Chapter 285

440 47 0
                                    

Chapter 285 : အကူအညီကြီးကြီးမားမား

မိန်းကလေးငယ်လေးတစ်ယောက်အား ပြစ်တင်ရှုတ်ချရန် စီစဥ်ထားသည့်ပွဲသည် ယခုအခါ ရယ်စရာပြက်လုံးတစ်ခု ဖြစ်လာသည်။ ကျင်းယွင်ကျောင်းသည် ကျောင်းဘက်သို့ ခြေလှမ်းကျဲကျဲနှင့် ထွက်သွားသောအခါမှ လူတိုင်းသည် သက်ပြင်းချနိုင်၍ စိတ်သက််သာရာရသွားကာ အားတုံ့အားနာဖြစ်နေသော မျက်နှာထားများနှင့် ကိုယ့်လမ်းကိုယ် ဆက်သွားကြတော့သည်။

"နောက်ဆုံးတော့ ပြီးသွားပြီ။ ယွင်ကျောင်း၊ ဒီတစ်ခေါက်က အတော်လေး စိုးရိမ်စရာကောင်းတာပဲ။ လီရှောက်ယွင်ကို ကျေးဇူးတင်ရမယ်။ သူ နင့်ကို စာရွက်စာတမ်းတွေ အစောကြီးပို့ထားလို့ပေါ့၊ မဟုတ်ရင် ငါတို့မှာ ပါးစပ်ဆယ်ပေါက်ရှိရင်တောင် ဒီအခြေအနေကနေ လွတ်နိုင်မှာ မဟုတ်ဘူး"

ရှောင်ဟိုင်ချင်းက သက်ပြင်းချ၍ ပြောလိုက်၏။ သူမနှင့် စူးချူသည် ကျင်းယွင်ကျောင်းအား နဖူးမှဒဏ်ရာကို ဆေးထည့်ရန်အတွက် ကျောင်းဆေးခန်းသို့ လိုက်ပို့နေကြခြင်းဖြစ်သည်။

စူးချူကလည်း ရှောင်ဟိုင်ချင်း၏ စကားကို သဘောတူသည့်အနေနှင့် ခေါင်းညိတ်ပြလာ၏။

ထိုလူများသည် ကြောက်စရာကောင်းလွန်းလှသည်။ အထူးသဖြင့် သူတို့သည် တရားမျှတမှုကိုထိန်းသိမ်းရန်အတွက် ဤနေရာသို့ ရောက်ရှိနေကြခြင်းဖြစ်ကြောင်းကို တစ်လောကလုံး သိစေရန် ဟစ်ကြွေးလိုသော သဘောထားဖြင့် လာရောက်ကြခြင်းဖြစ်၏။ သူတို့သည် ယုတ်မာမှုနှင့် ကိုယ်ကျင့်တရားပျက်ပြားမှုကို လူတိုင်းက ဆန့်ကျင်နေသည့်အလား လွန်လွန်ကျူးကျူး ပြုမူနေကြသောကြောင့် သူတို့ကိုယ်တိုင်သည်လည်း စည်းကျော်နေသည့် လူယုတ်မာများဖြစ်လာကြသည်။ အကယ်၍ သူမ၏လက်ထဲ၌သာ အတိကျဆုံး သက်သေမရှိပါက သူတို့သည် သူမအား  အရှင်လတ်လတ် ဝါးမြိုပစ်ကြတော့မည်မှာ လက်တွေ့ပင် မဟုတ်လား။

ထို့ကြောင့် သူမ၌ စစ်ဆေးချက်ရလဒ်သာ မရှိခဲ့လျှင် ... ... ...

ထိုလူများသည် သူမတို့၏ သွေးသားတော်စပ်မှုကို အမှန်တရားတစ်ခု ဖြစ်သွားစေရန် အတင်းအကြပ်ဖိအားပေး၍ အတည်ပြုနိုင်သွားမည် ဖြစ်၏။

အကယ်၍ ကျင်းယွင်ကျောင်းသည် သူမ၏ အမှားများကို ဝန်ခံရန် အတင်းအကြပ်ဖိအားပေးခံရ၍ သူတို့အလိုကျ ပူးပေါင်းပြီး ဝန်ခံလိုက်ပါက လူတိုင်းက သူမအား ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ကြလိမ့်မည်ဖြစ်ပြီး သူတို့သည် နောက်ပိုင်း၌ သူမလုပ်သမျှကိုပင် လိုက်၍ စောင့်ကြည့်လာနိုင်သည်။ အကယ်၍ သူမက မပူးပေါင်းလျှင်လည်း သူတို့က သူမအား အလွတ်ပေးမည် မဟုတ်ပေ။ ထိုအခါ သူမသည် လူတိုင်း၏ အမုန်းခံပစ်မှတ်ဖြစ်လာပြီး နောက်ထပ် အရှုပ်အထွေးတစ်ခုအဖြစ် အလျင်အမြန် အဆုံးသတ်သွားမည်မှာ မလွဲဧကန်ပင်။

ထို့အပြင် သူမ ဘာပဲလုပ်လုပ် ထိုတရားမျှတမှုထိန်းသိမ်းစောင့်ရှောက်သူများ၏ အကြည့်များအောက်တွင် သူမသည် အမြဲတမ်း မှားယွင်းသူသာ ဖြစ်လိမ့်မည်။

နောက်ပိုင်း၌ သူမတို့က မိဘအရင်းဟုတ်၊ မဟုတ် စစ်ဆေးချက်အစစ်အမှန်အား ထုတ်ဖော်ပြောလျှင်တောင်မှ ထိုစာရွက်သည် အစစ်ဟု မည်သူကမှ ယုံကြည်တော့မည် မဟုတ်။ ထို့အပြင် ဤဖြစ်ရပ်နှင့်ပတ်သတ်၍ သွေးပူနေသော အချိန်ကာလကို ကျော်လွန်သွားပြီဖြစ်သဖြင့် နောက်ပိုင်းဖြစ်ရပ်များကို မည်သူကမှ အရေးပေးစိတ်ဝင်စားကြတော့မည် မဟုတ်ပဲ တရားမျှတမှုကို လိုလားနေသူများသည်လည်း အစောပိုင်း အတင်းအဖျင်းများနှင့်ပင် ကျေနပ်သွားကြလိမ့်မည်။

ထိုအခါ ကျင်းယွင်ကျောင်းသည်လည်း သူမ၏ လက်ကျန်ဘဝတလျှောက်လုံးကို တစ်ကမ္ဘာလုံး၏ အထင်လွဲခံ၍ နေထိုင်သွားရမည်ဖြစ်သည်။

"ပြောင်ကျဲ၊ အဲဒီရှောက်ယွင်ဆိုတဲ့လူကို သေချာကျေးဇူးတင်စကားပြောရမယ်နော်။ သူက အစ်မကို အကူအညီ အကြီးကြီး ပေးထားတာပဲ"

စူးချူ၏ မျက်နှာလေးပေါ်တွင် ကျေးဇူးတင်နေသော အမူအယာများ ထင်ထင်ရှားရှား ပေါ်လွင်နေ၏။

ထို့နောက် သူမသည် ကျင်းယွင်ကျောင်း၏ ဒဏ်ရာကို ကြည့်လိုက်ပြီး နှုတ်ခမ်းစူသွားပြန်သည်။

"ပြောင်ကျဲ၊ အစ်မ ဘာလို့ မရှောင်လိုက်တာလဲ။ ဒီဒဏ်ရာက အစ်မမျက်နှာပေါ်မှာ အကြာကြီး အမာရွတ်စွဲနေတော့မှာ"

ပြောင်ကျဲရဲ့မျက်နှာပေါ်မှာ ဒီဒဏ်ရာကလွဲရင် ကျန်တဲ့အပြစ်အနာအဆာ ဘာမှမရှိတဲ့အပြင်ကို သူ့ရဲ့အသားအရေကလည်း ပိုပြီး ကောင်းသထက် ကောင်းလာသေးတယ်။ ဒီကိစ္စရဲ့နောက်ကွယ်မှာရှိတဲ့သူက တကယ် ကောက်ကျစ်တာပဲ။

ထိုအခါ ကျင်းယွင်ကျောင်းက မော့ကြည့်လိုက်ပြီး ရှောင်ဟိုင်ချင်းနှင့် အပြုံးချင်းဖလှယ်လိုက်သည်။

"ချူချူ၊ ယွင်ကျောင်းက ဒီဒဏ်ရာလောက်နဲ့ ဘာမှမဖြစ်ပါဘူး"

ရှောင်ဟိုင်ချင်းက နှစ်သိမ့်လိုက်ပြီး သူမ၏ အပြုအမူများကလည်း ငြင်သာနေ၏။

ထို့နောက် စူးချူနှင့် ရှောင်ဟိုင်ချင်းတို့သည် ထိုအချိန်က ကျင်းယွင်ကျောင်း ခံစားခံရသည့် နာကျင်မှုနှင့် အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ရခြင်းများကို ပြန်သတိရသွားကြသည်။ သူမ၏ နီရဲနေသောသွေးများသည် သူတို့၏ မှတ်ဥာဏ်ထဲ၌ ထာဝရစွဲထင်နေတော့မည် ဖြစ်သည်။

ထို့အပြင် ကင်မရာများစွာနှင့် သတင်းထောက်များသာမက လူအုပ်၏ အပြင်ဘက်တွင် ရပ်နေသော မဆိုင်သည့် ကျောင်းသားမိဘများကလည်း သူတို့၏ လက်ကိုင်ဖုန်းများကိုသုံး၍ ဖြစ်ရပ်တစ်ခုလုံးကို မှတ်တမ်းတင်ထားကြရာ သူမတို့သည် နောက်ကွယ်မှကြိုးကိုင်သူအား ကိုယ်တိုင်ကိုယ်ကျ ရှာဖွေရန်မလိုပေ။ သူမတို့အတွက် ထိုကိစ္စကို လုပ်ပေးမည့် တစ်စုံတစ်ယောက် အလိုလိုပေါ်ထွက်လာလိမ့်မည်ဖြစ်၏။

"နင်က ဒီကိစ္စကို အဆုံးသတ်သွားပြီလို့ ထင်နေတာ မဟုတ်လား"

ရှောင်ဟိုင်ချင်းက စူးချူကို ပြုံး၍ မေးလိုက်ရာ စူးချူက စိတ်ရှုပ်သွား၏။

"အင်းလေ၊ အဲလိုပဲ မဟုတ်ဖူးလား"

သတင်းထောက်များ အားလုံးသည် ယခုအခါ အမြီးကုပ်၍ ထွက်ပြေးသွားကြပြီဖြစ်၍ ကြင်နာတတ်သည့် အင်တာနက်သုံးစွဲသူများဟု ခေါ်သည့် မေတ္တာရှင်ကြီးများသည်လည်း ဤကိစ္စသည် သူတို့နှင့်မဆိုင်သည့်အလား ထွက်သွားကြပြီ ဖြစ်သည်။ ကျန်ရစ်ခဲ့သူများမှာ ကျင်းမိသားစုအား သူတို့လှူထားသည့် ပိုက်ဆံများကို ပြန်တောင်းနေကြသူများဖြစ်၍ သူမတို့နှင့် လုံးဝမဆိုင်ပေ။

စူးချူသည် ကိစ္စများကို အပေါ်ယံသာ တွေးတတ်သူဖြစ်သော်လည်း သူမသည် ငတုံးတစ်ယောက် မဟုတ်ပေ။ ထို့ကြောင့် ရှောင်ဟိုင်ချင်း၏ သတိပေးစကားကိုကြားသောအခါ သူမ၏ မျက်လုံးလေးများက ချက်ချင်း တောက်ပလာသည်။

"ဒါဆိုရင် ကိစ္စတွေက အဆုံးမသတ်သေးတာ မဟုတ်ဘူး၊ အစပဲ ရှိသေးတာပေါ့"

စူးချူက အံ့သြတကြီးဖြင့် ချစ်စရာကောင်းစွာ ပြုံးလိုက်ပြီးနောက် တဟိဟိနှင့် ခပ်တိုးတိုးရယ်နေသည်။

"မှန်တာပေါ့၊ ဒါက အစပဲရှိသေးတယ်"

ကျင်းယွင်ကျောင်းက မဲ့ပြုံးပြုံး၍ ပြောလိုက်ပြီး သူမ၏ မျက်ဝန်းများက အေးစက်တည်ငြိမ်နေ၏။

ထို့နောက် မိန်းကလေးသုံးယောက်သည် တစ်ယောက်၏ ရည်ရွယ်ချက်ကို နောက်တစ်ယောက်က ခံစားနားလည်သွားကြ၍ စကားထပ်မပြောမိကြတော့ပေ။ ထိုအချိန်၌ ကန်ကျင်းချန်၊ ထန်ကျစ်ဟွားနှင့် ကျီသာ့ယုံးတို့သည် ကျင်းယွင်ကျောင်း၏ အခြေအနေကို စစ်ဆေးရန်အတွက် ရောက်ရှိလာကြ၍ သူမ၏ နဖူးပေါ်မှ ဒဏ်ရာသည် အစောပိုင်းက အတော်လေး သွေးထွက်ခဲ့သော်လည်း သိပ်ပြင်းထန်ပုံမရကြောင်း တွေ့လိုက်ရ၏။ အချိန်ခဏနှင့် အနာကျက်သွားလိမ့်မည် ဖြစ်သည်။

သတင်းထောက်များက အလစ်အငိုက်ဖမ်း၍ တိုက်ခိုက်နေကြစဥ်က ကျင်းယွင်ကျောင်းနှင့် ခင်မင်ရင်းနှီးသော ယောက်ျားလေးသုံးယောက်သည် သူမအား ရှေ့ထွက်၍ ကာကွယ်ပေးချင်ခဲ့ကြ၏။ သို့သော် မည်သူက လုပ်ရဲမည်နည်း။

ယောက်ျားလေးတစ်ယောက်က သူမအား ရှေ့ထွက်၍ ကာကွယ်ပေးခြင်းသည် မည်သည့်အကူအညီကိုမှ မဖြစ်စေရုံသာမက သူမ၏ နာမည်ဂုဏ်သတင်းကိုပင် စွန်းထင်းသွားစေလိမ့်မည်ဖြစ်ကြောင်း လူတိုင်းသိ၏။ ထို့ကြောင့် သူတို့အားလုံးသည် အဝေးမှသာ စောင့်ကြည့်နေရသည်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Où les histoires vivent. Découvrez maintenant