Chapter 66.2

1.9K 258 14
                                    

{Unicode}

အပိုင်း ၆၆.

ရှက်ရွံ့စိတ်ကြောင့် ဟိုဒီလူးလွန့်ကာ ညလယ်ရောက်ချိန်မှသာ ရှန့်ချောင် အိပ်မောကျသွားသည်။ နောက်တစ်နေ့မနက်ခင်းတွင် ပေ့မင်းဖန်၏ ဖုန်းသံကြောင့် သူမ နိုးလာသည်။

မနက်ဖြန်နေ့လယ်ခင်းတွင် သူမ ဇာတ်ကားအကြိုဓါတ်ပုံရိုက်ရမည်ဖြစ်ကြောင်း ပေ့မင်းဖန်ဆိုကာ သူမဆံပင်ညှပ်ရန် အရင်ဆုံး ခေါ်သွားပေးပေမည်။

များစွာသော အမျိုးသမီးအနုပညာရှင်များမှာ ဆံပင်ရှည်များနှင့်ဖြစ်ကြောင်း ပေ့မင်းဖန်နားလည်သည်။ အထူးသဖြင့် ရှန့်ချောင်ကဲ့သို့သော ရှည်လျားမဲနက်တောက်ပြောင်သည့် ဆံနွယ်တို့က သူမ၏ ရုပ်ဆင်းသွင်ပြင်အတွက် အပေါင်းလက္ခဏာရပ်များဖြစ်သည်။

"ဆံပင်တုစွပ်ရင် ကြည့်လို့မကောင်းဘူး၊ ပြီးတော့ ရဲမေဆိုတာ ဆံပင်တိုနဲ့မှ သဘာဝကျတာပေါ့၊ မပူပါနဲ့၊ သိပ်မကြာခင် ပြန်ရှည်လာမှာ"

သူမ ဆန့်ကျင်စရာအကြောင်းမရှိကြောင်း ရှန့်ချောင် ဆိုသည်။

ဖန်းပိုင်က သူမကို ကားဖြင့် လာခေါ်ကာ ကျိုးခန်၏ ကိုယ်ပိုင်အလှပြင်ခန်းဆီ ခေါ်ဆောင်သွားသည်။ ဆံပင်ညှပ်ခြင်းအမှုအတွက် ကျိုးခန်က တာဝန်ယူသည်။ သူက မိတ်ကပ်နှင့် ဆံပင်ပညာရှင်ဖြစ်ပြီး ရှန့်ချောင်နှင့် လက်တွဲလာသည်မှာ ကြာမြင့်လှပြီးဖြစ်ကာ သူမ၏ မျက်နှာအနေအထားအပြင် စိတ်နေစိတ်ထားကိုပါ အရင်းနှီးဆုံးသူလည်း ဖြစ်သည်။

ရှန့်ချောင် မှန်ရှေ့ထိုင်လိုက်ပြီးနောက် ကျိုးခန်က သူမ၏ ဆံနွယ်ရှည်တို့ကို စုကိုင်ကာ အလယ်မှ ညှပ်ချလိုက်သည်။ သူမ မည်သို့မျှ သဘောမထားကြောင်း ရှန့်ချောင် ဆိုခဲ့သည့်တိုင် နှုတ်ခမ်းစွန်းတို့ တုန်ယင်သွားရပြီး အတွင်းစိတ်ထဲ၌ တိတ်တဆိတ် နှမြောကြီးစွာ ဖြစ်ရသည်။

သူမ ဆံနွယ်ရှည်တို့ မြေပေါ်ကျဆင်းသွားပြီးနောက် ကျိုးခန်က တဖြည်းဖြည်းချင်း ပုံသွင်းယူသည်။ ရှန့်ချောင် သူမကိုယ်သူမ မှန်ထဲကြည့်လိုက်ကာ အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားရသည်။

GTKWF (Myanmar Translation )Where stories live. Discover now