Chapter 305

401 35 0
                                    

Chapter 305 : တန်ဖိုးမထားခြင်း


မိခင်ဖြစ်သူ၏ စကားကို ကြားသောအခါ ကျန်ရှသည် ရှက်လွန်းသဖြင့် တောင့်ခဲသွားတော့သည်။

သူသည် ဂုဏ်သိက္ခာကို အလွန်အလေးထားသူဖြစ်သောကြောင့် သူ ကိုယ်တိုင်ကိုယ်ကျ လျှော့စျေးမေးရန် တစ်ခါမှပင် စိတ်မကူးဖူးချေ။ သို့ရာတွင် သေချာတွေးကြည့်လိုက်ပါက ကျောက်စိမ်းဝိညာဥ်လက်ဖက်ရည်ဆိုင်သည် သူတို့၏ ပြိုင်ဘက်ဖြစ်သောကြောင့် ထိုသူများအား သေချာပေါက် ပိုက်ဆံမပေးနိုင်။ ထိုအကြောင်းပြချက်ကြောင့် ကျန်ရှသည် မိခင်ဖြစ်သူ၏ လုပ်ရပ်ကို ထောက်ခံလိုက်တော့သည်။

အမေကျန်၏ စကားကိုကြားသောအခါ ဝန်ထမ်းလေးက လုံးဝအံ့သြမသွားခဲ့၊ ယနေ့သည် ပထမဆုံး ဆိုင်ဖွင့်ရက်ဖြစ်သောကြောင့် လူစည်ကားသောနေရာများကို စိတ်ဝင်စားသူများ၊ လျှော့စျေးလိုချင်သူများ သေချာပေါက်လာရောက်ကြလိမ့်မည်။ ထိုသို့မဟုတ်ပါက အသစ်ဖွင့်သောဆိုင်အများစုသည် လူများကို ဆွဲဆောင်ရန်အတွက် စျေးလျှော့ပေးတော့မည် မဟုတ်ပေ။

"နေ့လည် နှစ်နာရီမထိုးခင် လာသမျှဧည့်သည့်အားလုံး ကျွန်တော်တို့ဆီမှာရတဲ့ လက်ဖက်ရည်မျိုးစုံကို စိတ်ကြိုက်သုံးဆောင်နိုင်ပါတယ်လို့ မန်နေဂျာကြီးက မှာထားပါတယ်ခင်ဗျ"

ဝန်ထမ်းလေးက ယဥ်ကျေးပျူငှာစွာ ပြန်ဖြေလိုက်၏။

မူလက ဆိုင်သည် စျေးအနည်းငယ် လျှော့ပေးရန်သာ စီစဥ်ထားသော်လည်း ယနေ့ ဤနေရာသို့ လာရောက်ကြသည့် ဧည့်သည်အများစုမှာ ကျင်းယွင်ကျောင်းက ဂုဏ်သတင်းကျော်ကြားစေရန်အတွက် ဖိတ်ကြားထားသော ဧည့်သည်များဖြစ်ကြသည်။ ထိုဧည့်သည်များသည် လက်ဖက်ရည်တစ်ခွက်ဖိုးကို ဂရုမစိုက်သော်လည်း သူတို့၏ ဂုဏ်သတင်းကိုမူ အထူးဂရုစိုက်ကြ၏။ ထို့ကြောင့် သူတို့အားလုံးဆီမှ ကျသင့်ငွေ မယူရန် ကျင်းယွင်ကျောင်းက  ချူးရုန်အား မှာထားခြင်း ဖြစ်သည်။

လက်တွေ့တွင်လည်း သူတို့ယူလာသည့် ဂုဏ်ပြုလက်ဆောင်များမှာ သူတို့သောက်သည့်လက်ဖက်ရည်ထက်ပင် ပို၍ စျေးကြီးသေး၏။

ဖိတ်ကြားထားသော ဧည့်သည်များဆီမှ ကျသင့်ငွေမယူပါက စိတ်ဝင်စား၍ လာရောက်ကြသော စျေးဝယ်များကိုလည်း အတူတူပင် လုပ်ပေးရမည်ဖြစ်သည်။ သို့မဟုတ်လျှင် ဧည့်သည်များ ပိုက်ဆံရှင်းစရာ မလိုသည်ကို စျေးဝယ်သူများ မြင်သွားပါက ခွဲခြားဆက်ဆံခံရသည်ဟု ထင်သွားနိုင်၏။ ထို့ကြောင့် ချူးရုန်က အချိန်ကန့်သတ်၍ စျေးလျှော့ပေးလိုက်ခြင်း ဖြစ်သည်။

ထို့နောက် အမေကျန်က သူမ၏ ဖုန်းကို ထုတ်၍ အချိန်ကြည့်လိုက်သောအခါ နေ့လည်တစ်နာရီခွဲသာရှိသေး၍ နှစ်နာရီထိုးရန် နာရီဝက်ခန့်လိုသေး၏။

"သား၊ အထဲဝင်ကြစို့"

အမေကျန်က သားဖြစ်သူအား ဝမ်းပန်းတသာ ပြောလိုက်ပြီးနောက် ဝန်ထမ်းလေး၏ ဘက်သို့ ပြန်လှည့်၍ ညွှန်ကြားလိုက်သည်။

"ဒါဆိုရင် ငါတို့နှစ်ယောက်စာ စားပွဲလိုချင်တယ်။ ပြီးတော့ အထူးစပယ်ရှယ် ကျွင်းရှန်ယင်းကျန်း လက်ဖက်ရည်တစ်အိုးနဲ့ လုံကျင်း လက်ဖက်ရည်တစ်အိုး ရနိုင်မလား"

အမေကျန်၏ စကားကို ကြားသောအခါ ဝန်ထမ်းလေး၏ မျက်နှာက တောင့်တင်းသွားသော်လည်း သူသည် ချက်ချင်း တောက်ပစွာပြုံး၍ ပြန်ဖြေလိုက်သည်။

"ရပါတယ် ခင်ဗျ"

"ဒါဆိုရင် လက်ဖက်ခြောက်များများနဲ့ ခပ်ပြင်းပြင်းလေး ဖျော်ပေးပါ"

အမေကျန်က စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ ထို့နောက် သူမသည် ခန်းမထဲရှိ စားပွဲအလွတ်တစ်လုံးကိုမြင်သောအခါ ကျန်ရှအား ထိုနေရာသို့ ချက်ချင်းဆွဲခေါ်သွားတော့သည်။

များသောအားဖြင့် ပထမထပ် ခန်းမထဲရှိ လူအများစုသည် စီးပွားရေး၊ နိုင်ငံရေးအကြောင်းအရာများကို ပြောဆိုဆွေးနွေးနေကြသောကြောင့် ပတ်ဝန်းကျင်က သက်တောင့်သက်သာ မရှိသဖြင့် ဝန်ထမ်းများသည် စိတ်အေးလက်အေး အနားယူချင်သူများကို ဒုတိယထပ်သို့ လိုက်ပို့ပေးလေ့ရှိ၏။

ထိုသားအမိနှစ်ယောက်သည် ဤမျှ သတ္တိရှိလိမ့်မည်ဟု ဝန်ထမ်းလေးက တစ်ခါမှ မတွေးမိခဲ့ပေ။

ဤနေရာသို့လာကြသော ဧည့်သည်အများစုသည် စျေးနှုန်းကို ဂရုမစိုက်ကြ။ လက်ဖက်ရည် စာရင်းစာရွက်အတိုင်း မှာယူသောက်သုံးကြ၍ သူတို့က ပိုက်ဆံရှင်းမည့်အချိန်မှသာ ဝန်ထမ်းများက အခမဲ့သောက်သုံးနိုင်ကြောင်း ပြောပြကြခြင်း ဖြစ်သည်။ ထိုအခါ စျေးကြီးသော လက်ဖက်ရည်ကို မှာယူသောက်သုံးထားကြသည့် ဧည့်သည့်အနည်းစုက အားတုံ့အားနာဖြစ်နေကြသေး၏။ သို့ရာတွင် ဤသားအမိနှစ်ယောက်ကမူ ဝင်လာပြီးနောက် ချက်ချင်း လက်ဖက်ရည်နှစ်အိုး မှာခဲ့သည်။

"သူတို့က လမ်းဟိုဘက်က 'မူလ ပထမ' လက်ဖက်ရည်ဆိုင်ပိုင်ရှင်ရဲ့ အမျိုးသမီးနဲ့သားလေ"

ထိုအခါ အခြားဝန်ထမ်းတစ်ယောက်က ရောက်လာပြီး ရှင်းပြလိုက်၏။

"အရင်က ကျွန်တော် သူတို့ဆိုင်မှာ လုပ်ဖူးတယ်။ သူတို့က အရမ်းတွန့်တိုတာ"

လက်ဖက်ရည်ဖျော်ရာ၌ သုံးရသော လက်ဖက်ခြောက်ပမာဏသည် လက်ဖက်ရည်အမျိုးအစားကိုလိုက်၍ ကွာခြားသည်။ သို့သော် ကျန်ဝမ်ရှန်း ဖျော်သည့် လက်ဖက်ရည်များကမူ အမြဲတမ်း အချိုးအဆ အတူတူပင် ဖြစ်သည်။

"သူတို့ဆိုင်က ဖူအာ လက်ဖက်ရည်တစ်အိုးက ယွမ်ခြောက်ရာကနေ ယွမ်ထောင့်သုံးရာကျော်အထိ ရှိတယ်။ ဒါပေမယ့် အဲဒီလက်ဖက်ရည် ဖျော်တိုင်း လက်ဖက်ခြောက် ဆယ့်ခြောက်ဂရမ်ပဲ အများဆုံးသုံးနေကျလေ"

ဝန်ထမ်းတစ်ယောက်က ပြောလိုက်၏။

ဖူအာ လက်ဖက်ခြောက်ရိုးရိုး ငါးရာဂရမ်သည် ယွမ်သုံးသောင်းမှ ယွမ်ငါးသောင်းအထိသာ ပေးရသည်။ သေချာတွက်ကြည့်ပါက ကျန်မိသားစု မည်မျှ အမြတ်ကြီးစားထားကြောင်း သိနိုင်လေ၏။

ချူးရုန်ကမူ ထိုကဲ့သို့ လက်ဖက်ရည်အပေါ် လေးစားမှုမရှိဘဲ ငွေရှာရန်သက်သက် အသုံးချသူများကို အလွန်မုန်းသည်။ သို့သော် သူ၏ ဘေးတွင်ရှိသော ကျင်းယွင်ကျောင်းက မျက်ခုံးပင့်၍ ပြုံးလိုက်ပြီး ...

"သူတို့က လိုချင်တယ်ဆိုမှတော့ ချပေးလိုက်ပါ။ သူတို့က လက်ဖက်ရည်ကို တန်ဖိုးမထားရင် သေချာပေါက် အရသာကိုလည်း နားလည်မှာ မဟုတ်ဘူး"

သူမတို့သည် ဆိုင်၏ဂုဏ်သတင်းနှင့် စားသုံးသူဧည့်သည့်များ၏ ယုံကြည်စိတ်ချမှုကို လိုချင်သေးသည်။ နေ့လည်နှစ်နာရီမထိုးခင် အားလုံး အခမဲ့ဟုပြောထားသောကြောင့် ထိုတောင်းဆိုချက်အား မငြင်းနိုင်ပေ။

သို့ရာတွင် မူလ ပထမ လက်ဖက်ရည်ဆိုင်မှ လူများသည် ဤနေရာသို့ အမှန်တကယ်ပင် လက်ဖက်ရည်သောက်ရန် ရောက်နေကြ၏။ အကယ်၍ အခြားသူများက ထိုအကြောင်းကိုသိသွားပါက မည်သို့တွေးမည်နည်း။

ကျင်းယွင်ကျောင်းသည် ချက်ချင်းပင် ဝန်ထမ်းတစ်ယောက်ကိုရှာကာ အနီးအနားပတ်ဝန်းကျင်သို့ လှည့်ပတ်သွား၍ သတင်းဖြန့်ခိုင်းလိုက်၏။

မကြာမီ ကျန်မျိုးနွယ် သားအမိမှာထားသည့် လက်ဖက်ရည်ကို ဝန်ထမ်းတစ်ယောက်က သွားပို့ပေးလိုက်လေသည်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Where stories live. Discover now