Chapter 259

404 40 0
                                    

Chapter 259 : အခြားသူများအပေါ် အပြစ်ပုံချခြင်း

ညအချိန်ရောက်နေပြီဖြစ်သော်လည်း လက်ဖက်ရည်ဆိုင်ထဲ၌ လူအများအပြားရှိနေသဖြင့် အဖေကျန်၏လုပ်ရပ်များက လူတိုင်းကို ထိတ်လန့်စေခဲ့သည်။

လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဖြစ်ရာ ပတ်ဝန်းကျင်က အလိုအလျောက်ပင် တိတ်ဆိတ်ငြိမ်သက်နေ၍ လက်ဖက်ရည်ဆိုင်ပိုင်ရှင်ဖြစ်သည့် ကျန်ဝမ်ရှန်းသည်လည်း သူတို့၏ရှေ့တွင် အမြဲတမ်း တည်ငြိမ်အေးဆေးကာ ယဥ်ကျေးသူဖြစ်လျက် တစ်ခါမှ အသံကျယ်ကျယ်နှင့် စကားပြောဖူးခြင်းမရှိသလို ဒေါသထွက်ပြဖူးခြင်းလည်း မရှိပေ။

လူသုံးယောက် ကြမ်းပြင်ပေါ်တွင် လဲကျ၍ အကြောဆွဲနေလျှင်တောင်မှ ကျန်ဝမ်ရှန်းသည် ဆင်ခြေပေးစရာရှိနေသေး၍ လူနာတင်ကားခေါ်ရင်း အလုပ်ရှုပ်နေခဲ့သော်လည်း ယခုတွင်ရော၊ သူသည် မိန်းကလေးငယ်လေးတစ်ယောက်ကြောင့် ဒေါသထွက်၍ ပေါက်ကွဲနေသည်။

သို့ရာတွင် ထိုမိန်းကလေးအား လေ့လာကြည့်ပြီးနောက်တွင် သူတို့သည် သူမ၌ ထူးခြားချက်အချို့ရှိနေသည်ကို တွေ့လိုက်ရ၏။

သူမသည် ခပ်ရိုးရိုး အားကစားဝတ်စုံကို ဝတ်ဆင်ထား၍ အိတ်တစ်လုံးကို လွယ်ထားကာ ရုပ်ရည်မှာ အတော်လေးလှပသော်လည်း အေးစက်၍ စိမ်းကားသော စရိုက်ရှိပုံရသည်။ သူမ ပေါ်လာသောအချိန်တွင် သူမသည် အဆိပ်မိနေသူသုံးယောက်အား ထူးဆန်းသော အရည်တစ်မျိုးကို တိုက်ကျွေးခဲ့၍ အံသြစရာကောင်းသည်မှာ ထိုတွန့်လိမ်အကြောဆွဲနေသော လူသုံးယောက်၏ အခြေအနေမှာ ပိုကောင်းလာ၍ သူတို့၏ အသားအရောင်များကလည်း နဂိုအတိုင်းပြန်ဖြစ်သွားခြင်းပင်။

စိတ်ရှုပ်နေသော ဘေးလူများသည် သူမပြောသည့် ရင်ကွဲမြက်အကြောင်းကို ကြားသောအခါ ပို၍ပင်စိတ်ရှုပ်သွားကြသည်။

ကျင်းယွင်ကျောင်းက ဤကိစ္စမှာ ရင်ကွဲမြက်ကြောင့် အဆိပ်သင့်ခြင်းဟု ပြောသည်အားကြားပြီးနောက် ကျန်ဝမ်ရှန်းသည် ဆောက်တည်ရာမရဖြစ်နေ၏။ အကယ်၍ သူမပြောသည်သာ မှန်ပါက တရားခံမှာ သူဖြစ်သည်။

ပိုးစာပင်မှ ထုတ်လုပ်သည့် လက်ဖက်ရည်ကို ဟိုးအရင်ကတည်းက သူသည် တစ်ရပ်တစ်ကျေး၌ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်၏။ ထိုဒေသမှ ရွာသားများက သူ့အား ဤလက်ဖက်ရည်သည် အူအတွင်းမှ အပူဓါတ်ကို ငြှိမ်းသတ်ရာတွင် အသုံးပြုကြောင်း ပြောပြခဲ့၍ ထိုလက်ဖက်ရည်အား သူမြည်းစမ်းကြည့်ပြီးနောက်တွင် အရသာကောင်းသောကြောင့် ပြန်လည်ရောင်းချရန် ဆုံးဖြတ်ခဲ့သည်။

ပြန်တွေးကြည့်သောအခါ ရင်ကွဲမြက်နှင့် ပိုးစားပင်သည် ဆင်တူသောအစိတ်အပိုင်းများရှိ၏။ ထို့အပြင် ဤဆိုင်သို့လာကြသော ဧည်သည့်အများစုမှာ နာမည်ကြီးသော လက်ဖက်ရည်အမျိုးအစားများကို သောက်ကြ၍ ပိုးစာပင်မှထုတ်သော လက်ဖက်ရည်ကိုသောက်သုံးသူမှာ လူနည်းစုသာဖြစ်သည်။ ယနေ့ကဲ့သို့ မတော်တဆမှုကြီးကြီးမားမား ဖြစ်လာလိမ့်မည်ဟု မည်သူသိမည်နည်း။

သူ တစ်ရပ်တစ်ကျေးတွင်ရှိနေစဥ်က ရွာသားများအား ပိုးစားရွက်ကို လက်ဖက်ရည်ထဲသို့ ထည့်ဖျော်နည်းကိုမေးခဲ့၍ သူတို့က သူ့အား ရင်ကွဲမြက်အကြောင်းကို သတိပေးခဲ့သေးသည်။ သို့ရာတွင် ထိုအချိန်က ၎င်းအပင်နှစ်ပင်သည် မတူညီသော အပင်နှစ်ပင်ဟုသာ သူက တွေးခဲ့၍ ထိုနှစ်ပင်အား ခွဲခြားနိုင်လိမ့်မည်ဟု ထင်ခဲ့၏။

ဒီနေ့ နည်းနည်း စိတ်မငြိမ်ဖြစ်နေတော့ စိတ်ရှုပ်နေချိန်မှာ အမှားလုပ်မိတာများလား။

ကျန်ဝမ်ရှန်းသည် ထိုအကြောင်းကို တွေးလိုက်ပြီးနောက် ခေါင်းယမ်းလိုက်သည်။

ဤကိစ္စသည် သူ့အမှားမဟုတ်ပေ၊ ကျင်းယွင်ကျောင်းကသာ တရားခံဖြစ်၏။ ဤနေ့ ဤအချိန်တွင်မှ သူမသည် အဘယ်ကြောင့် ဆိုင်ပတ်ဝန်းကျင်တွင် ခိုးကြောင်ခိုးဝှက် ရောက်နေသနည်း။

ကျန်ဝမ်ရှန်း၏ ယုတ်မာသောပုံစံကို ကြည့်ရင်း ကျင်းယွင်ကျောင်းက မညှာမတာပင် ပြောချလိုက်သည်။

"အခြားသူတွေကို အပြစ်ပုံချဖို့ ကြိုးစားနေတာလား။ ရှင့်ဆိုင်မှာ စောင့်ကြည့်ကင်မရာတွေရှိတယ် မဟုတ်လား။ ရှင်ကိုယ်တိုင် ကြည့်ကြည့်လိုက်လေ။ လွန်ခဲ့တဲ့ဆယ်မိနစ်က ကျွန်မရောက်လာတော့ သူတို့က ဒီလိုတွေဖြစ်နေပြီ၊ ကျွန်မက ဘယ်လိုလုပ် သူတို့ကို အဆိပ်ခတ်နိုင်မှာလဲ။ ပြီးတော့ ဒီဆေးဖက်ဝင်လက်ဖက်ရည်က ရှင်တို့ပြင်တာနော်။ ဒါဆိုရင် မီးဖိုထဲမှာ လက်ကျန်တွေရှိနေသင့်တယ် မဟုတ်လား။ သဘောတရားကို စဥ်းစားကြည့်လိုက်ရုံနဲ့ ဘယ်သူမှားလဲ၊ မှန်လဲဆိုတာ ခွဲခြားနိုင်တယ်။ အခု ရှင်က ကျွန်မကို အပြစ်ပုံချချင်နေတာလား။ ရှင်က နှောင့်နှေးအောင် လုပ်နေတာလား။ ရှင်က အရူးတောင် မဟုတ်တော့ဘူး။ အခုအချိန်မှာ မဲမဲမြင်ရာလိုက်ကိုက်တဲ့ ခွေးရူးတစ်ကောင်နဲ့ ပိုတူနေတယ်"

ကျင်းယွင်ကျောင်း၏ ချက်ကျလက်ကျ ပြစ်တင်စွတ်စွဲသံများကြားတွင် ကျန်ဝမ်ရှန်း၏ မျက်နှာမှာ ထိန်းမရအောင် ပျက်ယွင်းသွားသည်။ သို့သော် သူသည် ထိုသို့အပြောခံနေရချိန်တွင် မီးဖိုထဲ၌ ရင်ကွဲမြက်လက်ကျန်များ ရှိနေသေးသည်ကို သတိရသွားသောအခါ ထိတ်လန့်တုန်လှုပ်သွား၏။

ထို့ကြောင့် သူသည် မီးဖိုခန်းသို့သွားချင်သော်လည်း သူ၏ ခြေထောက်များကမူ တစ်လက်မမျှပင် မရွေ့နိုင်ချေ။

မီးဖိုခန်းထဲသို့ တစ်ချက်ကြည့်လိုက်ရုံနှင့် သက်သေများကို အလွယ်တကူပင် ရှာတွေ့နိုင်သည်။ သို့သော် စောင့်ကြည့်နေသော မျက်လုံးများစွာ၏အောက်တွင် ထိုသက်သေများကို မည်သို့ ဖျောက်ဖျက်ပစ်နိုင်မည်နည်း။

ရဲတွေလာရင် ငါ ဘာလုပ်ရမှာလဲ။ ငါ့ဆိုင်ကို ပိတ်ဖို့ ဖိအားပေးကြမှာလား။

ကျန်ဝမ်ရှန်းသည် မှင်သက်နေ၍ တစ်ချိန်တည်းမှာပင် ရင်ထဲ၌ သောကမီးတောက်လောင်နေသည်။ သို့သော် ကျင်းယွင်ကျောင်းက သူ၏ဆိုင်ထဲရှိ လူသုံးယောက်ကို ကယ်တင်ခဲ့ပြီဖြစ်ရာ သူ ထွက်မပြေးပေ။

"မိန်းကလေး၊ ဒီရင်ကွဲမြက်ဆိုတာကို...ဘာလို့ အတိအကျပြောနိုင်တာလဲ"

ဘေးမှကြည့်နေသူများသည် အဆိပ်၏ အာနိသင်ကိုမြင်သောအခါ အထိတ်တလန့်မေးလာသည်။

ကျင်းယွင်ကျောင်းက ဘာကိုမှဖုံးကွယ်မထားဘဲ ဖြေလိုက်၏။

"ရွှေစံပယ်ပင်လို့ အသိများတဲ့ ရင်ကွဲမြက်က တစ်ပင်လုံးမှာ အဆိပ်ရှိတယ်။ အဆိပ်အပြင်းဆုံးအပိုင်းတွေကတော့ အရွက်နဲ့အမြစ်ပေါ့။ အထူးသဖြင့် ထွက်ခါစ အညွှန့်တွေနဲ့အရွက်တွေမှာ ပိုအဆိပ်ပြင်းတယ်။ အရွက်လေးနည်းနည်းနဲ့တင် သေနိုင်တယ်။ ဒီအဆိပ်ကိုစားမိရင် အဆိပ်မိတဲ့သူရဲ့ခန္ဓာကိုယ်က အားပြတ်သွားပြီးတော့ ကယောင်ကတမ်းတွေပြောပြီး အော့အန်၊ ဝမ်းပျက်ဖြစ်တတ်ပါတယ်။ တစ်ချို့ဆိုရင် နှလုံးသွေးကြောတောင် ပိတ်သွားတတ်တယ်။ ဒါပေမယ့် ဒီအဆိပ်ရဲ့ကြောက်စရာအကောင်းဆုံးအချက်ကတော့ ဒီလိုတွေဖြစ်နေတဲ့အချိန်မှာ အဆိပ်မိသူက သတိရှိနေသေးတာပါပဲ"

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Tahanan ng mga kuwento. Tumuklas ngayon