"နောက်ပိုင်းကျ စွန်းဝူခုန်းက နားရွက်ခြောက်ခုပါ ဘာဘရီမျောက်နဲ့တွေ့ပြီး မျောက်ဘုရင် အစစ်အတုကို အနောက်အရပ်မှာ ခွဲခြားဖို့ ကြိုးစားခဲ့တယ်၊ အနောက်အရပ်ကောင်းကင်ဘုံက ခဏလောက် ရှုပ်ထွေးသွားခဲ့ပြီး နတ်ဆိုးဝိညာဉ်အပိုင်းအစက အခွင့်ကောင်းယူပြီး လွတ်မြောက်သွားခဲ့တယ်၊ ဝိညာဉ်အပိုင်းအစက ပြည့်စုံမှုမရှိပဲ ရှုပ်ထွေးနေခဲ့တဲ့အတွက် သူ့မှတ်ဉာဏ်ထဲမှာ မျောက်ဘုရင်နှစ်ကောင် တိုက်ခိုက်နေတာကိုပဲ မှတ်မိနေခဲ့တယ်၊ ဒီမြင်ကွင်းကို မြင်ပြီးတာနဲ့ သူ့ဝိညာဉ်က ဟွကောတောင်ဆီ ပြန်ရောက်လာပြီး မျောက်ကလေးအဖြစ် အသွင်ပြောင်းသွားခဲ့တယ်"

ရှန့်ချောင် ခေါင်းညိတ်သည်။

ဒါရိုက်တာချန်က ထမင်းပန်ကန်လုံးကို ဘေးဘက်ရွှေ့လိုက်ရင်း

"သူ့ဝိညာဉ်က ပြီးပြည့်စုံမှု မရှိတာမို့ သူ့စိတ်အခြေအနေကလည်း ထိုးထွင်းသိမြင်နိုင်စွမ်းမရှိဘူး၊ ဒါ့အပြင် အဖေမရှိ၊ အမေမရှိ၊ ဆရာ မရှိ၊ သူငယ်ချင်းမရှိတဲ့အပြင် သူ့ကို သင်ကြားပြသပေးမယ့်သူလည်း မရှိဘူး၊ ကောင်းကင်ဧကရာဇ် သူ့ကို ကောင်းကင်နန်းတော်ဆီ ခေါ်လာတယ်ဆိုတာကလည်း သူ့မှာ ထူးဆန်းတဲ့ ကံတရားရှိမှန်း တွက်ဆမိလို့ပဲ"

"သူက လောကကျင့်ဝတ်တရားတွေကို နားမလည်ဘူး၊ စိတ်ထဲရှိရာ ပြောတတ်ပြီး ထင်တိုင်းကြဲတတ်တယ်၊ သူ့ကို ဟွကောတောင်က မျောက်တွေက ဖယ်ကြဉ်ထားခဲ့တဲ့အပြင် ကောင်းကင်နန်းတော်ရောက်တော့ ပိုလို့တောင် ရွံ့မုန်းခြင်း ခံရတယ်၊ ပေ့သိုနန်းတော်ထဲက ဂိုဏ်းတူအစ်ကိုတွေကိုပဲကြည့်၊ အခါအခွင့်သင့်တိုင်း သူ့ကို ရိုက်လေ့ရှိတယ်၊ အသက်အန္တရာယ်မထိခိုက်ဘူးဆိုပေမယ့် နာကျင်ရတာမျိုးပဲ၊ ဒီမျောက်ရိုင်းလေးအပေါ်ကို သူတို့ အထင်အမြင်သေးတယ်ဆိုတာ အသိသာကြီး၊ ထိုက်ရှန်းလောင်ကျွင့်ကရော သူ့ဆရာလား! မဟုတ်ဘူး၊ သူက စောင့်ကြည့်သူ သက်သက်ပဲ"

ဒါရိုက်တာ၏ ဆိုလိုရင်းကို ရှန့်ချောင် နားလည်သလိုလို ရှိလာသည်။

ဒါရိုက်တာချန်က ဆက်ပြောသည်။

"ဒါပေမယ့် ဒီလိုပတ်ဝန်းကျင်အခြေအနေမျိုးမှာ သူက လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် နေနိုင်တုန်းပဲ၊ သူ့အတွက်သူ ပျော်စရာတောင် ရှာလိုက်နိုင်သေးတယ်၊ ဒီလူတွေ သူ့အပေါ် ထားတဲ့ အထင်အမြင်သေးစိတ်၊ ရွံ့မုန်းစိတ်ကို လုံးလုံးနားမလည်နိုင်ဘူး၊ ပေ့သိုနန်းတော်ကို သူ့အိမ်အနေနဲ့ မှတ်ယူထားတယ်၊ အသိဉာဏ်မဖွံ့ဖြိုးသေးတဲ့အတွက် ဒီလိုကြောင်သူတော်အသိုင်းအဝိုင်းမှာ အရူးတစ်ယောက်လို သူ နေနေခဲ့တယ်"

GTKWF (Myanmar Translation )Where stories live. Discover now