောင် တောင်းခဲ့တာ။ ခင်ဗျားက အခုမှ အ'ချင်ယောင်ဆောင်ဖို့ ကြိုးစားနေတာတော့ မဟုတ်ဘူးမလား"

ထိုအခါ အမေကျန်သည် တဖက်သို့ လှည့်သွားတော့၏။ သူမသည် သူတို့အား ရန်စရန် ရည်ရွယ်ချက်ရှိရှိ ကြိုးစားခဲ့ရုံသာဖြစ်သော်လည်း ဝန်ထမ်းဖြစ်သူက အလွန်နာခံမှုရှိ၍ ထိုသို့စျေးကြီးသည့် ပစ္စည်းကောင်းတစ်ခုကို ထုတ်ပေးလာမည်ဟု မည်သူထင်ထားမည်နည်း။

ဤနေရာတွင်ရှိနေသူများအားလုံးသည် တိတ်ဆိတ်ငြိမ်းချမ်းခြင်းကိုသာ နှစ်သက်ကြ၍ ကျင်းယွင်ကျောင်းကလည်း သူတို့အား စိတ်အနှောက်အယှက်မဖြစ်စေလိုသောကြောင့် သူမသည် ဝန်ထမ်းများအား ကြမ်းပြင်ကို ပထမဆုံး သန့်ရှင်းခိုင်းလိုက်သည်။

"ဒီအနားမှာလည်း သက်သေအနေနဲ့ လူတွေအများကြီးရှိပါတယ်။ ကျွန်တော် မဒမ်ကျန်ကို သေချာစဥ်းစားကြည့်ဖို့ အကြံပေးချင်ပါတယ်။ ခင်ဗျား ဒီနေ့ ပိုက်ဆံပေးရင်ပေး၊ မပေးရင် ကျွန်တော်တို့ ခင်ဗျားကို ရဲတိုင်ရပါလိမ့်မယ်။ ကိစ္စတွေသာ အကြီးအကျယ်ဖြစ်ပြီး လူကြားထဲပြန့်သွားရင် သိက္ခာကျမှာက ခင်ဗျားတို့ ကျန်မိသားစုရဲ့ဆိုင်ပါ၊ ကျွန်တော်တို့ ကျောက်စိမ်းဝိညာဥ်လက်ဖက်ရည်ဆိုင် မဟုတ်ပါဘူး"

ချူးရုန်ကလည်း ဝင်ပြောလာ၏။

ထိုအခါ အမေကျန်၏ အမူအယာက ခံစားမှုများပျောက်ဆုံးသွား၍ ချက်ချင်း တင်းမာအေးစက်သွားကာ နဖူးကြောများထောင်ထလာသည်အထိ ဒေါသတကြီး အော်ဟစ်လာသည်။

"ပေးမယ်၊ ငါ ပေးမယ်"

ထို့နောက် သူမသည် ဒေါက်မြင့်ဖိနပ်ကို ဟန်ပါပါစီး၍ ကောင်တာဆီသို့ လျှောက်သွားလိုက်ပြီး ပိုက်ဆံအိတ်ကို ထုတ်လိုက်သည်။ လက်ဖက်ရည်ဖိုးနှင့် လက်ဖက်ရည်ခွက်ဖိုး စုစုပေါင်း ယွမ်လေးထောင်ကျော် ကျသင့်၏။ သို့သော် ကျင်းယွင်ကျောင်းက အလွန်သနားကရုဏာထား၍ အစွန်းထွက်များကို လျှော့ပေးလိုက်သောကြောင့် အားလုံးပေါင်း ယွမ်လေးထောင်သာ ပေးချေရန်လိုအပ်သည်။

လက်ဖက်ရည်တစ်ခွက်စာ ကျသင့်ငွေသည် ... ...

လက်တွေ့တွင်လည်း အမေကျန်သည် သွေးအန်၍ သေလုနီးပါးပင်။

"သူတို့ကို အကောင်းဆုံးလက်ဖက်ရည်ပန်းကန်အစုံလိုက် ပေးသင့်တယ်ဆိုတာ မင်း ဘယ်လိုလုပ်သိတာလဲ။ အနာဂတ်ကို ကြိုမြင်နိုင်နေတာတော့ မဟုတ်ပါဘူးနော်"

ချူးရုန်က အံ့သြနေပြီး သိချင်စိတ်ဖြင့် မေးလာ၏။

အမေကျန်က သူမအတွက် အကောင်းဆုံးလက်ဖက်ရည်ပန်းကန်အစုံလိုက်ကို ယူလာပေးစေချင်ခဲ့သည်၊ ထိုအခါ ဝန်ထမ်းလေးက သာမန်ရွှံ့စေးခွက်များကိုသာ ယူသွားပေးသော်လည်း ကျင်းယွင်ကျောင်းက မြင်သွား၍ ထိုဝန်ထမ်းလေးအား တားလိုက်ပြီး အရည်အသွေး ပိုကောင်းသောခွက်များကို ထုတ်ပေးလိုက်ခြင်းဖြစ်သည်။

"ဒီသားအမိနှစ်ယောက် ဒီကို သေချာပေါက် ကောင်းတဲ့ရည်ရွယ်ချက်နဲ့ လာတာမဟုတ်ဘူးလို့ ကျွန်မ တွေးမိလို့ပါ။ သူတို့ဆီကို ပိုကောင်းတဲ့ပစ္စည်းတွေ ယူသွားပေးရင် သူတို့ခွဲပစ်ရင်တောင်မှ ကျွန်မတို့ ပစ္စည်ကောင်းတွေကို သုံးထားတယ်ဆိုတာ ကိုယ်တိုင်ကြေညာဖို့ အခွင့်အရေးပဲလေ"

ကျင်းယွင်ကျောင်းက ပြုံး၍ ပြောလိုက်၏။

ထိုအခါ ချူးရုန်က ပြုံးလိုက်သည်။ အဆုံးသတ်တွင်တော့ ကိစ္စများက ပြောင်းလဲသွားသည် မဟုတ်လား။ သူတို့၏ ဝန်ထမ်းဖြစ်သူကလည်း ကျန်မိသားစုအပေါ်၌ မကျေနပ်ချက်များရှိ၍ သူ့စကားများကလည်း အဆိပ်ပြင်းလှကာ မူလပထမလက်ဖက်ရည်ဆိုင်၏ ပစ္စည်းများကို အပေါစားပစ္စည်းများဟု ပြောလိုက်သည်ဟု လူတိုင်းကြားလိုက်ကြသည်။

လက်ဖက်ရည်သည် ဇိမ်ခံပစ္စည်းတစ်မျိုးဖြစ်၍ လက်ဖက်ရည်နှင့် စပ်ဆက်ပစ္စည်းများသည်လည်း အရေးပါ၏။ ယခုအခါ အခြေအနေက ဤသို့ဖြစ်လာရာ လူများ၏မျက်လုံးထဲ၌ ကျောက်စိမ်းဝိညာဥ်လက်ဖက်ရည်ဆိုင်သည် လက်ဖက်ရည်ကိုဖြစ်စေ သို့မဟုတ် လက်ဖက်ရည်နှင့် စပ်ဆက်ပစ္စည်းများကိုဖြစ်စေ အထူးအလေးထားကြောင်း သိမြင်သွားမည်ဖြစ်သည်။ ထို့အပြင် ဧည့်သည်အချို့သည် ဤအရည်အသွေးမြင့် ရွှံ့စေးလက်ဖက်ရည်ခွက်နှင့် ဖျော်သည့် လက်ဖက်ရည်၏ အရသာကို နောက်တစ်ကြိမ်ပြန်လာ၍ မြည်းစမ်းကြမည်ဟု သူမ ယုံကြည်သည်။

အကယ်၌ ထိုခွက်သာကွဲသွားပါက လျော်ကြေးပေးရန်လိုသော်လည်း ဤနေရာသည် ငြိမ်သက်၍ တိတ်ဆိတ်သော လက်ဖက်ရည်ဆိုင်တစ်ခုဖြစ်၍ ဆူဆူညံညံရန်ဖြစ်ရမည့် နေရာမဟုတ်ပေ။ အကယ်၍ ရည်ရွယ်ချက်ရှိရှိ လုပ်ခြင်းသာ မဟုတ်ပါက ထိုလက်ဖက်ရည်ခွက်သည် ကွဲလိမ့်မည် မဟုတ်။

ထို့အပြင် သူတို့၏ ခြေဖဝါးအောက်ရှိ ကြမ်းပြင်ပေါ်၌ ကော်ဇောတစ်ထပ် ခင်းထားသေးသည်။ အကယ်၍ လက်ဖက်ရည်ခွက်သာ သူ့အလိုလိုပြုတ်ကျပါက အသံပင်မြည်လိမ့်မည် မဟုတ်ဘဲ အမေကျန်၏ လက်ချက်ကဲ့သို့ အစွန်းတစ်ဖက်ပင် ပဲ့ထွက်သွားလိမ့်မည် မဟုတ်ပေ။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Where stories live. Discover now