Chapter 298

412 39 0
                                    

Chapter 298 :  တကယ်လား


သို့သော် သူမ၏ ပုံပန်းသွင်ပြင်ကိုမူ သူက တစ်ခါမှမပြောပြဖူးခဲ့။

သူမသည် ရုပ်မဆိုးသော်လည်း ငယ်လွန်း၍ လှလွန်းသည်။

မကြာမီမှာပင် ပိုင်ယွီအန်းဘက်မှ အရင်ဖုန်းချသွားပြီး ချူးရုန်သည် ကမောက်ကမဖြစ်၍ ကျန်ခဲ့၏။ ဤကဲ့သို့ ကလေးငယ်တစ်ယောက်နှင့် ရင်ဆိုင်ရခြင်းကြောင်း သူသည် ခေတ္တမျှ ပြောစရာစကားများ ပျောက်ရှနေသည်။ ထို့အပြင် ဘော့စ်အများစုသည် အကျိုးအမြတ်တစ်ခုတည်းကိုသာကြည့်သော စီးပွားရေးသမားများဖြစ်ကြ၏။ သို့သော် ဤမိန်းကလေးသည်... ... ...

အကယ်၍ သူသာ တစ်ခုခုမှားပြောမိပါက သူမ, မငိုသွားလောက်ဘူး မဟုတ်လား။

"ဟို...ဘော့စ်ကျင်း"

ချူးရုန်က စကားစပြောလိုက်သော်လည်း ဘာဆက်ပြောရမှန်း မသိပေ။

ထိုအခါ ကျင်းယွင်ကျောင်းက မျက်လုံးတစ်ချက်စွေကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

"ဒီလက်ဖက်ခြောက်တွေက ရှင်ကိုယ်တိုင် အခြောက်ခံထားတာလား"

ချူးရုန်က ခေါင်းညိတ်ပြလိုက်၏။

"မဆိုးဘူး"

ကျင်းယွင်ကျောင်းက ချီးကျူးလိုက်ပြီးနောက် ဆက်ပြောလိုက်သည်။

"ဒါပေမယ့် ဆိုင်က စီးပွားရေးပိုကောင်းလာတဲ့အချိန်ကျရင် ကျွန်မတို့ ရှင့်ကိုပဲ အမြဲတမ်း မှီခိုနေလို့ မဖြစ်ဘူးလေ။ ရှင် အားမှာ မဟုတ်တော့ဘူး။ ရှင့်ကို အကူအညီပေးဖို့ ကျွန်မတို့ ပညာရှင်တွေ ငှားလို့ရတယ်"

"ကျွန်တော် နားလည်ပါပြီ။ ဒါပေမယ့် ကျွန်တော် သိချင်တာလေး ရှိသေးတယ်။ ဒီနားလေးမှာ လက်ဖက်ခြံတွေလည်းမရှိဘဲနဲ့ ကျွန်တော်တို့ဆိုင်ရဲ့လက်ဖက်ရွက်တွေကို ဘယ်ကနေရတာလဲ"

ချူးရုန်က မေးလိုက်၏။

သူတို့ စကားစပြောသည်နှင့် ပတ်ဝန်းကျင်ကလည်း ပို၍ ငြိမ်ကျသွားတော့သည်။

"ရှင် ဒါနဲ့ပတ်သတ်ပြီးတော့ ဂရုစိုက်စရာ မလိုပါဘူး။ ဒါက ကျွန်မတို့ ကုမ္ပဏီရဲ့လျို့ဝှက်ချက်ပါ။ ကျွန်မတို့ ဖွင့်ပွဲပြီးသွားရင် ရှင် မြောက်ပိုင်းကို သွားပြီး စနည်းနာကြည့်လို့ရတယ်။ တကယ်လို့ ရှင်နဲ့သိတဲ့ လက်ဖက်ရွက်ကောင်း တင်သွင်းတဲ့သူရှိရင် ရှင် သူတို့ကို ဆက်သွယ်ပြီးတော့ ဆိုင်အတွက် အရည်အသွေးကောင်းတဲ့ လက်ဖက်ရွက်တွေ၊ ဒါမှမဟုတ် နိုင်ငံခြားက လက်ဖက်ရွက်တွေတင်သွင်းလို့ရတယ်"

ကျင်းယွင်ကျောင်းက သူ့အား အမှန်အတိုင်း မပြောပေ။

လက်ဖက်ရွက်များကို ပြင်ပမှ ဝယ်ယူခြင်းသည် မလိုလားအပ်သော သံသယများကို တားဆီးနိုင်သည်။

ချူးရုန်သည် အမှန်ပင် နားမလည်သော်လည်း အလွန်ပူးပေါင်းလိုစိတ်ရှိစွာဖြင့် သဘောတူလိုက်သည်။ သို့ရာတွင် တစ်ဖက်လူက စကားနှစ်ခွန်း၊ သုံးခွန်းပြောရုံဖြင့် သူ၏ စိတ်ထဲတွင် အသိအမှတ်ပြုပြီးသား ဖြစ်နေကြောင်း ရုတ်တရက် သဘောပေါက်သွား၏။

ကျင်းယွင်ကျောင်းသည် သူမအား လူများက အလွယ်တကူ ယုံကြည်လာစေသော အရှိန်အဝါရှိပြီး သူမ စကားပြောသောအခါတွင်လည်း အလွန်အိန္ဒြေကြီးကာ ဆယ်ကျော်သက်တစ်ယောက်နှင့် မတူပေ။

ချူးရုန်သည် သူမအား ဆက်လက်၌ အကဲခတ်နေပြီး ကျင်းယွင်ကျောင်းဟူသော အမည်အား ယခင်ကတည်းက ကြားဖူးနေသည်ဟုလည်း ထင်နေမိသည်။

မကြာသေးမီက သူ ဟွားနင်ခရိုင်တွင်ရောက်နေကြောင်း သူ၏ ဆွေမျိုး လူကြီးသူမတစ်ယောက်က သိသွားသဖြင့် သူတို့က သူ့အား ရိကျုံးကျောင်းသို့သွား၍ ကျင်းယွင်ကျောင်းဟုခေါ်သော မိန်းကလေးတစ်ယောက်အား သွားတွေ့ပြီး စုံစမ်းစေချင်ကြောင်း ဖုန်းဆက်၍ ပြောခဲ့၏။ ထို့နောက် သူတို့က ထိုကလေးသည် အလွန်သနားစရာကောင်းကြောင်း၊ လူအများက သူမအား မည်သို့မည်ပုံနှိပ်စက်ပြီး မဟုတ်မမှန် စွပ်စွဲကြကြောင်းများကို တစ်ယောက်တစ်ပေါက်ပြော၍ နားပူနားဆာလုပ်တော့သည်။

သို့ရာတွင် ထိုအချိန်၌ သူသည် ပိုင်ယွီအန်း၏တောင်းဆိုချက်ကို သဘောတူ၍ ဤလက်ဖက်ရည်ဆိုင်အား ပြင်ဆင်နေခါစ ဖြစ်ရာ ထိုသို့သွားရောက်စုံစမ်းရန် အဘယ် အချိန်ရှိမည်နည်း။ ထို့ကြောင့် သူသည် ထိုလူကြီးများ၏ တောင်းဆိုချက်ကို သေချာ ငြင်းပယ်လိုက်သဖြင့် ပြင်းပြင်းထန်ထန်ပင် အဆူအငေါက်ခံလိုက်ရသေးသည်။

ဒါဆိုရင် အခု အင်တာနက်ပေါ်မှာ အရမ်းနာမည်ကြီးနေတဲ့ ကလေးက သူ့ရဲ့ဘော့စ်ဆိုတဲ့ အဓိပ္ပါယ်လား။

သူမက မိဘမဲ့တစ်ယောက်ဖြစ်ပြီးတော့ ဆင်းရဲကြပ်တည်းတဲ့ အခြေအနေလို့ သူတို့ပြောခဲ့တာ မဟုတ်လား။

ချူးရုန်၏ ရင်ထဲတွင် မေးခွန်းများဖြင့် ပြည့်နေသော်လည်း ကိုယ်ရေးကိုယ်တာကိစ္စများဖြစ်သောကြောင့် ကျင်းယွင်ကျောင်းအား မေးရန်မသင့်တော်သဖြင့် သူသည် သိချင်စိတ်ကိုသာ ထိန်းထားလိုက်ရသည်။

နောက်ပိုင်းတွင် သူသည် သူမအား လက်ဖက်ရွက်တစ်မျိုးချင်းစီတိုင်း၏ ထူးခြားမှုများနှင့် အရသာကို မိတ်ဆက်ပေးလိုက်၏။ ထိုသို့မိတ်ဆက်ပေးရာ၌ ကျင်းယွင်ကျောင်းသည် ဤနယ်ပယ်၌ ဗဟုသုတများများစားစား မရှိသော်လည်း လက်ဖက်ရွက် အခြောက်ခံနည်း၊ အကျိုးကျေးဇူးများနှင့် ကန့်သတ်ချက်အချို့ကို အတော်လေး ရှင်းရှင်းလင်းလင်း နားလည်ထားကြောင်း သိလိုက်ရသဖြင့် ချူရုန် အံအားသင့်သွားသည်။

ထို့နောက် ညနေစောင်းသွား၍ ကျင်းယွင်ကျောင်း ပြန်သွားပြီးနောက်တွင် ချူးရုန်သည် ပိုင်ယွီအန်းအား နောက်တစ်ခေါက် ထပ်၍ ဖုန်းခေါ်ပြန်၏။ သို့သော် ဤတစ်ကြိမ်၌မူ စိတ်လှုပ်ရှားနေပြီး ကိစ္စများအားလုံးကို ရှင်းအောင်မေးချင်၍ ဖြစ်သည်။

သည်ဘော့စ်က တကယ့်ကို ပါရမီရှင်တစ်ယောက်ပဲ။ သူပြောသမျှကို သူမက တစ်ခါနားထောင်လိုက်ရုံနဲ့ နားလည်တယ်။ သူ့ဆီမှာ ဓါတ်ပုံရိုက်ထားသလို အသေးစိတ်မှတ်မိနိုင်တဲ့ မှတ်ဥာဏ်ရှိတယ်လို့တောင် ပြောလို့ရတယ်။

ချူးရုန်က သူနားမလည်နိုင်သည့်ကိစ္စများကို မေးလိုက်သော်လည်း ပိုင်ယွီအန်းထံမှ သက်ပြင်းချသံကိုသာ ကြားလိုက်ရပြီး သူက ပြန်ဖြေလာသည်။

"တကယ်တော့ အင်တာနက်ပေါ်မှာ ပြန့်နေတဲ့ကိစ္စတွေက အမှန်တွေပါပဲ။ ယွင်ကျောင်းက မိဘ မရှိဘူး။ သူ့ရဲ့မွေးစားမိဘတွေကလည်း သူ့ကို ကောင်းကောင်းမွန်မွန် မဆက်ဆံဘူး။ သူ့ကို အခြားသူတွေကတောင် ကူညီပေးခဲ့ရပေမယ့် အခု သူက ဆင်းဆင်းရဲရဲနေရတယ်လို့ ပြောတာတွေကတော့ လုံးဝအဓိပ္ပါယ်မရှိဘူး။ မင်းကိုယ်တိုင် အွန်လိုင်းပေါ်မှာ ရှာကြည့်လို့ရတယ်။ လှူတာတွေက အရင်က ကိစ္စတွေပါ"

ချူးရုန်သည် ပိုင်ယွီအန်း၏ စကားကို ကြားသည်နှင့် ချက်ချင်းပင် အင်တာနက်၌ ရှာဖွေကြည့်လိုက်သည်။ ထိုအခါ ကျင်းယွင်ကျောင်းနှင့် ပတ်သတ်သောပို့စ်များ အမှန်တကယ်ပင် မရေမတွက်နိုင်အောင် ရှိကြောင်း သိလိုက်ရ၏။

သူသည် အခြေအနေအသွားအလာကို ဆက်၍ ရှာဖွေကြည့်လိုက်ရာ သူ၏ ရင်ထဲ၌ ရထားတစ်စင်းဖြတ်သွားသကဲ့သို့ ခံစားလိုက်ရ၍ စိတ်မကောင်းဖြစ်ကာ အံ့သြထိတ်လန့်သွားပြီးနောက် ကျင်းယွင်ကျောင်းကိုပင် လေးစားမိသွားလေသည်။ အန္တရာယ်ကို မမှုခြင်း၊ ခမ်းနားထည်ဝါခြင်းနှင့် စိတ်ဓါတ်ခွန်အား လှုံ့ဆော်ပေးနိုင်ခြင်း၊ ထိုစကားလုံးများအားလုံးသည် ကျင်းယွင်ကျောင်းကဲ့သို့သော လူတစ်ယောက်အား ရည်ညွှန်းနေခြင်းပင် မဟုတ်ပေလား။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Where stories live. Discover now