Chapter 242

419 43 0
                                    

Chapter 242 : ပါးရိုက်၍ နားကိုက်ခြင်း (၂)

ချောင်မိသားစုတွင် နေထိုင်ခဲ့ရသည့် သူမ၏နေ့ရက်များက အချိန်ကုန်ရန် နှေးကွေးလွန်းလှသော်လည်း ယဲ့ချင် သက်ရှိထင်ရှားရှိစဥ်က သူမသည် ကျင်းယွင်ကျောင်း၏ မျက်နှာကို သဘောကျနှစ်သက်၍ အနည်းငယ် အယူသီးသောကြောင့် နေရထိုင်ရသည်မှာ အဆင်ပြေခဲ့သေးသည်။

ယဲ့ချင်က ကျင်းယွင်ကျောင်းသည် ချောင်ဟုန်ယဲ့နှင့် ချောင်ကျစ်ကျိုးအတွက် မကောင်းဆိုးဝါးများကို နှင်ပေးနိုင်သည်ဟု နက်နက်ရှိုင်းရှိုင်း ယုံကြည်သဖြင့် ကျင်းယွင်ကျောင်းအား အလွန်ပစားပေး မဆက်ဆံလျှင်တောင်မှ အပြင်လူများ၏အရှေ့၌ သူမ၏ အပြစ်များကို တစ်ခါမှ ပြစ်တင်ထောက်ပြခြင်း မပြုခဲ့ပေ။ ထိုအချိန်က ယဲ့ချင်သည် သူမအား ဤကဲ့သို့ ဆက်ဆံခဲ့သောကြောင့် ချောင်ဝေ့မင်ကလည်း ခွေးကျင့်ခွေးကြံ မကြံခဲ့။ တစ်ခုတည်းသော ပြဿနာမှာ ချောင်ဟုန်ယဲ့က ကျောင်း၌ သူမအား ပစ်မှတ်ထား၍ ဒုက္ခပေးခြင်းပင်ဖြစ်သည်။

ယဲ့ချင် ကွယ်လွန်ပြီးနောက်မှသာ အရာအားလုံးက အလွန်အမင်း ဆိုးရွားသွားခဲ့၍ သူမသည်လည်း ခရိုင်တစ်ခုလုံး၏ အပြောအဆိုခံ၊ အထိုးအနှက်ခံဖြစ်လာခဲ့၏။

သို့ရာတွင် ခရိုင်မှလူများသည် အတော်လေး အသိဉာဏ်ရှိသေးသည်။ ချောင်မိသားစုနှင့် သူတို့၏ ဆက်ဆံရေးမှာ အကောင်းကြီး မဟုတ်သောကြောင့် များသောအားဖြင့် သူတို့သည် ကိုယ့်ကိစ္စကိုယ်သာ အာရုံစိုက်ကြ၏။ အများဆုံးအနေဖြင့် သူတို့သည် နောက်ကွယ်၌ အတင်းတုပ်ကြရုံသာဖြစ်သော်လည်း ယခုကဲ့သို့ လူပေါင်းများစွာက သူမအား ဝန်းရံထား၍ စကားလုံးမျိုးစုံ၊ လက်ဟန်ခြေဟန်မျိုးစုံဖြင့် အပြစ်တင်ပြောဆိုကြသည်အား သူမ ယခင်က တစ်ခါမှ မကြုံဖူးခဲ့ပေ။

ဤခံစားချက်သည် သားသတ်ရုံထဲသို့ ဆွဲခေါ်သွားခံရသော တိရစ္ဆာန်တစ်ကောင်နှင့်တူ၍ သူမသည် လူသားတစ်ယောက် မဟုတ်တော့သည့်အလားပင်။

ကျင်းယွင်ကျောင်း၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်နေပြီး ရုတ်တရက် သူမသည် အတိတ်ဘဝ၌ ဤမိဘနှစ်ပါးနှင့် မတွေ့ဆုံခဲ့ရသောကြောင့် ဝမ်းသာသွားမိသည်။

သူမ၏ အတိတ်ဘဝ၌မူ မိဘအရင်းများနှင့်ပတ်သတ်၍ မျှော်မှန်းချက် ကြီးကြီးမားမား ထားရှိခဲ့ပြီး သူမ၏ စိတ်အခြေအနေကလည်း ယခုကဲ့သို့ မသန်မာသေးပေ။ အကယ်၍ ထိုအချိန်တုန်းကသာ ဤကဲ့သို့ ပြုမူဆက်ဆံခံရပါက သူမသည် ရှက်ရွံ့ဒေါသထွက်သွားလိမ့်မည်ဖြစ်ပြီး ထိုစောင့်ကြည့်နေသော အကြည့်များအောက်၌ ရူးတောင်ရူးသွားနိုင်သည်။

ယခုအခါ သူမသည် ပို၍ပင် စိတ်ကြည်ကြည်လင်လင် ဖြစ်နေ၏။

"ရှင်တို့က တကယ်ပဲ ကျွန်မရဲ့မိဘအရင်းတွေ ဟုတ်၊ မဟုတ် ကျွန်မ ရုတ်တရက် သံသယဝင်လာပြီ။ မိဘအရင်းတွေက တကယ်ပဲ သားတွေကို သမီးတွေထက် ဒီလောက်ထိ ဦးစားပေးတယ်ဆိုရင်တောင်မှ သူတို့ရဲ့ အချိန်အကြာကြီး ပျောက်နေတဲ့ သမီးကို လူအများကြီးရှေ့မှာ လူသိရှင်ကြား ပြစ်တင်ရှုတ်ချပါ့မလား"

ကျင်းယွင်ကျောင်းက သူတို့အား အေးတိအေးစက်ဖြင့် ထေ့ငေါ့၍ လှောင်ပြောင်လိုက်သည်။

သူမသည် ဤမနက် သူတို့ဆီသို့ ရောက်လာခဲ့စဥ်က ကောင်းသော စိတ်ဆန္ဒဖြင့်သာ လာခဲ့ခြင်းဖြစ်၏။

ဤမိသားစုက သူမအား ကောင်းကောင်းမွန်မွန် ဆက်ဆံပေးသရွေ့ သူမကလည်း ကြိုးစား၍ လက်ခံပေးမည်ဟု တွေးထားခဲ့သည်။ သူမ၌ ချောင်ဟုန်ယဲ့နှင့် ချောင်ကျစ်ကျိုးကဲ့သို့သော မောင်နှမများရှိခဲ့သော်လည်း သူတို့၏ ဆက်ဆံရေးမှာ မကောင်းလှပေ။ ယခုအခါ သူမ၌ မောင်နှမအရင်းအချာများ ရှိလာပြီဖြစ်သဖြင့် သူတို့နှင့် ပေါင်းသင်းရန် အခက်အခဲမရှိသင့်ပေ။

လက်တွေ့က တွေးထားတာထက်တောင် ဒရာမာ ပိုဆန်နေဦးမယ်လို့ ဘယ်သူက သိမှာလဲ။

ထိုအခါ ဝမ်ရှင်းဖန်း၏ မျက်နှာအမူအယာက ထိတ်ထိတ်ပျာပျာဖြစ်သွားသော်လည်း ချက်ချင်းပင် အခက်ကြုံနေရသော အမူအယာသို့ အလျင်အမြန် ပြောင်းလဲသွားသည်။

"မင်း အခု ဘာကို ဆိုလိုတာလဲ။ မင်းက အခုထိ ငါတို့ကို အသိအမှတ်မပြုချင်သေးဘူးလား။ အကြီးဆုံးလေး၊ ငါတို့ရဲ့ လက်ဖဝါးရော လက်ဖမိုးရောက ငါတို့ရဲ့အသားတွေပါပဲ၊ ဒါကို မင်းက ငါတို့က ကျောသားရင်သား ခွဲခြားပြီး မျက်နှာလိုက်ချင်နေတယ်လို့ ထင်နေတာလား။ ငါတို့မိသားစုက ဆင်းရဲပြီးတော့ မင်းရဲ့မောင်လေးကလည်း ငယ်သေးတယ်။ မင်းက အသက်ပိုကြီးတာကြောင့် မင်းကပဲ အလျှော့ပေးသင့်တာ မဟုတ်ဘူးလား။ ဒီအိမ်နီးချင်းတွေကိုလည်း မေးကြည့်။ ငါတို့နဲ့ မတူတဲ့ မိသားစုရှိလားဆိုတာ"

အိမ်နီးချင်းများသည် ထိုစကားကို ကြားသောအခါ ချက်ချင်းပင် ထောက်ခံကြောင်း အသံများ ထွက်ပေါ်လာသည်။

သူတို့၏ရွာထဲ၌ ကလေးတစ်ယောက်တည်းသာရှိသော မိသားစုနှင့် သမီးများသာရှိသော မိသားစုများ မရှိပေ။ အကယ်၍ သူတို့သာ သားတစ်ယောက် မမွေးနိုင်ပါက အထင်သေးခံရမည်ဖြစ်သည်။

ထို့အပြင် သားယောက်ျားလေးများသည် မြင့်မြတ်စွာ မွေးဖွားလာသူများဖြစ်၍ သူတို့အား ဦးစားပေး ဘက်လိုက်ခြင်းက အမှားမဟုတ်ပေ။

ဤကျင်းမိသားစုသည် အတော်လေး ကောင်းသည်ဟုပင် ယူဆနိုင်သည်။ သူတို့၏ ဘေးအိမ်၌ နေသော မိသားစုသည် ဆယ်နှစ်ကျော်ကြာသည်အထိ သမီးခြောက်ယောက်သာ မွေးဖွားခဲ့ပြီးနောက်တွင်မှ သားယောက်ျားလေးတစ်ယောက် မွေးဖွားလာခဲ့၏။ အဆုံး၌ သမီးခြောက်ယောက်အနက် နှစ်ယောက်သာ မိသားစုထဲတွင် ကျန်ရှိနေခဲ့ပြီး သူတို့ထဲမှ တစ်ယောက်မှာလည်း ရပ်ဝေးရှိ ဆွေမျိုးတစ်ယောက်ထံ အပို့်ခံခဲ့ရသည်။

နှိုင်းယှဥ်ကြည့်ပါက ကျင်းယွင်ကျောင်းသည် နှစ်ပေါင်းများစွာကြာအောင် အပြင်၌ နေခဲ့ရသော်လည်း သူမ၌ အတော်လေး ကောင်းမွန်သော ဘဝတစ်ခုရှိနေဆဲ မဟုတ်လား။ ထို့အပြင် သူမဝတ်စားထားသည့် အဝတ်အစားများကို ကြည့်ရသည်မှာလည်း ကျင်းမင်ခိုင်၏ အဝတ်အစားများထက်ပင် ပို၍ ကောင်းမွန်သေးရာ မကျေနပ်စရာအချက် အဘယ်မှာရှိသနည်း။

ဤကဲ့သို့ ဓါးပြဆန်သော အတွေးအခေါ်များကြောင့် ကျင်းယွင်ကျောင်းသည် သည်းမခံနိုင်လောက်အောင် မွန်းကြပ်လာ၏။

လက်ဖဝါးနှင့်လက်ဖမိုးက မိမိ၏ အသားချင်း အတူတူဖြစ်သည်ဟူသောစကားသည် မုသားတစ်ခုမဟုတ်သော်လည်း လက်ဖဝါးရှိအသားမှာ ပါး၍ လက်ဖဝါးရှိ အသားက ပိုထူသည်။

ထို့အပြင် သူမ၏ မျက်လုံးထဲ၌ ယောက်ျားနှင့် မိန်းမသည် အတူတူပင်ဖြစ်၍ သမီးများကပင် ပို၍ သိတတ်ကာ ထောက်ထားညှာတာတတ်၏။ ဤကျင်းမိသားစုကို ဥပမာအဖြစ် ကြည့်နိုင်သည်။ ကျင်းရှို့သည် သိမ်မွေ့၍ ညှာတာတတ်ကာ သူမ၏ မိဘများ၏ အလုပ်များကို တစ်နေကုန် တစ်ချက်မှ မညည်းညူဘဲ ကူညီပေး၏။ ထိုအချ်ိန်တွင် ကျင်းမင်ခိုင်သည် တစ်နေကုန် ဘာလုပ်နေသနည်း။ သူသည် တစ်နေ့လုံးနီးပါး ပြဿနာလိုက်ရှာနေသည်။ လူတစ်ယောက်၏ အကျင့်စရိုက်ကို အသက်သုံးနှစ်အရွယ်တွင် စတင်တွေ့မြင်နိုင်၏။ ကျင်းမင်ခိုင်သည် အသက်ဆယ်နှစ်ပြည့်ပြီးသားဖြစ်သည်။ နောက်ထပ် ဆယ်နှစ် သို့မဟုတ် နှစ်နှစ်ဆယ်ကြာသောအခါ သူ၏ အကျင့်စရိုက်က မည်သို့ဖြစ်နေမည်ကို ပြောရန် ခက်လိမ့်မည်လား။

"ဒီသွေးသားတော်စပ်မှုကြောင့် ဒီလိုမျိုးပဲ ဆက်ဆံနေဦးမယ်ဆိုရင် ကျွန်မ ဒါကို ဘယ်တော့မှ အသိအမှတ်မပြုမှာ မဟုတ်ဘူ"

ကျင်းယွင်ကျောင်းက အေးစက်စက်အမူအယာဖြင့် ပြောလိုက်၍ သူမ၏ အကြည့်များကလည်း တည်ငြိမ်နေသည်။

'ကိုယ်တတ်နိုင်သမျှ အကောင်းဆုံး လုပ်ပေးလိုက်ပြီး ကျန်တာတွေကိုတော့ သူ့ထိုက်နဲ့သူ့ကံပဲ ရှိပါစေ' ၊ ထိုဆိုရိုးစကားအတိုင်းပင် သူမသည် သူမ လုပ်ရန် လိုအပ်သမျှကို လုပ်ကိုင်ပေးခဲ့ပြီး ဖြစ်သော်လည်း လမ်းချင်းမတူသောသူများသည် အတူတကွ လျှောက်လှမ်း၍ မရနိုင်ပေ။ အကယ်၍ သူတို့ကိုသာ အတူတကွ နေထိုင်ရန် ဖိအားပေးလိုက်ပါက နေ့စဥ်နေ့တိုင်း မရပ်မနား ငြင်းခုံရန်သတ်နေကြမည်ဖြစ်၍ မည်သူမှ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်မည် မဟုတ် ...။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Wo Geschichten leben. Entdecke jetzt