Chapter 279

444 47 0
                                    

Chapter 279 : ကြင်နာတတ်ခြင်း

ကျင်းယွင်ကျောင်း ဘာပဲလုပ်လုပ် ဝမ်ရှင်းဖန်းက သူမအား ချစ်ခင်မြတ်နိုးနေသေးသည်ဖြစ်ရာ ထိုအဖြစ်အပျက်များအားလုံးကို မြင်လိုက်ကြားလိုက်ရသော ဘေးလူများသည် မိခင်မေတ္တာ၏ ကိုယ်ကျိုးမငဲ့မှုများကို ကရုဏာသက်မိသောကြောင့် သက်ပြင်းချလိုက်ကြသည်။ သို့ရာတွင် ဝမ်ရှင်းဖန်းအား သူမ၏ ကလေးများအပေါ်  မိခင်မေတ္တာပြည့်ဝသူဟု ခေါ်ပါက ထိုသို့ခေါ်ခြင်းသည် မိခင်မေတ္တာဆိုသည့်အသုံးအနှုန်းအား စော်ကားရာရောက်၍ တကယ်တမ်း သူမ၏ အချစ်များအားလုံးသည် ကျင်းမင်ခိုင်အတွက်သာ ဖြစ်၏။

သတင်းထောက်သည် ကျင်းမိသားစု၏ ရိုးသားမှုအား အထင်ကြီးလေးစားစွာဖြင့် ကြည့်လိုက်ပြီး ဝမ်ရှင်းဖန်းအား မေးခွန်းအနည်းငယ် ဆက်မေးနေရာ သူမကလည်း ငိုရင်း ဆက်ဖြေသည်။ ထို့နောက် သတင်းထောက်သည် ကလေးသုံးယောက်ဘက်သို့ လှည့်သွားပြန်၏။

"ကောင်လေး၊ မင်းရဲ့အစ်မကြီးကို သဘောကျရဲ့လား"

သတင်းထောက်က ကြင်နာသောမျက်နှာထားဖြင့် မေးလိုက်သည်။

ကျင်းမင်းခိုင်သည် ကြီးစိုးခြယ်လှယ်တတ်သည့်စရိုက်ရှိသော်လည်း ထိုအမူအကျင့်သည် ရွှေချန်းရွာတွင်သာဖြစ်၍ ယခုအချိန်၌ သူသည် မရင်းနှီးသည့်ပတ်ဝန်းကျင်၌ လူပေါင်းများစွာနှင့် ရင်ဆိုင်နေရသဖြင့် ကယောင်ခြောက်ခြားဖြစ်နေကာ သတင်းထောက်၏ မေးခွန်းအား လွှတ်ခနဲ ပြန်ဖြေလိုက်မိ၏။

"ကျွန်တော် သူ့ကို မကြိုက်ဘူး"

သတင်းထောက်က သူ၏အဖြေကို ကြားသောအခါ မျက်မှောင်ကြုံ့သွားပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။

"မင်းရဲ့အစ်မကြီးက မင်းကို နာကျင်အောင် လုပ်လို့လား။ ကလေးတစ်ယောက်က ဘယ်လိုကြောင့်များ လိမ်ပြောနိုင်မှာလဲ။ ကြည့်ရတာတော့ ကျင်းယွင်ကျောင်းက တကယ်ပဲ ကျင်းမိသားစုနဲ့ ပတ်သတ်သမျှကို ဆန့်ကျင်နေတယ်ဆိုတာ သိသာနေပြီ"

"ဒီက မိန်းကလေးနှစ်ယောက်ကရော ဘယ်လိုလဲ။ ကျင်းယွင်ကျောင်းရဲ့လုပ်ရပ်တွေက မှန်တယ်လို့ မင်းတို့ရော ထင်ကြလား။ မင်းတို့ရဲ့အစ်မကြီးကို ဘာပြောချင်တာများ ရှိကြလဲ"

သတင်းထောက်က ဆက်မေးလိုက်၏။

"ကျွန်မကတော့ သူ အိမ်ကိုပြန်လာပြီး အဖေနဲ့အမေကို ဂရုစိုက်ပေးဖို့ မျှော်လင့်ပါတယ်။ ခေါင်းမာနေတာကို ရပ်ပြီး ကျွန်မတို့နဲ့ အတူတူနေရမယ့် အချိန်ပါ။ ကျွန်မရဲ့ပစ္စည်းတွေကို အစ်မနဲ့အတူ မျှဝေသုံးဖို့ ဝန်မလေးပါဘူး"

ကျင်းလင်က အရောင်တောက်နေသောမျက်ဝန်းများဖြင့် ပြန်ဖြေလာသည်။

ကျင်းယွင်ကျောင်းလည်း သေချာပေါက် သူ့ပစ္စည်းတွေကို ငါနဲ့မျှသုံးရမှာပေါ့။

သတင်းထောက်က ကျင်းလင်၏ အဖြေကို ကျေနပ်သွား၍ ကျင်းရှို့ဘက်သို့ လှည့်မေးလိုက်၏။

ထိုအခိုက်၌ ကျင်းရှို့၏ ခန္ဓာကိုယ်သည် တောင့်တင်းနေပြီး သူမ၏ အကြည့်များကလည်း မတည်မငြိမ်ဖြစ်နေကာ စိတ်ရှုပ်နေသည်။

"သူက...မဟုတ်ဘူး"

ကျင်းရှို့က အသံတုန်တုန်ဖြင့် ကြောက်ရွံ့စွာဖြေလိုက်၏။ သူမသည် ကျင်းယွင်ကျောင်း၏ နဖူးပေါ်မှ သွေးများကို မြင်သောအခါ သူမသာ ကျင်းယွင်ကျောင်းကို စောစောစီးစီး သတိပေးလိုက်ပါက သူမ၏ အဖေနှင့်အမေကို တားမြစ်နိုင်ပြီး ယခုဖြစ်နေသည့် အရာအားလုံးကိုလည်း ကာကွယ်တားဆီးနိုင်လိမ့်မည်ဟု တွေးနေမိသဖြင့် ပို၍ အပြစ်ရှိသလိုခံစားလာရသည်။

"သူက မဟုတ်ဘူး...သူက ကျွန်မရဲ့အစ်မကြီး မဟုတ်ပါဘူး။ ကျွန်မရဲ့အစ်မကြီးက သေသွားပါပြီ"

ကျင်းရှို့က ငိုရင်း အမှန်တရားကို ထုတ်ဖော်ပြောကြားလိုက်၏။

ကျင်းရှို့၏ အဖြေကိုကြားသောအခါ ဝမ်ရှင်းဖန်နှင့် ကျင်းထျယ်ကျွင်းတို့သည် မျက်နှာပျက်သွား၍ သူမအား အော်ဟစ်ကြိမ်းမောင်းတော့သည်။

"နင် ဘာအဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောနေတာလဲ"

ကျင်းရှို့က သူမမိဘနှစ်ပါး၏ ဒေါသပေါက်ကွဲမှုကို ကြောက်ရွံ့သဖြင့် ခေါင်းငုံ့ထား၏။

ထိုအခါ သတင်းထောက်က သက်ပြင်းချ၍ ပြောလာသည်။

"ကြည့်ရတာ ကျင်းရှို့က ကျင်းယွင်ကျောင်း သူတို့ရဲ့မိသားစုဝင်ဖြစ်လာမှာကို ပိုပြီးတော့ အတိုက်အခံလုပ်နေတယ်နဲ့တူတယ်။ သူ့စိတ်ထဲမှာ ကျင်းယွင်ကျောင်းရဲ့အပြုအမူတွေကို ကြောက်နေလို့ ကျင်းယွင်ကျောင်းကို မိသားစုဝင်အဖြစ် လက်မခံနိုင်တာဖြစ်မယ်"

သတင်းထောက်က ကျင်းရှို့၏ အဖြေအား သူလိုရာဆွဲ၍ လွန်လွန်ကြူးကြူး တွေးပစ်လိုက်၏။

"ကျင်းယွင်ကျောင်း၊ မင်းကိုယ်မင်းရော ဘာပြောဦးမလဲ။ မင်းရဲ့သောင်းကျန်းရိုင်းပြမှုတွေကြောင့် မင်းရဲ့မိဘတွေက နေ့တိုင်း ပူဆွေးပြီးတော့ ရင်နာနေရတယ်၊ မင်းရဲ့မောင်တွေ၊ ညီမတွေကလည်း အသက်ငယ်ငယ်လေးတွေပဲ ရှိသေးတာတောင် မင်းကို သူတို့ရဲ့အစ်မကြီးအဖြစ် အသိအမှတ်မပြုသလို အသိအမှတ်ပြုချင်စိတ်လည်း မရှိကြတော့ဘူး"

"သတင်းထောက်ကြီး၊ ရှင်က အတော်လေး ကြင်နာတတ်တဲ့သူပဲနော်"

ကျင်းယွင်ကျောင်းက ခပ်လှောင်လှောင် ပြောလိုက်သည်။

ထိုအခါ သတင်းထောက်သည် ကျင်းယွင်ကျောင်း၏ အဖြေက တစ်ခုခုမှားနေသကဲ့သို့ ခံစားလိုက်ရသော်လည်း လေးလေးနက်နက် ပြန်၍ တုံ့ပြန်လိုက်၏။

"ကျင်းယွင်ကျောင်း၊ မင်းမှာ အသိတရားနည်းနည်းရှိသေးတယ်ဆိုရင် အခုပဲ မင်းရဲ့မိဘတွေကို ဒူးထောက်တောင်းပန်ပြီး အားလုံးရဲ့ရှေ့မှာ မင်းရဲ့အပြစ်တွေကို ဝန်ခံလို့ရတယ်။ ပြီးတော့ အနာဂတ်မှာ မိဘတွေရဲ့စကားကို နားထောင်ပြီး မောင်ငယ်၊ညီမငယ်တွေကိုလည်း ကောင်းကောင်းမွန်မွန် ဆက်ဆံပါ့မယ်လို့ ကျိန်ဆိုလိုက်ပါ"

ထိုအချိန်၌ ဘေးမှရပ်ကြည့်နေသူများသည် ဒေါသထွက်နေသေးသော်လည်း သူတို့၌ ကျင်းယွင်ကျောင်းက တောင်းပန်မည်ဟုသည့် မျှော်လင့်ချက်လေးလည်း ရှိနေကြသေးသည်။

ကျင်းယွင်ကျောင်းသည် အသက်ငယ်သေး၍ ကလေးတစ်ယောက်ဟုပင် သတ်မှတ်နိုင်၏။ အကယ်၍ သူမသာ သူမ၏ အမှားများကို ဝန်ခံလိုက်ပါက ပြန်ရသည့်ရလဒ်ကလည်း အလိုလိုပင် အကောင်းဆုံးဖြစ်သွားလိမ့်မည်။ သို့ရာတွင် ဤဖြစ်ရပ်သည် ထိုပွဲကြည့်ပရိတ်သတ်များစွာအား ပညာရေးစနစ်သည် ဆုတံဆိပ်များကိုသာ အာရုံစိုက်သင့်၊ မစိုက်သင့်နှင့် ပတ်သတ်၍လည်း အတွေးများစေသည်။ အကယ်၍ လူငယ်အများစုကသာ ကျင်းယွင်ကျောင်းကဲ့သို့ဖြစ်နေပါက အနာဂတ်၌ လူကြီးမိဘများအား မည်သူက ကျွေးမွေးစောင့်ရှောက်မည်နည်း။ ကလေးသူငယ်များအား မည်သူက ဂရုစိုက်ပေးမည်နည်း။

"ရှင့်ရဲ့စိတ်ထားက ဖြောင့်မတ်လိုက်တာ၊ ဒါပေမယ့် နှမြောစရာကောင်းတာက ရှင်က ငတုံးဖြစ်နေတာပဲ"

ကျင်းယွင်ကျောင်းက ချေပလိုက်သည်။

စကားဆုံးသည်နှင့် သူမသည် သတင်းထောက်အား ပြန်လည်ချေပခွင့်မပေးတော့ဘဲ သူမ၏ မိဘအရင်းဟုတ််၊ မဟုတ် စစ်ဆေးချက်ရလဒ်မိတ္တူများအား ထုတ်ယူလိုက်၏။

"သူတို့က မိဘအရင်းဟုတ်၊ မဟုတ် စစ်ဆေးချက်ရလဒ်တွေကိုပြလို့ ရှင်တို့အားလုံးက သူတို့ကို ကျွန်မရဲ့မိဘတွေလို့ ယူဆပြီး ယုံကြည်နေကြတယ်ပေါ့။ ဒါဆို ကျွန်မလည်း ကျွန်မရဲ့စစ်ဆေးချက်ရလဒ်တွေကို ပြမယ်ဆိုရင်ရော"

ကျင်းယွင်ကျောင်းသည် သူမ၏ မိဘအရင်းဟုတ််၊ မဟုတ် စစ်ဆေးချက်ရလဒ်များကို ပြလိုက်ပြီးနောက် ကျင်းထျယ်ကျွင်းနှင့် ဝမ်ရှင်းဖန်းအား အေးစက်စက် စိုက်ကြည့်ကာ ဆက်ပြောလိုက်သည်။

"မိဘအရင်းဟုတ််၊ မဟုတ် စစ်ဆေးချက်ရလဒ်မှာ ကျွန်မတို့ကို သွေးသားတော်စပ်မှု မရှိဘူးလို့ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ ဒါဆိုရင် 'အဖေ' ဆိုတဲ့ရှင်က ကျွန်မကို ဒီရလဒ်တွေနဲ့ပတ်သတ်ပြီး ရှင်းပြပေးနိုင်မလား"

ဝမ်ရှင်းဖန်းနှင့် ကျင်းထျယ်ကျွင်းတို့၌ရှိသော မိဘအရင်းဟုတ််၊ ဟုတ် စစ်ဆေးချက်သည် ကိုက်ညီသည့်အဖြေကိုပြနေ၍ ကျင်းယွင်ကျောင်း၏ မိဘအရင်းဟုတ််၊ မဟုတ် စစ်ဆေးချက်ကမူ မကိုက်ညီသည့်အဖြေကိုပြနေရာ တစ်ချက်ကြည့်ရုံနှင့်ပင် ထိုစာရွက်နှစ်ရွက်သည် လုံးဝမတူညီသောလူနှစ်ယောက်၏ စစ်ဆေးချက်ရလဒ်များဖြစ်ကြောင်း ပြောနိုင်သည်။

"မင်း...မင်း နောက်ထပ် မိဘအရင်းဟုတ််၊ မဟုတ် စစ်ဆေးချက်တစ်ခု သွားလုပ်ခဲ့သေးတာလား"

ကျင်းထျယ်ကျွင်းက ထိတ်လန့်စွာဖြင့် မေးလိုက်ရာ ဝမ်ရှင်းဖန်းသည် ချက်ချင်း သတိဝင်လာ၍ အော်ဟစ်လိုက်၏။

"မင်း လိမ်နေတာ၊ မင်းရဲ့ မိဘအရင်းဟုတ််၊ မဟုတ် စစ်ဆေးချက်က အတုကြီးဆိုတာ ရှင်းနေတာပဲ"

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Where stories live. Discover now